Friday, December 20, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မာန်အောင်မြို့ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံဖွင့်ပွဲသို့ တက်ရောက်အမှာစကားပြောကြား၊ မာန်အောင်မြို့ ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ

Image may contain: 6 people, people standing and beard

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့တွင် ရခိုင်ပြည်နယ် မာန်အောင်မြို့ နေရောင်ခြည် စွမ်းအင်သုံးဓာတ်အားပေးစက်ရုံ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားပြီး ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဦးမင်းသူနှင့် ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးနှင့် ဦးတင်လတ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာကြရာ ရခိုင်ပြည်နယ် သံတွဲမြို့သို့ ရောက်ရှိကြသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့အား ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ တာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသားများက သံတွဲလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် ရဟတ်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာကြပြီး မာန်အောင်မြို့သို့ရောက်ရှိကြရာ ရခိုင်ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသား၊ တိုင်းရင်းသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မာန်အောင် နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
ထို့နောက်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အမှာစကား ပြောကြားသည်။
(နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏အမှာစကားကို သီးခြားဖော်ပြထားပါသည်။)
ထို့နောက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ရခိုင်ပြည်နယ်အတွင်း ဓာတ်အားစနစ်မှ ဓာတ်အားတိုးတက်သုံးစွဲနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသော်လည်း မာန်အောင်မြို့နယ်သည် ကျွန်းမြို့ဖြစ်သည့်အတွက် ဓာတ်အားပေးနိုင်မည့် နည်းလမ်းများကို ကြိုးစားရှာဖွေခဲ့ပါကြောင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ POSCO International Corporation တို့ ပူးပေါင်းပြီး လေ့လာဆန်းစစ်မှုများ ပြုလုပ်ဆောင်ရွက်ခဲ့ရာ Hybrid System - ဆိုလာ၊ ဒီဇယ်နှင့် စွမ်းအင်သိုလှောင်မှုစနစ် (ESS- Energy Storage System) သည် အသင့်တော်ဆုံးနည်းလမ်းဖြစ်သည်ကို သိရှိခဲ့ရသဖြင့် POSCO International Corporation နှင့်ပူးပေါင်း၍ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံကို ဆောင်ရွက်ခဲ့ပါကြောင်း။
ယခု နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံမှ လျှပ်စစ်ဓာတ်အား တိုးတက်ရရှိမှုကြောင့် မာန်အောင်မြို့နယ်အတွင်းရှိ လူမှုစီးပွားဘဝများနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးများ၌ အထောက်အကူဖြစ်မည်ဖြစ်ပြီး ဒေသထွက်ပစ္စည်းများ အခြေခံ၍ အသေးစား အလတ်စား စက်မှုလုပ်ငန်းများလည်း ထူထောင်နိုင်မည်ဖြစ်ကာ ဒေသခံပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ခရီးသွားလုပ်ငန်းအပါအဝင် အခြားကဏ္ဍများအတွက်လည်း များစွာအထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း။
ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အခြေခံအကျဆုံးသည် လျှပ်စစ်မီးဖြစ်သည်နှင့်အညီ နိုင်ငံတော်အစိုးရအနေဖြင့် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိသုံးစွဲနိုင်ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိပြီး လျှပ်စစ်ဓာတ်အား တိုးတက်ရရှိလာသည်နှင်အမျှ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အစရှိသည့် ကဏ္ဍအားလုံး ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ခြင်းကြောင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ဆောင်ရွက်မှုများအပေါ် ပြည်သူတစ်ရပ်လုံးမှလည်း ပူးပေါင်းကူညီဆောင်ရွက်ပေးကြရန်နှင့် ဓာတ်အားရရှိသုံးစွဲနိုင်ခြင်း မရှိသေးသည့်ဒေသများကို ဓာတ်အားဖြန့်ဖြူးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် ဒေသခံမိဘပြည်သူများကလည်း ဝိုင်းဝန်းကူညီဆောင်ရွက် ပေးကြပါရန် မေတ္တာရပ်ခံ လိုပါကြောင်း ပြောကြားသည်။
ယင်းနောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား တိုးတက်ရရှိရေးအတွက် ဆောင်ရွက်နေမှုများနှင့် မာန်အောင်မြို့ နယ်တစ်ခုလုံး လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် အဆင့်လိုက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် POSCO International Corporation မှ Chief Executive Officer Mr. Kim Young Sangက နှုတ်ခွန်းဆက်စကားပြောကြားသည်။
ယင်းနောက် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ဦးက မာန်အောင်မြို့ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံနှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးစောဝင်းမောင်ထံ လွှဲပြောင်းပေးအပ်သည်။
ထို့နောက် မာန်အောင်မြို့နယ် ပြည်သူများကိုယ်စား မာန်အောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်နုအောင်က ယနေ့သည် မိမိတို့ မာန်အောင်ကျွန်းပေါ်တွင် နေထိုင်ကြသည့် ပြည်သူများအတွက် အိမ်မက်တစ်ခု အကောင်အထည်ပေါ်လာသည့် နေ့တစ်နေ့ဖြစ်ပါကြောင်း၊ မိမိတို့ တစ်ရက်တွင် ၂၄ နာရီ လျှပ်စစ်မီးရရှိခဲ့သည့်နေ့ တစ်ရက်မှ မရှိခဲ့ပါကြောင်း၊ မိမိတို့မှာ ရေနံဆီမီးခွက်ဖြင့် ကြီးပြင်းခဲ့ရသူများဖြစ်ပါကြောင်း၊ ယခု ၂၄ နာရီ လျှပ်စစ်မီးရရှိမည်ဖြစ်သည့် အတွက် မိမိတို့ သား၊ သမီး၊ မြေး၊ မြစ်များ၏ ပညာရေး၊ကျန်းမာရေး၊ လူမှုရေးစသည့် လူမှုဘဝများ မြင့်မားလာကြမည်ဖြစ်ပါကြောင်း၊ ထို့အတွက် မာန်အောင်မြို့ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ပေးသည့်အတွက် တာဝန်ရှိသူများအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားနိုင်ငံ သံအမတ်ကြီး မစ္စတာလီဆန်းဟွာနှင့် POSCO