Thursday, December 25, 2014

ဗိုလ်ရှုခံအခမ်းအနားသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များဖိတ်ကြားမည်


 
နိုင်ငံတော်သမ္မတမြေး၊အဘိုးနှင့် အစမ်းလေ့ကျင့်နေသော ဗိုလ်ရှုခံစစ်ကြောင်းများ (ဓာတ်ပုံ - အောင်ပိုင်မင်း)

နိုင်ငံတော်သမ္မတအား မြန်မာ့တပ်မတော်မှ ချီတက်အ လေးပြုမည့် ဗိုလ်ရှုခံအခမ်းအနား တက်ရောက်ရန် ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒ ရယ်ကောင်စီ (UNFC) နှင့် ကရင် အမျိုးသားအဖွဲ့ အစည်း(KNU) ဥက္ကဋ္ဌ၊ ကေအိုင်အေ ထိပ်ပိုင်း ခေါင်းဆောင်များအပါအ၀င် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များကို ဖိတ်ကြားရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

နှစ်ပေါင်း ၅၀ ကျော်ကာလ အတွင်း ပထမဆုံးအကြိမ် ပြန် လည်ပြုလုပ်သော ဗိုလ်ရှုခံအခမ်း အနားကို လာမည့်ဇန်န၀ါရီ ၄ ရက် (လွတ်လပ်ရေးနေ့)တွင် နေ ပြည်တော်၌ ကျင်းပသွားမည်ဖြစ် သည်။ ယင်းအခမ်းအနားသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၅ဖွဲ့မှ ခေါင်းဆောင်များကို ဖိတ်ကြားသွားရန် အစိုးရက စီစဉ်နေခြင်းဖြစ်သည်။ လွတ်လပ်ရေးနေ့ ဗိုလ်ရှုသဘင်အခမ်းအနားနှင့် ညစာစားပွဲ ဖိတ်ကြားသင့်သူများစာရင်း (မူကြမ်း) တွင် KNU မှ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၊ ၀ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSP/UWSA)မှ ဦးပေါက်ယူချန်း၊ UNFC ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသည့် ကေအိုင်အေမှ ဒုဗိုလ်ချုပ်ကြီး အင်ဘန်လနှင့် ဗိုလ်ချုပ်ဂွန်မော်၊ ချင်းအမျိုးသားတပ်ဦး (CNF) ပူဇင်ကျုံးနှင့် ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းတို့ ပါဝင်နေသည်။

ထို့အပြင် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SS-PP)၊ ရခိုင်လွတ်မြောက်ရေးပါတီ(ALP)၊ မိုင်းလား(NDAA)၊ မွန်ပြည်သစ်ပါတီ၊ ကျောင်းသားတပ်မတော် (ABSDF)၊ DKBA၊ ငြိမ်းချမ်းရေးကောင်စီ (PC)၊ ကယန်း(KNPP)၊ နာဂ (NSCNK)၊ ပအိုဝ်း(PNLO)စသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ထိပ်ပိုင်းခေါင်းဆောင်များလည်း ပါဝင်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ CNF အဓိပတိကောင်စီဝင် ဒေါက်တာဆလိုင်းက ‘‘ဖိတ်ကောင်းဖိတ်နိုင်ပါတယ်။ ဒါပေမဲ့ အခုထိ တရားဝင်သေသေချာချာ မသိသေးပါဘူး။ ဖိတ်ကြားတာမရှိသေးပါဘူး’’ဟု ပြောသည်။

ဗိုလ်ရှုသဘင် အခမ်းအနား တက်ရောက်ရန် ဖိတ်ကြားသင့်သူ များစာရင်း (မူကြမ်း)တွင် ရက္ခိုင့် တပ်မတော် (AA)နှင့် တအောင်းအမျိုးသားလွတ် မြောက်ရေးတပ်မတော် (TNLA) တို့ ပါဝင်ခြင်း မရှိပေ။

7Day Daily

No comments:

Post a Comment

My Blog List