Tuesday, December 23, 2014

ကချင်သုံးပါတီပေါင်းစည်းရေး ဒုတိယအကြိမ် အစည်းအဝေးဆွေးနွေးမှု မအောင်မြင်


       ကချင်နိုင်ငံရေးပါတီသုံးခုပေါင်းစည်းနိုင်ရေးအတွက် ဒုတိယအကြိမ်မြောက်အစည်းအဝေးကိုဒီဇင်ဘာ ၁၉ ရက်နေ့က မြစ်ကြီးနားမြို့ရှိ  YMCA ခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်းအောင်မြင်ခဲ့ခြင်းမရှိကြောင်း ကချင်ပါတီထိပ်ပိုင်းခေါင်းဆောင်အချို့ ပြောပြချက်အရသိရသည်။


       ထိုတွေ့ဆုံညှိနှိုင်းပွဲတွင် ကချင်ပါတီများဖြစ်သည့် ကချင်ဒီမိုကရက်တစ်ပါတီ ( Kachin DemocraticParty) ကချင် ပြည်နယ်ဒီမိုကရေစီပါတီ ( Kachin StateDemocracy Party) ကချင်အမျိုးသားဒီမိုကရေစီကွန်ရက် (KachinNational DemocracyCongress ) စသည့် နိုင်ငံရေးပါတီ သုံးပါတီ ဆွေးနွေးခဲ့သော်လည်း အထမြောက်အောင်မြင်ခြင်းမရှိကြောင်း၊ လာမည့် ၂၀၁၅ ခုနှစ်တွင် ကချင်လူထု၏ မဲများ ကစဥ့်ကလျား မပြန့်ကျဲစေရေးအတွက်ပေါင်းစည်းရေးကို အထူးတိုက်တွန်းကြောင်း၊ ကချင်ပြည်သူ့အသံ ဖော်ဆောင်ရေးကော်မတီကဒီဇင်ဘာ ၁၉ ရက်နေ့ နေ့စွဲဖြင့်အချက်ငါးချက်ပါ ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ကြေညာခဲ့သည်။

       ကချင်ဒီမိုကရေစီပါတီ ဥက်္ကဌဦးကွမ်ဂေါင်အောင်ခမ်းက ““တွေ့ဆုံဆွေးနွေးမှု မအောင်မြင်ခဲ့ပေမယ့်၊ကျွန်တော်တို့ KDP က လာမယ့်၂၀၁၅ ဇွန်လ ၅ ရက်နေ့ထိ သုံးပါတီပေါင်းစည်းနိုင်ရေးအတွက် ကြိုးပမ်းသွားမှာပါ””ဟုပြောသည်။

       ပါတီသုံးခု ပေါင်းစည်းနိုင်ရေးကို ဇွန်လ၅ရက်နေ့ထိ ဆောင်ရွက်နိုင်ခြင်းမရှိလျှင် ၂၀၁၅ ရွေးကောက်ပွဲနောက်ပိုင်းမှသာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း မိမိတို့ကချင်ဒီမိုကရေစီပါတီအနေဖြင့် လူထုဆန်္ဒကိုဦးစားပေးသည့်အနေဖြင့် ပေါင်းစည်းရေးကို ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဦးကွမ်ဂေါင်အောင်ခမ်းကဒီဇင်ဘာ ၂၁ရက်တွင် ပြောခဲ့သည်။

       ကချင်ပြည်နယ် ဒီမိုကရေစီပါတီ(KSDP)ဥက်္ကဌ ဦးမနာမ်တူးဂျာက ဒီဇင်ဘာ ၁၉ ရက်နေ့တွေ့ဆုံဆွေးနွေးသည့်ပွဲတွင် အချက်သုံးချက်ဖြင့်ဆွေးနွေးခဲ့ကြောင်း တစ်ပေါင်းတည်းပေါင်းစည်းရေး၊ ပါတီများဖျက်သိမ်းကာ ပါတီသစ်တစ်ခုဖွဲ့စည်းရေး၊ မဟာမိတ်အဖြစ်ပူးပေါင်းရေးတို့ဖြစ်ကြောင်း၊ မိမိတို့KSDP က ပထမအချက်မှာ မဖြစ်နိုင်ဟုဆွေးနွေးခဲ့ပြီး၊ ဒုတိယနှင့်တတိယအချက်ကို ဆွေးနွေးရန်ပြောဆိုခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း ဆက်လက်ပြောကြားသည်။

       ထို့အပြင် ယင်းနေ့အစည်းအဝေးတွင် KNDC ကချင်အမျိုးသားဒီမိုကရေစီကွန်ရက်မှ ဆုံးဖြတ်ချက်ချမှတ်နိုင်သူများတက် ရောက်ဆွေးနွေးခဲ့ခြင်းမရှိကြောင်း၊ နှစ်ပါတီသဘောတူရုံဖြင့်လည်း ပါတီသုံးခုသဘောတူညီသည်ဟု ပြောဆိုရန်မဖြစ်နိုင်ကြောင်း ဒီဇင်ဘာ ၂၁ရက်နေ့တွင် Venus News Weeklyသို့ ပြောသည်။

      KSDP ပါတီဥက်္ကဋ္ဌပြောဆိုချက်နှင့်ပတ်သက်၍ KNDC မှ ဦးအောင်လအား ဆက်သွယ်မေးမြန်းရာ ၄င်းမှာယင်းအစည်းအဝေးကိုတက်ရောက်ခဲ့ခြင်း မရှိကြောင်း၊ အစည်းအဝေးတွင် ဆွေးနွေးသည့်အကြောင်းအရာများကို မသိရှိကြောင်း ဒီဇင်ဘာ ၂၁ ရက်နေ့တွင်Venus News Weekly ၏ ဆက်သွယ်မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။

       ယခု ဒီဇင်ဘာတွေ့ဆုံမှု မတိုင်မီ KDP / KSDP / KNDC ပါတီတို့သည် ၂၀၁၄ ခုနစ် ဖေဖော်ဝါရီ ၂၅ရက်နေ့က မြစ်ကြီးနားမြို့ စီတာပူနှစ်ခြင်းကျောင်းတွင်လည်း တစ်ကြိမ်တွေ့ဆုံခဲ့သည်။

Venus News

No comments:

Post a Comment

My Blog List