International Corporation မှ Chief Executive Officer Mr. Kim Young Sang တို့က မာန်အောင်မြို့ နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် နေရောင်ခြည်စွမ်းအား ရယူပြီး လျှပ်စစ်ဓာတ်အား ထုတ်ရန် တပ်ဆင်ထားသည့် Solar ပြား များအား ကြည့်ရှုသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီးများ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တို့သည် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားနိုင်ငံ သံအမတ်ကြီး မစ္စတာလီဆန်းဟွာနှင့် POSCO International Corporation မှတာဝန်ရှိသူများနှင့် လည်းကောင်း၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်လည်းကောင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ယခုဖွင့်လှစ်သည့် မာန်အောင်မြို့ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် POSCO International Corporationမှ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း၏ လူမှုတာဝန်သိ အစီအစဉ်တစ်ရပ် အနေဖြင့် ဆောင်ရွက်သည့် စီမံကိန်းဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂ ဒသမ ၅သန်း အကုန်ကျခံတည်ဆောက်ခဲ့ခြင်းဖြစ်သည်။
လက်ရှိ ဒီဇယ်ဓာတ်အားပေးစက်များနှင့် အချိန်ပိုင်း ဖြန့်ဖြူးပေးနေသည့် မာန်အောင်မြို့ပေါ် (၅)ရပ်ကွက်နှင့် ပတ်ဝန်းကျင် ကျေးရွာ(၃)ရွာရှိ အိမ်ထောင်စု (၁၄၃၅)စုအား ယခုဖွင့်လှစ်သည့် ဆိုလာ၊ ဒီဇယ်နှင့် စွမ်းအင် သိုလှောင်မှု ပေါင်းစပ်စနစ်ဖြင့် အချိန်ပိုမို၍ ဓာတ်အားပေးသွားနိုင်မည် ဖြစ်သည်။
လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုရှိသည့် မာန်အောင်မြို့နယ်အား လျှပ်စစ် ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်အတွက် ဖြစ်နိုင်မည့်နည်းလမ်းများအား ဆန်းစစ်ကြည့်ရာတွင် အကောင်းဆုံးနှင့် အသင့်တော်ဆုံးနည်လမ်းဖြစ်သည့် နေရောင်ခြည်စွမ်းအင် သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် ရွေးချယ်ခဲ့ကာ ယခုစီမံကိန်းမှာ အဆင့်(၁)ဖြစ်ပြီး Solar Panel အရေအတွက် ၁၄၁၁ ခု၊ ဘက်ထရီ ၇၂၀ ခု တပ်ဆင်ထားပြီး ဝ ဒသမ ၅ မဂ္ဂါဝပ်ထုတ်လုပ်နိုင်ပြီး Energy Storage System ၂ နာရီ သိုလှောင်နိုင်စွမ်းရှိကြောင်း၊ ယခုစီမံကိန်းတွင် အသုံးပြုသည့် Energy Storage System နှင့် Diesel Hybrid System မှာ မြန်မာနိုင်ငံတွင် ပထမဆုံး အသုံးပြု ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စီမံကိန်းအဆင့်(၂)ကို ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ဝန်ကြီးဌာန၏ ရည်မှန်းချက်ဖြစ်သည့် ပြည်သူများနှင့် စက်မှုလက်မှုလုပ်ငန်းများတွင် လျှပ်စစ်ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေးအတွက် ဓာတ်အားပေးစက်ရုံများ၊ ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများ တည်ဆောက်၍ ဓာတ်အားဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်းထိ နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့ပြီးဖြစ်သည်။
