Monday, December 22, 2014

အမျိုးသားထောက်လှမ်းရေး ကဲ့သို့သော ထောက်လှမ်းရေး အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းရန်စီစဉ်


နိုင်ငံတကာမှ ဘာသာရေး အစွန်းရောက် အကြမ်းဖက်သမားများ ပြည်တွင်းသို့ ဝင်ရောက်လှုပ်ရှားမှု မရှိစေရန်နှင့် အကြမ်းဖက်သမားများ၏ သတင်းအချက်အလက်များ ကြိုတင်သိရှိရန်အတွက် အမျိုးသား ထောက်လှမ်းရေး အဖွဲ့နှင့် လုပ်ငန်းတူ အဖွဲ့အစည်းတစ်ခုကို ထောက်လှမ်းရေး အဖွဲ့အစည်းများ ပူးပေါင်း ဖွဲ့စည်းရန် စီစဉ်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတရုံး အကြီးတန်း အရာရှိတစ်ဦးက ပြောကြား သည်။

အဆိုပါအဖွဲ့တွင် စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့၊ သတင်းတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၊ နိုင်ငံတော်သမ္မတရုံးနှင့် အခြားသော ဆက်စပ် အဖွဲ့အစည်းများ ပါဝင်ကြောင်း ၎င်းကဆိုသည်။

၂၀၁၃ ခုနှစ် နိုဝင်ဘာလ အတွင်းက ကျင်းပခဲ့သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က နိုင်ငံတော်လုံခြုံရေးနှင့် အကြမ်းဖက်မှုမှ ကာကွယ်ရန် အမျိုးသားထောက်လှမ်းရေး အဖွဲ့တစ်ခု အမြန်ဆုံးဖွဲ့သင့်ကြောင်း အဆိုတင်သွင်းခဲ့ရာ တိုင်းဒေသကြီး လွှတ်တော်က အတည်ပြုခဲ့ပြီး တိုင်းဒေသကြီးအစိုးရမှ ပြည်ထောင်စု အဆင့်သို့ တင်ပြပေးသွားမည် ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းက ပြောကြားခဲ့ သည်။

“နံရံတိုင်းတွင် နားများရှိသည်” ဟု ကြွေးကြော်ခဲ့သော တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် ထိန်းသိမ်းခံရပြီး ရက်ပိုင်းအကြာတွင် ထောက်လှမ်းရေး အဖွဲ့အစည်းများ ပူးပေါင်းထားသော အမျိုးသားထောက်လှမ်းရေး တပ်ဖွဲ့ကို ဖျက်သိမ်းခဲ့ရာ ထောက်လှမ်းရေး အဖွဲ့အစည်းအချင်းချင်း ချိတ်ဆက်ဆောင်ရွက်နိုင်မှု အားနည်းခဲ့သဖြင့် ၂၀၀၅ ခုနှစ် မေလ ၇ ရက်နေ့တွင် ရန်ကုန်မြို့တော်၌ ဗုံးပေါက်ကွဲမှု ၃ ကြိမ် ဖြစ်ပွားခဲ့ပြီး ၁၉၈၀ ပြည့်နှစ်က ဖြစ်ပွားခဲ့သော အာဇာနည်ကုန်း ဗုံးခွဲခံရမှုမှာလည်း မျက်မှန်တင်ဦးဟု လူသိများခဲ့သော ဗိုလ်မှူးချုပ်တင်ဦးကို ဖယ်ရှားခဲ့ရပြီး နောက်တွင် ထောက်လှမ်းရေး အဖွဲ့အစည်း၏ သတင်းရယူမှု အားနည်းမှုကြောင့် ဖြစ်ပွားခဲ့ရခြင်း ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဆိုသည်။

“အပ်တိုတစ်ချောင်းတောင် မကိုင်တဲ့ နိုင်ငံရေးသမားတွေကို ဖမ်းဆီးနှိပ်စက်ဖို့ ဖွဲ့တာမဖြစ်ဖို့ လိုတယ်၊ မှားခဲ့တဲ့ အမှားတွေကနေ သင်ခန်းစာယူပြီး ထပ်မမှားဖို့ ပြည်သူတွေ မျက်ရည်ကျအောင် မလုပ်ဖို့ လိုပါတယ်” ဟု ဦးဖုန်းမြင့်အောင်က ဆိုသည်။

မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် ဖွဲ့စည်းခဲ့သော ယခင်ထောက်လှမ်းရေး အဖွဲ့အစည်းမှာ အစိုးရအဖွဲ့၏ လက်ကိုင်တုတ် အဖြစ် အသုံးချခံခဲ့ရပြီး သာမန်ပြည်သူများသာမက အစိုးရ အရာရှိကြီးများပင် ဖိမ့်ဖိမ့်တုန်အောင် ကြောက်ခဲ့ရသည်အထိ အထိန်းအကွပ် မဲ့ခဲ့ကြောင်း တပ်မတော် ထောက်လှမ်းရေး တပ်ဖွဲ့၏ ဖမ်းဆီးနှိပ်စက်ခြင်း ခံခဲ့ရသူ ဦးဇော်သက်ထွေးက ပြောကြားသည်။

“ပုဂ္ဂလိက ခံစားချက်၊ နာကြည်းချက်တွေကြောင့် ထောက်လှမ်းရေး အဖွဲ့အစည်း မရှိသင့်ဘူး ဆိုတာကို ကျွန်တော် လက်မခံဘူး၊ အမျိုးသားလုံခြုံရေး အတွက်၊ အဂတိလိုက်စားမှုတွေ ဖော်ထုတ်ဖို့၊ ပြည်သူတွေ အကြမ်းဖက် မခံရဖို့အတွက် နိုင်ငံတကာအဆင့်မီ ထောက်လှမ်းရေး အဖွဲ့အစည်း ရှိသင့်ပါတယ်” ဟု ဦးဇော်သက်ထွေးက မှတ်ချက်ပေးသည်။

The Voice Weekly 

No comments:

Post a Comment

My Blog List