
အလယ်တန်းနှင့်အထက်တန်းသင်ရိုးညွှန်းတမ်းများတွင် ဒီမိုကရေစီနှင့်လွှတ်တော်အခန်းကဏ္ဍအကြောင်း ထည့်သွင်းကာ သင်ကြားပေးမည်ဟု ပညာရေးဝန်ကြီးဌာနဒုတိယဝန်ကြီးက ပြောသည်။
ရွှေကူ မဲဆန္ဒနယ်မှ ဦးဇာနည်မင်းမေးမြန်းသည့် အလယ်တန်းနှင့်အထက်တန်းသင်ရိုးညွှန်းတမ်းများတွင် ဒီမိုကရေစီနှင့်လွှတ်တော်အခန်းကဏ္ဍအကြောင်း ထည့်သွင်းကာ သင်ကြားပေးရန် အစီအစဉ်ရှိ၊မရှိ မေးခွန်းကို ပြန်လည်ဖြေကြားရာတွင် အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။
ဦးဇာနည်မင်းက လက်ရှိတွင် လွှတ်တော်၏အကြောင်းအား သိရှိမှုအားနည်းနေကြောင်း၊ထို့အတွက် လူထုကြားထဲ ရင်းနှီးမှုရှိစေရန် သင်ရိုးညွှန်းတမ်းတွင်ထည့်သင့်သည်ဟုပြောဆိုကာ မေးခွန်းမေးခဲ့သည်။
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းမော်ထွန်းက အခြေခံပညာသင်ရိုးညွှန်းတမ်းအသစ်ကို ပြည်သူနီတိနှင့်ဒီမိုကရေစီအလေ့အကျင့်ကောင်းများ လက်တွေ့ကျင့်သုံးတတ်ပြီး ဥပဒေကိုလေးစားလိုက်နာတတ်သည့် နိုင်ငံသားကောင်းများဖြစ်ရန် အဓိကထားရည်မှန်းရေးဆွဲထားကြောင်းပြောသည်။
ယင်းအပြင် ဆဌမတန်း သင်ရိုးသစ် စာရိတ္တနှင့်ပြည်သူ့နီတိအခန်း(၃) စည်းကမ်းနှင့်ဥပဒေကဏ္ဍတွင် ဒီမိုကရေစီစနစ်ရှင်သန်ရေးကို ထည့်သွင်းထားကြောင်း၊အလားတူ သတ္တမတန်း၊အဌမတန်း၊နဝမတန်း၊ဒသမတန်းတို့တွင်လည်း ဒီမိုကရေစီနစ်အကြောင်း၊ဥပဒေပြုရေး၊တရားရေး၊လွှတ်တော်၏အခန်းကဏ္ဍ၊ဆန္ဒမဲပေးခြင်း စသည့်အကြောင်းအရာတို့ကို သင်ရိုးများထည့်သွင်းထားပါကြောင်း ဒုဝန်ကြီးက ရှင်းပြသည်။
ကိုမင်း/Myanmar Harp
No comments:
Post a Comment