ဆက်လက်၍ ၂၀၂၁ ခုနှစ်တွင် တစ်နိုင်ငံလုံး၏ ၅၅ ရာခိုင်နှုန်း၊ ၂၀၂၅-၂၀၂၆ တွင် တစ်နိုင်ငံလုံး၏ ၇၅ ရာခိုင်နှုန်း အထက်နှင့် ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး ၁၀ဝ ရာခိုင်နှုန်း အပြည့်အဝ လျှပ်စစ်ဓာတ်အားရရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင် ဓာတ်အားစနစ်မှ ဓာတ်အားပေးနိုင်ရေး ဆောင်ရွက်မှုများရှိပြီး ဓာတ်အားစနစ်နှင့် ဝေးကွာသော ဒေသများသို့လည်း လျှပ်စစ်ဓာတ်အားရရှိသုံးစွဲနိုင်ရေးအတွက် နေရောင်ခြည်စွမ်းအင်အသုံးပြု၍ ဓာတ်အားပေးခြင်း၊ အသေးစားရေအား လျှပ်စစ်ဓာတ်အားပေးစက်များ၊ လေစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်များ၊ ဒီဇယ်ဓာတ်အားပေးစက်များဖြင့် ဓာတ်အားပေးနိုင်ရေးကိုလည်း စီမံဆောင်ရွက်လျက်ရှိကြောင်း။
လက်ရှိအစိုးရလက်ထက်တွင်လျှပ်စစ်ဓာတ်အား တိုးတက်ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ရာတွင် ၂၀၁၆ ခုနှစ် ဧပြီလမှ ၂၀၁၉ ခုနှစ် စက်တင်ဘာလ အထိ ၃ နှစ်ခွဲကာလအတွင်း ၉၀၄ မဂ္ဂါဝပ်၊ ဓာတ်အားလိုင်းမိုင် စုစုပေါင်း ၁၉,၆၁၁ မိုင်၊ ဓာတ်အားခွဲရုံ စုစုပေါင်း ၁၂,၆၃၅ အမ်ဗွီအေ တို့ကို တိုးတက် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ထိုသို့ ၃ နှစ်ခွဲ ကာလအတွင်း မြို့ပေါင်း (၇၂)မြို့၊ ကျေးရွာပေါင်း (၆,ဝ၃၈)ရွာအား ဓာတ်အားစနစ်မှ ဓာတ်အားသုံးစွဲနိုင်အောင် ပိုမို တိုးချဲ့ဆောင်ရွက်ပေးနိုင်ခဲ့သည့် အတွက် ၂၀၁၆ ခုနှစ်တွင် နိုင်ငံတော် ဓာတ်အားစနစ်မှ မီးသုံးစွဲ သူ ၃၄ရာခိုင်နှုန်း သာရှိခဲ့ရာမှ ယခုအခါ ၅၀ ဒသမ ဝ၉ရာခိုင်နှုန်း အထိ တိုးတက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ လျှပ်စစ်ဓာတ်အားသုံးစွဲမှု တိုးတက်လာ သကဲ့သို့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကိုလည်း လာမည့်နှစ်တွင် ၁,၁၆၆ မဂ္ဂါဝပ် တိုးတက်ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ထားပြီးဖြစ်ကြောင်း။
ရခိုင်ပြည်နယ်ကို နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန် ၂၀၁၁ ခုနှစ်က စတင်ပြီး ဆောင်ရွက်ပေးခဲ့ရာ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလတွင် တောင်ကုတ်၊ ကျောက်ဖြူ၊ အမ်း၊ ပုဏ္ဏားကျွန်း၊ စစ်တွေ၊ မြောက်ဦး၊ သံတွဲ၊ ရမ်းဗြဲ၊ ကျောက်တော်နှင့် ပတ်ဝန်းကျင်ကျေးရွာများကို နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် မအီ၊ မင်းပြားနှင့် ပတ်ဝန်းကျင် ကျေးရွာများကို ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်အတွက် ဓာတ်အားခွဲရုံ (၂)ရုံကို ၂၀၁၆ ခုနှစ်တွင်လည်းကောင်း၊ ဂွမြို့နယ်နှင့် အနီးတစ်ဝိုက်ဒေသများကိုလည်း ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်အတွက် လိုအပ်သော ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ တစ်ရုံတို့ကို ၂၀၁၇ ခုနှစ် ဇူလိုင်လတွင်လည်းကောင်း ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း။
