Monday, December 22, 2014

ဗိုလ်ချုပ်နှစ်တစ်ရာပြည့်ပွဲ အကြိုလှုံ့ဆော်ရေးအဖွဲ့များ သဲတောတွင် တားဆီးခံရဟုဆို


အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်တစ်ရာပြည့် မွေးနေ့အခမ်းအနား ကျင်းပနိုင်ရေးအတွက် မိတ္ထီလာမြို့ခံ (၈၈) မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (မိတ္ထီလာခရိုင်) တို့ ပူးပေါင်း၍ ခရိုင်အတွင်း၌ အကြိုလှုံ့ဆော်မှု ပြုလုပ်လျက်ရှိရာ ဒီဇင်ဘာလ ၁၉ ရက်နေ့ ညပိုင်းက ဝမ်းတွင်းမြို့နှင့် သဲတောမြို့တို့သို့ ရောက်ရှိစဉ် ဝမ်းတွင်းမြို့နယ် အုပ်ချုပ်ရေးမှူးက တားဆီးခဲ့ကြောင်း (၈၈) မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးသီဟက ပြောကြားသည်။

“အဲဒီနေ့က ကျောက်ဆည်က ဖိတ်လို့သွားတယ်။ အပြန်ခရီးမှာ ဝမ်းတွင်းမြို့နယ်ကို ဝင်တယ်။ တစ်ဆက်ထဲဖြစ်တဲ့ သဲတောကို ရောက်ခဲ့ပါတယ်။ ည ၈ နာရီလောက်မှာ သဲတော NLD ရုံးရှေ့ ရောက်တဲ့အခါကျတော့ မြို့နယ်အုပ်ချုပ်မှူးရုံးက ဦးစီးမှူး ရောက်လာပြီး သူတို့ဆီမှာ ခွင့်ပြုချက် မတင်တဲ့အတွက် ကားကို ချက်ချင်းရပ်ပါ၊ စက်တွေပိတ်ပြီး ဒီမြို့ကနေ ချက်ချင်းပြန်လှည့်ပါ ဆိုပြီး တားတယ်။ ဒီမြို့တင် မဟုတ်ဘူး။ ဘယ်မြို့မှာမှ ခွင့်ပြုချက် မတင်ခဲ့ဘူးလို့ ပြောတော့ ပြန်သွားတယ်။ တစ်နာရီလောက် ကြာတော့ ပြန်လာတယ်။ ကျွန်တော်တို့ကို အသံချဲ့စက် ဥပဒေနဲ့ အရေးယူမယ်လို့ ပြောတယ်၊ ကျွန်တော်တို့ ဖွင့်တဲ့စက်တွေက စက်အသေးစားတွေ။ ညဆယ်နာရီခွဲလောက်မှာ ကျွန်တော်တို့ မိတ္ထီလာကို ပြန်ခဲ့တယ်” ဟု ၎င်းက ရှင်းပြသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဝမ်းတွင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ ဒီဇင်ဘာလ ၂၁ ရက်နေ့က အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။

ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် အခမ်းအနားကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျင်းပနိုင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဦးဆောင်၍ ဗိုလ်ချုပ် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ကျင်းပရေး ကော်မတီကို ဖွဲ့စည်းထားပြီး ပန်းရဲ့လမ်း တေးဂီတ ဖျော်ဖြေရေးအဖွဲ့လည်း မိတ္ထီလာမြို့တွင် လာရောက်ဖျော်ဖြေခဲ့ကြောင်း မိတ္ထီလာ (NLD) ရုံးထံမှ သိရှိရသည်။

The Voice Weekly 

No comments:

Post a Comment

My Blog List