Wednesday, December 18, 2019

ဒေါ်အောင်ဆန်းစုကြည်ထောက်ခံရေး အရေးကြီးအဆိုကြောင့် လွှတ်တော်အချိန်များ နှမြောစရာကောင်းဟု ဝန်ကြီးချုပ်ဟောင်း၊ ရှမ်းလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစပ်အောင်မြတ်ပြော


ရှမ်းပြည်လွှတ်တော်တွင် ယမန်နေ့က တင်သွင်းခဲ့သောICJ တွင် ရင်ဆိုင်ဖြေရှင်းခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်ထောက်ခံရေး အရေးကြီးအဆိုသည် မဲခွဲဆုံးဖြတ်ရာတွင် ရှုံးနိမ့်သွားပြီး ယင်းအဆိုကြောင့် ရှမ်းပြည်နယ်လွှတ်တော်၏ အချိန်များ ကုန်ဆုံးမှုမှာ နှမြောစရာကောင်းကြောင်း ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဟောင်းလည်းဖြစ်၊ ရှမ်းပြည်နယ်ဒုတိယလွှတ်တော်ဥက္ကဋ္ဌလည်းဖြစ်၊ ကြံ့ခိုင်ရေးပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သူ ဦးစပ်အောင်မြတ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

NLD ပါတီမှ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ(ခ) ဦးညီလေးချမ်းသာက ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ICJ တရားရုံးတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အကျိုးဆောင် ရှေ့နေကြီး ၃ ဦး၏ ခုခံချေပချက်များကို ထောက်ခံကြောင်း အရေးကြီးအဆို တင်သွင်းခဲ့ပြီး ယင်းအဆိုကို မဲခွဲ ဆုံးဖြတ်ခဲ့ရာ ခဲ့ရာ ထောက်ခံမဲ ၂၈ မဲ၊ ကြားနေ ၃၁ မဲ၊ ကန့်ကွက်မဲ ၆၈ မဲ၊ မဲမပေးဘဲနေသူ ၂ မဲ ဖြင့် ရှုံးနိမ့်သွားခဲ့သည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း၊ လက်ရှိ ရှမ်းပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌလည်းဖြစ်သူ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစပ်အောင်မြတ်က "အဓိကကတော့ ကျွန်တောာ်တို့ အတိုင်ပင်ခံကြီးက သူ့ကိစ္စသူလုပ်နေတာ တရားရုံးမှာစီရင်ဆဲအမှုနဲ့ ပတ်သက်လို့ ဘယ်လွှတ်တော်မှာမှ ထောက်ခံတယ်လို့ အဆိုပြုတယ်ဆိုတဲ့ဟာ တိုင်းဒေသကြီး၊ ပြည်နယ်ကြီး ၁၄ခုလုံး ဘယ်သူမှမလုပ်ဘူး။ နောက်ပြည်ထောင်စုလွှတ်တော် အဆင့်လည်းမလုပ်ဘူး။ ဒါပြည်ထောင်စုလွှတ်တော် အဆင့်မှာလုပ်ကျမှာပေါ့လုပ်ရင် ကျွန်တော်တို့ တိုင်းဒေသကြီးပြည်နယ်လွှတ်တော်တွေကတော့ သီးခြားပြည်နယ်ရေးရာကိစ္စတွေ သူကအရေးကြီးအဆိုကြီးကောက်တင်လိုက်တော့ ကျွန်တော်တို့က ဒီဟာနဲ့ ပတ်သက်ရင်တော့ တရားရုံးမှာ စစ်ဆေးစီရင်ဆဲတွေနဲ့ ပတ်သက်လို့ အစိုးရအဖွဲ့ပိုင်းရဲ့ လုပ်ငန်းဆောင်ရွက်မှုပိုင်းတွေနဲ့ ပတ်သက်လို့ သီးခြားထောက်ခံရန်မလိုဘူးပေါ့။ သူ့အလုပ်သူလုပ်ပေးနေတာလေ"ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် ထောက်ခံရေး အရေးကြီးအဆိုကြောင့် လွှတ်တော်အချိန်များ နှမြောစရာကောင်းဟုလည်း ၎င်းက ဆက်လက်ပြောဆိုသည်။
"တိုင်းဒေသကြီးပြည်နယ်လွှတ်တော် ၁၄ခုလုံး ဘယ်သူမှထူးထူးခြားခြားလုပ်တာမရှိသေးဘူးပေါ့။ ပြီးတော့တရားရုံးမှာ အမှုရင်ဆိုင်ဆဲ အမှုတွေနဲ့ ပတ်သက်လို့ဆိုရင် လွှတ်တော်ထဲကနေပြီးတော့ ထောက်ခံလိုက်တယ်ဆိုတာလည်း လွှတ်တော်ရဲ့ သမိုင်းနဲ့ လွှတ်တော်မှတ်တမ်းမှာကျတော့ နည်းနည်းလေး ကျွန်တော်ဥပဒေပြုရေးကော်မတီ ဥက္ကဋ္ဌအနေနဲ့ ရှင်းပြလိုက်တာပါ။ အဲသဘောပါပဲ ကျန်တာတော့ ကြီးကြီးမားမားကြီးမဟုတ်ပါဘူး။ လွှတ်တော်မှာကော အမေးတွေအဆိုတွေ ကျွန်တော်တို့ရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းကိစ္စရပ်တွေ ဘတ်ဂျက်ကိုသုံးတော့ ကိုယ့်ဒေသသူ့ဒေသမရတဲ့ ကိစ္စတွေဒါလေးတွေပဲများလာတာ အခုလိုမျိုးကိစ္စတွေကတော့ ကျွန်တော်တို့ လွှတ်တော်မှာသိပ်မရှိပါဘူး။ အဓိကကတော့ ပြည်နယ်တွေမှာ ဖွံ့ဖြိုးဖို့ကိစ္စလုပ်ဖို့ပဲ ကျွန်တော်တို့အစိုးရအဖွဲ့တုန်းကလည်း လုပ်ခဲ့တယ်။ အခုလည်း လုပ်နေတာပဲလေ အဲတာလေးကို ကျွန်တော်တို့ကဖြစ်စေချင်တာ ကျွန်တော်က ဥပဒေကော်မတီဆိုတော့ ဥပဒေတွေ ၄ခုလောက် ကျွန်တော်တို့ကဥပဒေကိစ္စတွေ တောက်လျှောက်လုပ်နေတဲ့အချိန်မှာ အဲဒီလိုအဆိုတွေဖြစ်လာရင် ကျွန်တော်တို့လွှတ်တော်အချိန်တွေ သိပ်နှမြောဖို့ကောင်းတယ်" ဟု ၎င်းက ဆိုသည်။
ဦးစပ်အောင်မြတ်ကပင် လွှတ်တော်ကိုယ်စားလှယ်များတွင် အရည်အချင်းများစွာ လိုအပ်နေပြီး ပြည်ထောင်စုအဆင့် ၊ ပြည်နယ်အဆင့်တွင် ဆွေးနွေးရမည့် အကြောင်းအရာများကို ခွဲခြားသိရန် လိုအပ်သည်ဟုဆိုသည်။
"ကျွန်တော်တို့လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ Capacity တွေအများကြီးလိုသေးတာပေါ့ဗျာ။ ဒါကတော့ ပြည်ထောင်စုအဆင့်လွှတ်တော်တွေမှာလည်း ဆွေးနွေးသင့်တယ်။ ပြည်ထောင်စု လွှတ်တော်အဆင့်တွေမှာလည်း အမျိုးသားလွှတ်တော်သော်လည်းကောင်း ပြည်သူ့လွှတ်တော်သော်လည်းကောင်း ဆွေးနွေးတဲ့အသံတောင်မကြားရသေးဘဲနဲ့ ထူးချွန်ပြီးတော့မှလုပ်တာလည်း ပြည်သူလူထုတွေကလည်း ထောက်ခံတာတွေအားလုံးကလုပ်နေကျတာပဲလေ။ လွှတ်တော်တစ်ခုကနေပြီးတော့ အဲလိုလုပ်တယ်ဆိုတာမျိုးကတော့ ကျွန်တော်တို့ လွှတ်တော်စည်းမျဉ်းစည်းကမ်းအရ မကိုက်ညီမှာဆိုးလို့ ကျွန်တော်တို့က မဲခွဲဆုံးဖြတ်ဖို့ဆိုတာလေး ဥက္ကဋ္ဌကိုတင်ပြလိုက်တာ" ဟု ၎င်းက ရှင်းပြသည်။