အစိုးရတာဝန်ယူပြီး (၃)နှစ်ခွဲ ကာလအတွင်း ရခိုင်ပြည်နယ်ရှိ ဂွမြို့အပါအဝင် မအီ၊ မင်းပြား၊ ဂွ၊ ကျိန္တလီ၊ မြေပုံ၊ ပေါက်တော၊ စနဲ၊ ကမ်းထောင့်ကြီး၊ တပ်တောင်၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော စသည့်မြို့များကို လျှပ်စစ်ဓာတ်အားရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ မောင်တောမှတစ်ဆင့် ကြိမ်ချောင်းသို့လည်း လိုအပ်သည့် ဓာတ်အားလိုင်းတည်ဆောက်ပြီး ၂၀၂၀ ခုနှစ် နှစ်ကုန်ပိုင်းတွင် လျှပ်စစ်ဓာတ်အားရရှိရေး ရည်မှန်းချက်ထား ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်တွင် ၂၀၁၉ ခုနှစ် နိုဝင်ဘာလအထိ မြို့ပေါင်း(၂၃) မြို့၊ ကျေးရွာ(၅၆၁)ရွာ၊ အိမ်ထောင်စု(၁၂၆၅၉၅) စုကို ဓာတ်အားပေးနိုင်ပြီးဖြစ်သည့် အတွက် ရခိုင်ပြည်နယ်တစ်ခုလုံး၏ Electrifi- cation Ratio မှာ ၃၀ ဒသမ ၅၅ရာခိုင်နှုန်း လျှပ်စစ်ဓာတ်အားရရှိလျက်ရှိကြောင်း၊ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ၅၅ ရာခိုင်နှုန်းအထိလည်းကောင်း၊ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ၇၅ရာခိုင်နှုန်း အထိလည်းကောင်း ဖြည့်ဆည်းပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မာန်အောင်မြို့နယ် ဒေသခံပြည်သူနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံသည်။
ယင်းနောက် တွေ့ဆုံပွဲတွင်ကြိုတင်တင်ပြထားသည့် မာန်အောင်မြို့နယ် ကမ်းနားရပ်ကွက်မှ ဦးထွန်းမြင့်ဇော်က မာန်အောင်ကျွန်းပတ်လမ်းကတ္တရာခင်းရန် ကျန်ရှိနေသည့်၁၁မိုင်အား ဆက်လက်ဆောင်ရွက်ပေးရေး၊ ပလင်ကျေးရွာ အုပ်စုမှ ဦးမောင်ဝင်းလှိုင်က ပလင်၊ ကအီး၊ ကံတိုင်းအုပ်ကျေးရွာများရှိ ပြည်သူများ သောက်သုံးရေ ရရှိရေးအတွက် လျှိုပိတ်ဆည်တစ်ခု တည်ဆောက်ပေးရေး၊ ကျီးညို ကျေးရွာအုပ်စုမှ ဦးပုဖြူက ပြည်သူများက လက်ပြင်-ကျီးညို-ကန်စွန်းကျေးရွာအုပ် စုများအတွက် သောက်သုံးရေးရရှိရန် ဆည်မှတစ်ဆင့် ရေပိုက်သွယ်တန်းပေးရေး၊ စမုံတဲကျေးရွာအုပ်စုမှဦးတင်ရွှေက မာန်အောင်မြို့နယ် ကျွန်းဖြတ်လမ်းအား ကျောက်ချော လမ်းဆောင်ရွက်ပေးရေးနှင့် သိမ္ဗလကျေးရွာအုပ်စုမှ ဦးခင်မောင်ကြီးက မာန်အောင် - ရမ်းဗြဲ ဇက်ရေယာဉ်ပြေးဆွဲပေးရေး မေးခွန်းတို့ကိုလည်းကောင်း၊ မဏ္ဍပ်အတွင်းမှ မဲစနစ်ဖြင့် ကိုယ်တိုင်ကိုယ်ကျမေးမြန်းလာသည့် ညောင်ကုန်းကျေးရွာမှ ဒေါ်သီတာဝင်းက ညောင်ပင်လှ-ညောင်ကုန်းကျေးရွာချင်းဆက်လမ်း ဖောက်လုပ် ပေးရေး၊ ကင်းတဲကျေးရွာမှ ဦးချစ်အေး က မြို့နှင့် ပတ်ဝန်းကျင် (၃) မိုင် အကွာအဝေးရှိသည့် ဒေသများ လျှပ်စစ်မီးရရှိရေးနှင့် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ပေးရေး၊ ကျီးညိုကျေးရွာမှ ဦးမြင့်ရွှေက ကျီးညို၊ လက်မဲ၊ ကန်းစွန်းကျေးရွာများအတွက် လူနာတင် ယာဉ်တစ်စီး ကူညီပေးနိုင်ရေး၊ မိမ္မကြွယ်ကျေးရွာမှ ဦးခင်မောင်ဝင်းက မိမ္မကြွယ် ကျေးရွာရှိ သောက်သုံးရေကန်ပြုပြင်ပေးရေးနှင့် သစ်ပုံကျေးရွာမှ ဦးဝင်းမြင့်သိန်းက သစ်ပုံကျေးရွာမြေ အသုံးပြုထားသည့် MPT ဆက်သွယ်ရေးတိုင်အတွက် မြေအသုံးပြုခရရှိရေး မေးခွန်းတို့ကိုလည်းကောင်း မေးမြန်းကြရာ ဒုတိယဝန်ကြီး