Friday, December 26, 2014

လက်ပံတောင်းတောင်ပဋိပက္ခတွင် လူသေဆုံးမှုနှင့် ပတ်သက်၍ ကျေနပ်လောက်သည့် ဖြေရှင်းပေးမှုမရှိပါက လွှတ်တော်သို့ အဆိုတင်မည်ဟုဆို



(လက်ပံတောင်းတောင်ပဋိပက္ခတွင် သေဆုံးသွားသူ ဒေါ်ခင်ဝင်း၏ ဈာပနအခမ်းအနားသို့ လိုက်ပါပို့ဆောင် နေသူများအား ဒီဇင်ဘာ ၂၅ ရက်က တွေ့ရစဉ် ၊ ဒီဇင်ဘာ ၂၅ ရက်က ပြုလုပ်သော လက်ပံတောင်း တောင် ပဋိပက္ခတွင် သေဆုံးခဲ့သည့် ဒေါ်ခင်ဝင်း၏ ဈာပနအခမ်းအနား၌ ဒေသခံများကို တွေ့ရစဉ် (ဓာတ်ပုံ-ဟိန်းမင်းထက်))

လက်ပံတောင်းတောင်ပဋိပက္ခတွင် လူသေဆုံးမှုနှင့်ပတ်သက်၍ နှစ်ပတ်အတွင်း ဖော်ထုတ်ဖြေရှင်း ပေးမည်ဟု တိုင်းဝန်ကြီးချုပ် ကတိပေးခဲ့သော်လည်း ကျေနပ်လောက်သည့် ဖြေရှင်းပေးမှု မရှိပါက လွှတ်တော်သို့ အဆိုတင်မည်ဟု NLD ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် က ဒီဇင်ဘာ ၂၅ ရက်တွင် ပြောကြားသည်။

ဒေါ်ခင်စန်းလှိုင်က မိမိအဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့သည့် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း စုံစမ်းရေး ကော်မရှင်အား လက်ပံတောင်းတောင်နှင့် ပတ်သက်၍ အစီရင်ခံစာတင်သွင်းရန် နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးခဲ့သော်လည်း လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခဖြစ်စဉ်များကို ဖြေရှင်းရာတွင် မိမိတို့ကော်မတီ ဟောင်းအနေဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးနှင့် တာဝန်ရှိသူများကို မိမိတို့အနေဖြင့် ဒီဇင်ဘာ ၂၄ ရက် တွင်တွေ့ဆုံကာ ပဋိပက္ခများအား ဖြေရှင်းပေးနိုင်မည့်အခြေအနေကို မေးမြန်းခွင့်ရရှိခဲ့ကြောင်း ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။

ထိုသို့တွေ့ဆုံစဉ် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးသာအေးက ဝမ်ပေါင်ကုမ္ပဏီမှ ခြံစည်းရိုး ခတ်မှုများကို ဆက်လက်ဆောင်ရွက်မည်မဟုတ်တော့ကြောင်း ကတိပေးခဲ့သည်ဟု ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။

“နောက်ပြီး ဝန်ကြီးချုပ်ကို ပစ်ခတ်လို့သေဆုံးမှုနဲ့ ပတ်သက်ပြီး ဖြေရှင်းပေးဖို့ မေးပါတယ်။ အဲဒီအခါမှာ ဝန်ကြီးချုပ်က အဲဒီကိစ္စစုံစမ်းဖို့ အဖြစ်မှန်စုံစမ်းဖော်ထုတ်ရေးအဖွဲ့ကို ဖွဲ့စည်းထားကြောင်း ပြောပါတယ်။ အဲဒီအဖွဲ့ရဲ့ အစီရင်ခံစာတင်သွင်းနိုင်ရန် အချိန်နှစ်ပတ်လောက်ကြာမယ်။ နှစ်ပတ်အတွင်းအဖြေ ထွက်မယ်လို့ ပြောတယ်။ အဲဒီတင်သွင်းလာတဲ့ အစီရင်ခံစာအပေါ်မူတည်ပြီး အရေးယူဖြေရှင်းမှုတွေ ပြုလုပ်ပေးမယ်လို့ ကတိပေးခဲ့ပါတယ်။ သို့ပေမဲ့ အဲဒီဖြေရှင်းချက်တွေက ဘယ်လောက်မှန်မလဲ၊ ဘယ်သူ့မှာ တာဝန်ရှိလဲ၊ ဘယ်လိုအရေးယူမှာလဲဆိုတာတွေ တိတိကျကျမသိခဲ့ရပါဘူး။ အဲဒီအဖွဲ့ဆိုတာလည်း အစိုးရဌာနဆိုင်ရာ ပုဂ္ဂိုလ်သုံးဦးနဲ့ ဖွဲ့စည်းထားတယ်။ သူတို့ရဲ့ အစီရင်ခံစာကို စောင့်ကြည့်ရမယ်။ အဖြေက ဘယ်လောက်မှန်မလဲ စောင့်ကြည့်မယ်။ ကျွန်မတို့ဆီမှာတော့ ခိုင်မာတဲ့သက်သေတွေ ရှိပြီးသားဖြစ်ပါ တယ်။ တကယ်လို့ ပြည်သူတွေကျေနပ်လောက်တဲ့ ဖြေရှင်းပေးမှုမရှိဘူးဆိုရင် လွှတ်တော်မှာ မေးခွန်း(သို့) အဆိုတင်မယ်။ မျှမျှတတဖြေရှင်းပေးဖို့အတွက် ပါ”ဟု NLD ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။

လက်ပံတောင်းတောင်ပဋိပက္ခကြောင့် လူသေဆုံးမှုနှင့်ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တရားမျှတမှုရှိစွာ မြန်မြန်ဆန်ဆန်ဖြေရှင်းပေးရန် ဒေသခံများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားရန်လည်း ရှိကြောင်း ဒေါ်ခင်စန်းလှိုင်က ဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၂ ရက်တွင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ခြံစည်းရိုးခတ်ရာမှ ဒေသခံတောင်သူများနှင့် ရဲတပ်ဖွဲ့ဝင်တို့ ပဋိပက္ခဖြစ်ပွားရာ အမျိုးသမီးတစ်ဦး သေဆုံးပြီး လူ ၄ဝ ခန့် ဒဏ်ရာများရရှိခဲ့သည်။

ဒီဇင်ဘာ ၂၃ ရက်တွင် လက်ပံတောင်းတောင်ပဋိပက္ခ ပိုမိုကြီးထွားလာပြီး မြန်မာဝမ်ပေါင်နှင့် ရဲတပ်ဖွဲ့မှ ထပ်မံဖြိုခွင်းရာ ဒေသခံနှစ်ဦး ထပ်မံဒဏ်ရာရရှိခဲ့သည်။

အလားတူ လက်ပံတောင်းတောင်စုံစမ်းရေးကော်မရှင်၏ အကြံပြုချက်များကို သမ္မတဖွဲ့စည်းခဲ့သည့် ကော်မတီက ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်း မရှိသည်ကို တွေ့ရှိရကြောင်းနှင့် လက်ပံတောင်းတောင်ပဋိပက္ခ လူသေဆုံးမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရန် NLD ပါတီ မှ ဒီဇင်ဘာ ၂၄ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

Eleven Media Group

No comments:

Post a Comment

My Blog List