Monday, December 22, 2014

မလွှဲတောင် ဓားပြတိုက်မှု တစ်ပတ်ကျော်ကြာသည်အထိ လက်သည်မပေါ်သေး


တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် မလွှဲတောင် လမ်းပိုင်းတွင် ဒီဇင်ဘာလ ၁၀ ရက်နေ့ ညက ထားဝယ်-ရန်ကုန် ခရီးသည်ယာဉ် ဓားပြတိုက်ခံရပြီး အခင်းဖြစ်သည့် နေရာသို့ ရောက်လာသည့် KNLA မှ ဗိုလ်တစ်ဦးနှင့် တပ်သားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရမှု ဖြစ်ပြီး တစ်ပတ်ကျော်ကြာသည်အထိ လက်သည်မပေါ်သေးဟု ကေအင်န်ယူ တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင် ဆက်ဆံရေးရုံးနှင့် မွန်ပြည်သစ် ပါတီထံမှ စုံစမ်းသိရှိရသည်။

အခင်းဖြစ်ပွားသည့် နေရာတစ်ဝိုက်တွင် မြန်မာ့တပ်မတော်က နယ်မြေရှင်းလင်းမှု လုပ်ဆောင်နေပြီး ကေအင်န်ယူနှင့် မွန်ပြည်သစ်ပါတီတို့က စုံစမ်းထောက်လှမ်းမှုများ ပြုလုပ်နေသည် ဆိုသော်လည်း လက်ရှိအချိန်အထိ မည်သည့်အဖွဲ့အစည်းကမှ ယင်းဓားပြမှု၏ လက်သည်ကို မဖော်ထုတ်နိုင်သေးပေ။

“အခုထိတော့ ဘာမှ မကြားရသေးဘူး။ ဓားပြအဖွဲ့လို့ပဲ သတ်မှတ်ထားသေးတယ်။ အဲဒါကို ဘယ်လို ဆက်လုပ်သွားမလဲ ဆိုတာကတော့ မပြောတတ်သေးဘူး” ဟု ကေအင်န်ယူ တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင် ဆက်ဆံရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တနင်္သာရီတိုင်းဒေသကြီး အစိုးရဘက်မှလည်း နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေသည် ဆိုသည်မှလွဲ၍ တစ်စုံတစ်ရာ သတင်းကြားရခြင်း မရှိကြောင်း အထက်ပါ တာဝန်ရှိသူက ပြောသည်။

မလွှဲတောင် ဓားပြတိုက်မှု၏ လက်သည်များသည် မွန်ဓားပြအဖွဲ့ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည်။

ဒီဇင်ဘာ ၁၇ ရက်နေ့ ရက်စွဲဖြင့် ဖော်ပြသည့် မဇ္ဈိမသတင်းဌာန၏ အင်တာနက် စာမျက်နှာတွင်မူ ဓားပြအဖွဲ့နှင့် နီးစပ်သူတစ်ဦးကို ကိုးကားပြီး မလွှဲတောင်တွင် ဓားပြတိုက်သူများသည် နိုင်အလွန်နှင့် နိုင်အဆောင်းတို့ ညီအစ်ကို ဦးဆောင်သည့် ရေဖြူမြို့နယ် အခြေစိုက် ဓားပြအဖွဲ့ ဖြစ်သည်ဟု ဖော်ပြထားသည်။

အဆိုပါ ညီအစ်ကိုသည် လက်ရှိတွင် တနင်္သာရီတိုင်းအတွင်း ထွက်ပြေး တိမ်းရှောင်နေသည်ဟုလည်း ယင်းသတင်းဌာန၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

ယင်းဒေသတစ်ဝိုက်တွင် လှုပ်ရှားနေသည့် မွန်ဓားပြအဖွဲ့များသည် မွန်ပြည်သစ် ပါတီနှင့် အစိုးရ အပစ်အခတ်ရပ်စဲပြီး နောက်ပိုင်းတွင် အခွင့်ကောင်းယူကာ ဖွဲ့လာသည့် အဖွဲ့များဖြစ်ပြီး မွန်ခွဲထွက်အဖွဲ့ မဟုတ်သည့်အပြင် မွန်ပြည်သစ်ပါတီကို ဝင်ဖူးသူများပင် မဟုတ်ဟု မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပြည်တွင်းရေးရာဌာန တာဝန်ခံ နိုင်ဝင်းလှက ပြောကြားသည်။

“အဲဒီဒေသမှာ ဖြစ်ပွားနေတဲ့ ဓားပြတိုက်မှုတွေနဲ့ ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းဖို့ ဆိုတာ မွန်ပြည်သစ်ပါတီနဲ့ အစိုးရ အပစ်အခတ်ရပ်စဲရေး လုပ်တုန်းက သဘောတူညီချက်ထဲမှာ အဲဒီနယ်မြေဟာ မွန်ပြည်သစ်ပါတီ လှုပ်ရှားခွင့် မရှိတဲ့ နယ်ဖြစ်တယ်။ အဲဒါကြောင့် အစိုးရတပ်နဲ့ ညှိနှိုင်းတိုင်ပင်ပြီး လုပ်ရတဲ့အတွက် ကိုင်တွယ်ဖြေရှင်းမှုက နှောင့်နှေးနေရတာ ဖြစ်တယ်” ဟု နိုင်ဝင်းလှက ဆိုသည်။

အဆိုပါ ဓားပြမှုမတိုင်ခင် တစ်လကျော်က ရေဖြူမြို့နယ်၊ ကျွဲသုံးညီမ ကျေးရွာအုပ်စုတွင် မွန်အမျိုးသား ပြန်လည်ထူထောင်ရေးနှင့် လွတ်မြောက်ရေး တပ်မတော်မှ တပ်မှူးဆိုသူက ကျေးရွာအုပ်ချုပ်ရေးမှူးထံ စာပို့ပြီး ငွေကျပ် သိန်း ၄၀၀ ပေးရန် ဆက်ကြေးတောင်းခဲ့ဖူးသည်။

(Dawei Watch)

The Voice Weekly 

No comments:

Post a Comment

My Blog List