ဦးကျော်မျိုးနှင့် ကဏ္ဍအလိုက်သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးများက ချက်ချင်းဆောင်ရွက်ပေးမည့် အခြေအနေများနှင့် ရေရှည်ဆောင်ရွက်ပေးမည့် အခြေအနေများကို ရှင်းလင်းပြောကြားကြပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မိမိအနေဖြင့် ပြည်နယ်အစိုးရ အဖွဲ့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား သတိပေး ပြောကြားလိုပါကြောင်း၊ အလုပ်တစ်ခု ဆောင်ရွက်မည်ဆိုပါက ပြည်သူလူထုအား အသိပေးရမည်ဖြစ်ပါကြောင်း၊ ပြည်သူလူထုက ဆောင်ရွက်လိုသည့်ကိစ္စကို ဆောင်ရွက်ပါက ပြည်သူအတွက် အကျိုးဖြစ်ထွန်းစေမည့် အချက်များကိုပါ လေးလေးစားစားဖြင့် သေသေချာချာ ရှင်းပြစေလိုကြောင်း၊ မိမိတို့ပြည်သူများမှာ နားလည်မှုနှင့် တုန့်ပြန်တတ်ပါကြောင်း၊ ပြည်နယ်အစိုးရနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာများမှ ပြည်သူများအား မရှင်းပြခဲ့မှုများ အပေါ် မိမိအနေဖြင့် တောင်းပန်ပါကြောင်း၊ တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများကို ကျေးဇူးတင်ရှိပါကြောင်း၊ ပြည်သူလူထုဆိုသည်မှာ တာဝန်ရှိသလို လုပ်ပိုင်ခွင့်ရှိသည်ကိုလည်း သဘောပေါက်ကြစေလိုကြောင်း၊ လုပ်ပိုင်ခွင့်ကို မှန်မှန်ကန်ကန် အသုံးပြုပြီး တာဝန်ကိုလည်း ကျေပွန်စွာ ထမ်းဆောင်စေလိုပါကြောင်း၊ အစိုးရရော၊ ပြည်သူရော တာဝန်နှင့် လုပ်ပိုင်ခွင့်ကို သေသေချာချာကိုင်စွဲသွားပါက မိမိတို့နိုင်ငံမှာ တိုးတက်မှုနှုန်းမြန်မည့် နိုင်ငံဖြစ်ပါကြောင်း၊ ယင်းကို မှန်မှန်ကန်ကန်အသုံးပြုရန်မှာ အရေးကြီးပါကြောင်း၊ မာန်အောင်မြို့နယ်နှင့် ရခိုင်ပြည်နယ်ရှိ ပြည်သူများ ကိုယ်စိတ်နှဖြာ ကျန်းမာချမ်းသာပြီး ကောင်းကျိုးလိုအင်ဆန္ဒပြည့်ဝကြစေရန် ဆုတောင်းပေးလိုက်ပါကြောင်းဖြင့် ပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် တိုင်းရင်းသူများနှင့် မှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး မဏ္ဍပ်အပြင်၌ စောင့်ဆိုင်းနေကြသည့် ဒေသခံ ပြည်သူများအား ရင်းနှီးခင်မင်စွာ လိုက်လံနှုတ်ဆက်သည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် မာန်အောင်မြို့မှ ရဟတ်ယာဉ်များဖြင့် ပြန်လည်ထွက်ခွာကြရာ သံတွဲမြို့သို့ရောက်ရှိကြပြီး ထိုမှတစ်ဆင့် အထူးလေယာဉ်ဖြင့် ဆက်လက်ထွက်ခွာခဲ့ရာ မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြသည်။
Image may contain: 1 person, outdoor
Image may contain: 1 person, outdoor
Image may contain: 12 people, people smiling, crowd and outdoor
Image may contain: 8 people, people smiling, people standing
Image may contain: 6 people, people standing
Image may contain: 9 people, people standing and outdoor
Image may contain: 3 people, people standing, sky and outdoor
Image may contain: 8 people, people smiling, people standing and outdoor
သတင်းစဉ်
{Myanmar Digital News 

No comments:

Post a Comment

My Blog List