Tuesday, December 23, 2014

တူနီးရှား ရွေးကောက်ပွဲ ယခင် အာဏာရှင်အစိုးရ ရာထူးထမ်းဆောင်ခဲ့သူ အနိုင်ရ


တူနီးရှားနိုင်ငံ၏ ပထမဆုံး လွတ်လပ်စွာ ကျင်းပသော ရွေးကောက်ပွဲတွင် ယခင်အာဏာရှင် အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့သူ ဘန်ဂျီစီအတ်စစီ ထောက်ခံမဲ ၅၅ ဒသမ ၅ ရာခိုင်နှုန်း ရရှိပြီး အနိုင်ရရှိသည်ဟု စစ်တမ်းများတွင် ဖော်ပြထားကြောင်း BBC သတင်းတွင် ရေးသားထားသည်။

အတ်စစီသည် အာရပ်နွေဦး တော်လှန်ရေးအတွင်း ရာထူးမှ ဖြုတ်ချခံခဲ့ရသည့် အာဏာရှင် ဘင်အလီ လက်ထက်တွင် အစိုးရ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

၎င်းအောင်မြင်မှုသည် ယခင် ခေတ်ဟောင်းသို့ ပြန်လှည့်သွားခြင်း ဖြစ်သည်ဟု ဝေဖန်သူများက ပြောကြားသော်လည်း မိမိမှာ တည်ငြိမ်မှု ရရှိအောင် လုပ်ဆောင်ပေးမည့် ပညာရှင် တစ်ယောက်သာ ဖြစ်သည်ဟု အတ်စစီက ပြောကြားသည်။

တူနီးရှားနိုင်ငံ၏ ကမ်းရိုးတန်းဒေသနှင့် ချမ်းသာသော ဒေသများက အတ်စစီကို ထောက်ခံပြီး ရှေးရိုးဆန်ပြီး ဆင်းရဲသားအများစု နေထိုင်သော တောင်ပိုင်းဒေသများက အခြားသော ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း ဖြစ်သူ မာဇူကီကို အဓိက ထောက်ခံကြသည်။

မဲရုံများ ပိတ်သိမ်းပြီးသည့် နောက်တွင် အတ်စစီကို ထောက်ခံသူများက ၎င်း၏ လောကီရေးရာ ဝါဒီ နီဒါ တူ ပါတီ ဌာနချုပ်ရှေ့တွင် အောင်ပွဲခံခဲ့ကြသည်။

သို့သော်လည်း ရွေးကောက်ပွဲရလဒ် ခန့်မှန်းရန်မှာ လွန်စွာ စောလွန်းနေကြောင်း မာဇူကီက ပြောကြားလိုက်ပြီး တရားဝင် ရွေးကောက်ပွဲ ရလဒ်များကို ယခုအချိန်ထိ ထုတ်ပြန်ရခြင်း မရှိသေးပေ။

ထို့အပြင် ရွေးကောက်ပွဲ အောင်နိုင်ကြောင်း ထုတ်ပြန်ချက်မှာ အခြေအမြစ် မရှိကြောင်း မာဇူကီ၏ ပြောရေးဆိုခွင့် ရှိသူက ပြောကြားသည်။

မာဇူကီသည် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ဖြစ်ပြီး ယခင် အာဏာရှင်ဟောင်း ဘင်အလီ လက်ထက်တွင် ပြည်ပတွင် နေထိုင်ရန် ဖိအားပေးခံရသူ ဖြစ်ကာ ၂၀၁၁ ခုနှစ် တော်လှန်ရေး အပြီးတွင် ကြားဖြတ်သမ္မတ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

တူနီးရှားနိုင်ငံသည် အာရပ်နွေဦး တော်လှန်ရေး စတင်ပေါက်ဖွားရာ နိုင်ငံဖြစ်ပြီး ဒေသတွင်းရှိ အခြားသော နိုင်ငံများတွင်လည်း တော်လှန်ရေး ဖြစ်ပွားအောင် ရှေ့ဆောင်နိုင်ခဲ့သည့် နိုင်ငံဖြစ်သည်။

ပြီးခဲ့သည့် နှစ်အတွင်း အတည်ပြုခဲ့သည့် တူနီးရှား အခြေခံဥပဒေသစ်တွင် သမ္မတ၏ အာဏာကို ကန့်သတ်ထားပြီး လက်နက်ကိုင်တပ်ဖွဲ့ အကြီးအကဲအဖြစ် တာဝန်ယူရမည် ဖြစ်သော်လည်း စစ်အရာရှိကြီးများ ခန့်အပ်မှု၊ ရာထူးဖယ်ရှားမှုကို ဝန်ကြီးချုပ်ကို တိုင်ပင်ပြီးမှ လုပ်ဆောင်နိုင်မည် ဖြစ်သည်။

ထို့အပြင် နိုင်ငံခြားရေးရာ မူဝါဒ ချမှတ်ခြင်း၊ စာချုပ်များ ချုပ်ဆိုခြင်းများကိုလည်း ဝန်ကြီးချုပ်နှင့် တိုင်ပင်ပြီး လုပ်ဆောင်ရမည် ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

My Blog List