Tuesday, December 23, 2014

၂၀၁၃-၂၀၁၄ စည်းကြပ်နှစ်အတွက် ထိပ်တန်းအခွန်ထမ်းဆောင်သူ ၁၀၀၀ စာရင်းထုတ်ပြန်၊ ၀င်ငွေခွန် အများဆုံးပေးဆောင်သူ ၁၀၀၀ စာရင်းတွင် ကျပ် ၁၇ ဘီလျံကျော်ပေးဆောင်ထားသည့် ကမ္ဘောဇဘဏ်က ထိပ်ဆုံး၌ ရပ်တည်ပြီး ပေးဆောင်သင့်သည့်အခွန်ထက် လျော့နည်းပေးဆောင်ထားသော ကုမ္ပဏီများစွာတွေ့ရှိ


၂၀၁၃-၂၀၁၄ စည်းကြပ်နှစ်တွင် နိုင်ငံအတွက် အခွန်ပမာဏအများဆုံးပေးဆောင်ထားသော ၀င်ငွေခွန်ထိပ်တန်းပေးဆောင်သူ ၁၀၀၀ စာရင်းနှင့် ကုန်သွယ်ခွန်ထိပ်တန်းပေးဆောင်ထားသူ ၁၀၀၀ စာရင်းတို့ကို ပြည်တွင်းအခွန်ဦးစီးဌာန၀က်ဘ်ဆိုက်တွင် ဒီဇင်ဘာ ၂၂ ရက်ကထုတ်ပြန်ခဲ့သည်။

ဝင်ငွေခွန်အများဆုံးပေးဆောင်သူ ထိပ်တန်း ၁၀၀၀ ဦးစာရင်းတွင် ကျပ် ၁၇ ဘီလျံ ကျော်ပေးဆောင်ထားသော ကမ္ဘောဇဘဏ်လီမိတက်က ထိပ်ဆုံး၌ရပ်တည်လျက်ရှိကြောင်း စာရင်းတွင်ဖော်ပြထားသည်။

ယခင်နှစ်များက ထိပ်တန်းအခွန်ထမ်းစာရင်းထုတ်ပြန်ခဲ့ရာတွင်မပါဝင်ခဲ့သည့် ကုမ္ပဏီကြီးအချို့ ယခုထုတ်ပြန်သည့်ထိပ်တန်းအခွန်ထမ်း ၁၀၀၀ စာရင်းတွင်ပါဝင်လာခဲ့ကြောင်း၊ သို့သော် ကုမ္ပဏီကြီးများအလိုက် မိမိတို့ပေးဆောင်သင့်သည့် အခွန်ပမာဏထက် လျော့နည်းပေးဆောင်ထား သည်ဟုယူဆရသော ကုမ္ပဏီများစွာကိုလည်းတွေ့ရှိရသည်။

ဝင်ငွေခွန်ထိပ်တန်းအခွန်ထမ်းစ ၁၀၀၀ စာရင်း၏ ထိပ်ဆုံးငါးဦးတွင် ကမ္ဘောဇဘဏ်၊ အေးရှားဝေါလ်၊ ရွှေတောင်၊ မက်စ်မြန်မာ၊ ကမ္ဘာ့ရတနာဘဏ်တို့က အစဉ်လိုက်ရပ်တည်လျက်ရှိသည်။ 

ကုန်သွယ်လုပ်ငန်းခွန် ထိပ်တန်း ၁၀၀၀ စာရင်း၏ထိပ်ဆုံးတွင် Myawaddy Trading Co.,Ltd က ရပ်တည်လျက်ရှိသည်။ ၀င်ငွေခွန်ထိပ်တန်း ၁၀၀၀ စာရင်းကိုထုတ်ပြန်ရာတွင် ကျပ်သန်းပေါင်း ၁၇၀၀၀ နှင့်အထက် ပေးဆောင်ထားသူမှစ၍ ကျပ်သန်း ၅၀ အောက်ပေးဆောင်ထားသူများအထိ အလွှာလိုက် ခွဲခြားထုတ်ပြန်ထားသည်။