ဒေါ်အောင်ဆန်းစုကြည်ထောက်ခံရေး အရေးကြီးအဆို တင်သွင်းခဲ့သူ NLD ပါတီမှ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးညီညီကမူ "အနိုင်နဲ့ အရှုံးကတော့ ရှိမှာပဲလေ။ ကျွန်တော်တို့က ပါတီစွဲနဲ့တင်တာမဟုတ်ဘူးလေ။ တစ်နိုင်ငံလုံးအရေးဖြစ်နေတဲ့အတွက် ကျွန်တော်တို့ရှမ်းပြည်နယ်အနေအထားလည်း ပိုပြီးတော့ တောက်ခံမှုရအောင်ဆိုပြီးတော့ ကျွန်တော်တို့ တင်တာလေ။ ပါတီစွဲနဲ့ လုပ်တာတော့ မဟုတ်ဘူးဗျ။ ရှုံးတယ်ဆိုတော့ စိတ်ထဲတော့ ဘယ်ကောင်းမှာလဲ။ လိုချင်တာပေါ့။ ဘာလို့လည်းဆိုတော့ လွှတ်တော်အနေအထားကြည့်လိုက်ရင် ကျွန်တော်တို့ NLD ကအင်အားအနည်းစုပဲလေ။ တစ်ဖက်ပါတီကအများကြီးဖြစ်နေတယ်။ တပ်မတော်သားနဲ့ ဘာနဲ့အများစုလေ" ဟု ရန်ကုန်ခေတ်သစ်သတင်းဌာန၏ မေးမြန်းချက်ကို ဖြေကြားသည်။
ရှမ်းပြည်နယ်လွှတ်တော်တွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၁၄၃ ဦးရှိပြီး တပ်မတော်သားပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၃၆ ဦး၊ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမတ် ၃၃ ဦး၊ ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ် က ကိုယ်စားလှယ် ၂၄ ဦး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ၂၃ ဦး၊တအာင်းပလောင် အမျိုးသားပါတီ ခုနစ်ဦး၊ ပအိုဝ်းအမျိုးသားအဖွဲ့ ချုပ်ပါတီ ခြောက်ဦး၊ ‘ဝ’ဒီမိုကရက်တစ်ပါတီ နှစ်ဦး၊ လားဟူ အ မျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနှစ်ဦး၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီ ညွတ်ရေးပါတီ၊ ‘ဝ’အမျိုးသား စည်းလးညီညွတ်ရေးပါတီ၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ၊ လီဆူအမျိုးသားတိုးတက် ရေး (ဒူးလေး)ပါတီနှင့် အာခါအ မျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့က တစ်ဦးစီ၊ တ သီးပုဂ္ဂလ ကိုယ်စားလှယ်တစ်ဦး ရှိပြီး ကြံ့ခိုင်ရေးပါတီက ရွေးကောက်ခံ အင်အားအကြီးဆုံးပါတီအဖြစ် ရပ်တည်လျက်ရှိသည်။

Khit Thit Media

No comments:

Post a Comment

My Blog List