Tuesday, December 17, 2019

ဘူးသီးတောင်မြို့နယ် (NLD) ဥက္ကဋ္ဌကို အမြန်ဆုံးလွှတ်ပေးရန် ပြည်နယ် ပါတီအလုပ်မှုဆောင်အဖွဲ့တောင်းဆို

AA အဖွဲ့ကဖမ်းဆီးထားတဲ့ ဘူးသီးတောင်မြို့နယ်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌဦးရဲသိန်းကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ရခိုင်ပြည်နယ် (NLD) ပါတီအလုပ်အမှုဆောင်အဖွဲ့က ဒီဇင်ဘာ (၁၆) ရက်မှာ ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
ဘူးသီးတောင်မြို့နယ် (NLD) ဥက္ကဋ္ဌဦးရဲသိန်းဟာ ဒီဇင်ဘာလ(၁၁)ရက်က ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲ ပြုလုပ်ဆောင်ဖို့ ပြင်ရှည်ကျေးရွာကို စည်းရုံးရေးဆင်းရာကနေ AA အဖွဲ့ကဖမ်းဆီးခဲ့ တာ ဖြစ်ပါတယ်။
အဲဒီထုတ်ပြန်ချက်ထဲမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာတရားရုံးမှာရင်ဆိုင်နေရကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ထောက်ခံပွဲကို နိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ ရဟန်းရှင်လူပြည်သူတွေကပြုလုပ်နေကြောင်းရေးသားဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေနဲ့လည်းဖမ်းဆီးခံထားရတဲ့ ဦးရဲသိန်းနဲ့ အဆက်အသွယ်ရဖို့ ကြိုးစားနေတယ်လို့ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကပြောပါတယ်။
“ကျွန်တော်တို့ ပြည်နယ်အစိုးရအနေနဲ့ ဦးရဲသိန်းနဲ့ပတ်သက်လို့ သေသေချာချာလေ့လာနေတယ်ပေါ့နော်။ အချက်အလက်တွေလည်းပဲစုဆောင်းနေပါတယ်။ ကျွန်တော်တို့ ပါတီအနေနဲ့လည်းပဲ အဖွဲ့ချုပ်ကတာဝန်ရှိပုဂ္ဂိုလ်တွေလည်း ပြောနေတာရှိပါတယ်” လို့ ဦးညီပုကပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ (၃) ရက်ကလည်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်ဖြစ်တဲ့ ချင်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို AA အဖွဲ့ က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး လက်ရှိအချိန်အထိပြန်လည်လွတ်မြောက်ခြင်းမရှိသေးပါဘူး။

သတင်း - စံနုခိုင်

No comments:

Post a Comment

My Blog List