ကုန်သွယ်လုပ်ငန်းခွန်ထိပ်တန်း ၁၀၀၀ စာရင်းကိုလည်း ကျပ်သန်း ၁၀၀၀၀ အထက်ပေးဆောင်ထား သူမှစ၍ ကျပ်သန်း ၅၀ အောက်ပေးဆောင်ထားသူများအထိ အလွှာလိုက် ခွဲခြားထုတ်ပြန် ထားခြင်းဖြစ်သည်။

ဝင်ငွေခွန်ထိပ်တန်း ၁၀၀၀ ဟုဆိုသော်လည်း ကျပ်သိန်း ၁၀၀၀ နှင့်အထက်ပေးဆောင်ထားသည့် ကုမ္ပဏီ၊ လုပ်ငန်းရှင်စုစုပေါင်းမှာ ၂၁၀ အထိသာရှိပြီး ကျပ်သိန်း ၁၀၀၀ အောက်သာပေးဆောင်သည့် ကုမ္ပဏီပေါင်းမှာ ၁၃၉ ခုအထိရှိပြီး ကျပ်သိန်း ၅၀၀ အောက်သာပေးဆောင်ထားသည့်ကုမ္ပဏီမှာ ၆၅၁ အထိရှိရာ ကျပ်သိန်း ၅၀၀ အောက်သာပေးဆောင်သည့်ကုမ္ပဏီမှာ အများဆုံးဖြစ်ခဲ့သည်။

အဆိုပါ ကျပ်သိန်း ၁၀၀၀ နှင့် ကျပ်သိန်း ၅၀၀ အောက်သာပေးဆောင်သောကုမ္ပဏီများထဲတွင် နာမည်ကြီးကုမ္ပဏီအများအပြားပါဝင်နေသည့်အတွက်လည်း ထိပ်တန်းစာရင်းတွင် ပါဝင်လာသည်ဟု ဆိုသော်လည်း ဆောင်သင့်ဆောင်ထိုက်သည့်အခွန်ပမာဏအတိုင်း ပေးဆောင်မှုဟုတ်မဟုတ် အခွန်ပေးဆောင်ထားသည့်လုပ်ငန်းရှင်များက ထောက်ပြခဲ့ခြင်းဖြစ်သည်။

Eleven Media Group သည် ၀င်ငွေခွန် ထိပ်တန်း ၁၀၀၀ စာရင်းတွင် အဆင့် ၁၅၀ တွင်ရပ်တည် လျက်ရှိပြီး Eleven Group Trading Co.,Ltd သည် အဆင့် ၄၂၇ တွင်ရပ်တည်လျက်ရှိသည်။ Eleven Media Group အနေဖြင့် ကုန်သွယ်လုပ်ငန်းခွန် ၁၀၀၀ စာရင်း၌ အဆင့် ၁၆၄ တွင်ရပ်တည်ခဲ့ပြီး ယခုထုတ်ပြန်သည့်စာရင်းအပါအ၀င် သုံးနှစ်ဆက်တိုက်ထုတ်ပြန်ခဲ့သည့် ထိပ်တန်းအခွန်ထမ်း စာရင်းတွင်ပါဝင်ခဲ့ခြင်းဖြစ်သည်။

