Wednesday, December 24, 2014

ကျောက်စိမ်းဈေးသစ်သို့ မပြောင်းရွှေ့လိုကြောင်း မန္တလေးမြို့ မဟာအောင်မြေ ကျောက်ဝိုင်းမှ သောင်းနှင့်ချီသော ကျောက်သမားများ ဆန္ဒပြ


မန္တလေးမြို့ အမရပူရမြို့နယ်တွင် တည်ဆောက်လျက်ရှိသော ကျောက်စိမ်းဥယျာဉ် အတွင်းရှိ ကျောက်စိမ်းဈေးသစ်သို့ မပြောင်းရွှေ့လိုကြောင်း သောင်းနှင့်ချီသော ကျောက်သမားများက ဒီဇင်ဘာ ၂၃ ရက်တွင် လမ်းလျှောက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

အကယ်၍ ကျောက်စိမ်းဈေးသစ်သို့ ပြောင်းရွှေ့ရမည် ဆိုပါက သွားရေးလာရေး အဆင်မပြေမှု ဖြစ်မည့်အပြင် လုံခြုံရေးအတွက်ပါ စိတ်ချရသည့် အနေအထား မရှိကြောင်း၊
ကျောက်သမား အပါအ၀င် ကျောက်ဝိုင်းအား မှီခိုလုပ်ကိုင် စားသောက်နေသူ အခြေခံလူတန်းစား ငါးသိန်းနီးပါးမှာ အခက်အခဲများ ဖြစ်ပေါ်မည်ဖြစ်ကြောင်း ကျောက်ဝိုင်းမပြောင်းရွှေ့ရေးနှင့် အဆင့်မြှင့်တင်ရေး ကော်မတီ (ယာယီ) မှဥက္ကဋ္ဌ ဦးသန်းဝင်းက ပြောကြားသည်။

“တိုင်းအတွက်ရော၊ ပြည်အတွက်ရော အကျိုးရှိဖို့လို့ ပြောပြီး အခြေခံ လူတန်းစားတွေကို ဖိနှိပ်တာကို ကျွန်တော်တို့ အနေနဲ့ လုံးဝ လက်မခံပါဘူး” ဟု ဆန္ဒပြရာတွင် ပါဝင်သည့် ၀ါရင့်ကျောက်သမား တစ်ဦးဖြစ်သူ ဦးမောင်မောင်ပွားက ပြောကြားသည်။

အဆိုပါ ကျောက်စိမ်းဈေးအသစ်မှာ ဦးစိုးနိုင်ဆိုသည့် ကျောက်စိမ်းကုမ္ပဏီပိုင်ရှင် တစ်ဦးက အာဏာပိုင်များနှင့် ပေါင်းကာ ၎င်း၏ အကျိုးစီးပွားအတွက် ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင်လည်း ကျောက်ဝိုင်းအနေဖြင့် စည်ပင်သာယာရေး ကော်မတီသို့ နှစ်စဉ်အခွန်ငွေ ကျပ်သိန်းတစ်ထောင်ကျော် ပေးသွင်းလျက်ရှိပြီး အဆိုပါ ငွေကြေးများဖြင့် ကျောက်ဝိုင်းအား မည်သည့်တစ်စုံတစ်ရာမျှ ပြန်လည်လုပ်ဆောင်ပေးခြင်း မရှိသောကြောင့် မြို့တော်ဝန်နှင့် ကော်မတီဝင်များသည် အလွဲသုံးစားပြုလုပ်ထားခြင်း ဖြစ်နိုင်ကြောင်းနှင့် ပြည်ထောင်စုအစိုးရ အနေဖြင့် ကွင်းဆင်းစစ်ဆေး အရေးယူသင့်ကြောင်းလည်း ကျောက်သမားများက ပြောကြားသည်။

လက်ရှိ အကောင်အထည်ဖော်နေသော အမရပူရမြို့နယ် ဆင်ရွာမြင်းမူကျေးရွာတွင် ကျောက်စိမ်းစေတီနှင့် ကျောက်မျက်ဈေးအနီး၌ ကျောက်စိမ်းဥယျာဉ်အဖြစ် တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ ကျောက်စိမ်းဥယျာဉ်တွင် ပန်းခြံ၊ ဆေးရုံ၊ လူနေအဆောက်အအုံနှင့် အလုပ်သမားများ နေထိုင်ရန် ငါးထပ်အဆောက်အအုံ ပါဝင်မည်ဖြစ်ကာ ဇုန်လေးဇုန်ဖြင့် ခွဲခြားအကောင်ထည် ဖော်သွားမည်ဖြစ်ကြောင်း စည်ပင်သာယာရေး ၀န်ကြီးဌာန ၀န်ကြီး ဦးအောင်မောင်းက တိုင်းဒေသကြီးလွှတ်တော်၌ အဆိုတင်သွင်းခဲ့ပြီး မည်သူ့ထံကမျှ သဘောတူညီချက် ရယူသွားမည် မဟုတ်ကြောင်း သတင်းထောက်များကို ပြောကြားသည်။

“ကျွန်တော်တို့ အနေနဲ့ ကျောက်စိမ်းဥယျာဉ် တည်ဆောက်တာကို ကန့်ကွက်နေတာ မဟုတ်ပါဘူး။ လက်ရှိကျောက်ဝိုင်းကို မပြောင်းဖို့အတွက်ဘဲ ဆန္ဒထုတ်ဖော်နေတာပါ။ တိုင်းဒေသကြီး လွှတ်တော်ကလည်း ကန့်ကွက်မှု မရှိဘဲ လက်ခံခဲ့တယ်။ ကျွန်တော်တို့အနေနဲ့ ပြည်ထောင်စုလွှတ်တော်ကိုပဲ အားကိုးရတော့မှာပါ” ဟု ဆန္ဒပြရာတွင်ပါဝင်သူ ဦးသိန်းအောင်မြင့်က ပြောကြားသည်။

Eleven Media Group 

No comments:

Post a Comment

My Blog List