သို့သော် AGD ဘဏ်၏ရှယ်ယာများကိုဝယ်ယူရန်ပြင်ဆင်ရာတွင် ပါဝင်ခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့သော နာမည်ကျော် Mikko ကုမ္ပဏီသည် ၀င်ငွေခွန်ထိပ်တန်း ၁၀၀၀ စာရင်းတွင် ကျပ်သိန်း ၅၀၀ အောက်သာပေးဆောင်ထားသော အဆင့် ၆၅၉ တွင်သာ ရပ်တည်ခဲ့သည်။
လက်ရှိ UMFCCI ၏ဥက္ကဋ္ဌ ဦးဝင်းအောင်ပိုင်ဆိုင်သော Dagon International ကုမ္ပဏီမှာလည်း ၀င်ငွေခွန်စာရင်းတွင် ကျပ်သိန်း ၁၀၀၀ အောက်သာပေးဆောင်ထားပြီး အဆင့် ၂၁၈ တွင်ရပ်တည်ခဲ့ပြန်သည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးနေ၀င်းထွန်း၏ကုမ္ပဏီဖြစ်သော Ruby Dragon Mining ကုမ္ပဏီသည်လည်း ၀င်ငွေခွန်စာရင်းတွင် ကျပ်သိန်း ၅၀၀ အောက်သာပေးဆောင်ထားပြီး အဆင့် ၄၃၉ တွင်ရပ်တည်ခဲ့သည်။ (ကျောက်စိမ်းနဂါးအမည်ဖြင့်ကုမ္ပဏီမှာမူ ကုန်သွယ်လုပ်ငန်းခွန် ၁၀၀၀ တွင် အဆင့် ၈၀ ၌ရပ်တည်)
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး နာမည်ကျော်လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဇေကမ္ဘာဦးခင်ရွှေ၏ ဇေကမ္ဘာကုမ္ပဏီသည်လည်း ၀င်ငွေခွန်စာရင်းတွင် ကျပ်သိန်း ၁၀၀၀ အောက်သာပေးဆောင်ထားပြီး အဆင့် ၂၇၆ တွင် ရပ်တည်ခဲ့ပါသည်။

တော်ဝင်စင်တာအပါအ၀င် ဆောက်လုပ်ရေးလုပ်ငန်းကြီးများလုပ်ကိုင်နေသည့် တော်ဝင်မိသားစုကုမ္ပဏီသည်လည်း ၀င်ငွေခွန်စာရင်းတွင် ကျပ်သိန်း ၂၀၀၀ အောက်သာပေးဆောင်ထားပြီး အဆင့် ၁၇၈ ၌သာ ရပ်တည်ခဲ့သည်။

ကျော်သာဆောက်လုပ်ရေးကုမ္ပဏီသည်လည်း ၀င်ငွေခွန်စာရင်းတွင် ကျပ်သိန်း ၂၀၀၀ အောက်သာပေးဆောင်ထားပြီး အဆင့် ၁၈၀ ၌သာရပ်တည်ခဲ့သည်။

ဦးအောင်သောင်း၏သား ဦးနေအောင်ဦးဆောင်လုပ်ကိုင်လျက်ရှိသည့် ယူနိုက်တက်အမရာဘဏ် သည်လည်း ကျပ်သိန်း ၂၀၀၀ အောက်သာပေးဆောင်သည့်စာရင်းတွင် ပါဝင်လာပြီး အဆင့် ၁၇၀ တွင်သာရပ်တည်လျက်ရှိသည်။

ကားထုတ်လုပ်ရေးလောကတွင်နာမည်ကြီးသော SSS ကုမ္ပဏီသည်လည်း ၀င်ငွေခွန်ပေးဆောင်သည့် စာရင်းတွင် ကျပ်သိန်း ၂၀၀၀ အောက်သာပေးဆောင်ထားပြီး အဆင့် ၁၈၅ ၌သာရပ်တည်ခဲ့သည်။

မန္တလေးဆောက်လုပ်ရေးကုမ္ပဏီများထဲတွင် နာမည်ကျော်ကုမ္ပဏီတစ်ခုဖြစ်သည့် နယူးစတားလိုက် ကုမ္ပဏီသည်လည်း ၀င်ငွေခွန်စာရင်းတွင် ကျပ်သိန်း ၂၀၀၀ အောက်သာပေးဆောင်ထားပြီး အဆင့် ၂၀၃ ၌ရပ်တည်ခဲ့ပြန်သည်။ သစ်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် Nature Timber ကုမ္ပဏီသည်လည်း ၀င်ငွေခွန်စာရင်းတွင် ကျပ်သိန်း ၂၀၀၀ အောက်သာပေးဆောင်ထားပြီး အဆင့် ၂၀၄ ၌သာရပ်တည်ခဲ့သည်။

သစ်တင်ပို့သည့်ကဏ္ဍတွင် နာမည်ကြီးကုမ္ပဏီတစ်ခုဖြစ်သည့် Wood Wold ကုမ္ပဏီသည်လည်း ၀င်ငွေခွန်စာရင်းတွင် ကျပ်သိန်း ၁၀၀၀ အောက်သာပေးဆောင်ထားပြီး အဆင့် ၂၂၇ တွင်ရပ်တည်ခဲ့သည်။

အီလက်ထရွန်နစ်ပစ္စည်းများ တင်သွင်းဖြန့်ဖြူးရောင်းချရာတွင် နာမည်ကျော်ကုမ္ပဏီကြီးတစ်ခုဖြစ်သော TMW သည်လည်း ၀င်ငွေခွန်စာရင်းတွင် ကျပ်သိန်း ၁၀၀၀ အောက်သာပေးဆောင်ထားပြီး အဆင့် ၂၃၈ တွင်ရပ်တည်လျက်ရှိသည်။

ဒေါက်တာမြဟန်၏ Fortune International ကုမ္ပဏီသည်လည်း ၀င်ငွေခွန်စာရင်းတွင် ကျပ်သိန်း ၁၀၀၀ အောက်သာပေးဆောင်ထားပြီး အဆင့် ၂၄၆ ၌ရပ်တည်ခဲ့သည်။

Mr.Serge Pun ပါဝင်လုပ်ကိုင်လက်ရှိသည့် ရိုးမဘဏ်သည်လည်း ၀င်ငွေခွန်စာရင်းတွင် ကျပ်သိန်း ၁၀၀၀ အောက်ပေးဆောင်ထားပြီး အဆင့် ၃၂၅ တွင်ရပ်တည်လျက်ရှိသည်။

လက်ရှိ ဆက်သွယ်ရေးဒုတိယ၀န်ကြီးဦးသောင်းတင် ယခင်လုပ်ကိုင်ခဲ့သော KMD ကုမ္ပဏီမှာလည်း ၀င်ငွေခွန်စာရင်းတွင် ကျပ်သိန်း ၅၀၀ အောက်သာပေးဆောင်ထားပြီး အဆင့် ၆၃၂ တွင်ရပ်တည်ခဲ့ပါသည်။

ဆေးဝါးထုတ်လုပ်ရာတွင်နာမည်ကြီးသော ဒေါက်တာခင်မောင်လွင်၏ Fame ဆေးဝါးထုတ်လုပ်ရေး သည်လည်း ၀င်ငွေခွန်တွင် ကျပ်သိန်း ၅၀၀ အောက်သာပေးဆောင်ထားပြီး အဆင့် ၆၇၉ ၌သာရပ်တည်ခဲ့သည်။

ကုန်သွယ်လုပ်ငန်းခွန် ထိပ်တန်း ၁၀၀၀ စာရင်းတွင်လည်း ကျပ်သိန်း ၁၀၀၀ နှင့်အထက်ပေးဆောင်ခဲ့သည့် ကုမ္ပဏီ၊ လုပ်ငန်းရှင် စုစုပေါင်းမှာ ၂၉၅ ဦးသာရှိပြီး ကျပ်သိန်း ၁၀၀၀ အောက်ပေးဆောင်သော ကုမ္ပဏီပေါင်းမှာ ၁၇၄ ခုအထိရှိပြီး ကျပ်သိန်း ၅၀၀ အောက်ပေးဆောင်သော ကုမ္ပဏီပေါင်း မှာ ၅၃၁ ခုထိရှိသည့်အတွက် ထိပ်တန်းအခွန်ထမ်းစုစုပေါင်း၏ ရာခိုင်နှုန်း ၇၀ ကျော်မှာလည်း ကျပ်သိန်း ၁၀၀၀ အောက်သာပေးဆောင်သူများဖြစ်သည်။

Eleven Medai Group

No comments:

Post a Comment

My Blog List