Monday, December 16, 2019

ICJ မှာ ဒေါ်အောင်ဆန်းစုကြည် တင်ပြခဲ့တဲ့ စစ်ခုံရုံးနဲ့ အရေးယူမှုတွေကို ဘာလို့ အယုံအကြည် ကင်းမဲ့နေကြလဲ

Image may contain: one or more people, people sitting, crowd and indoor
အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ တွင် တရားရင်ဆိုင်စဉ် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် ကျူးလွန်သော တပ်မတော်သားများကို စစ်ခုံရုံးများဖြင့် အရေးယူနေကြောင်း ထွက်ဆိုပြီး စစ်ခုံရုံးဖြင့် အရေးယူမှုများ ထပ်မံ ရှိလာမည်ဖြစ်ကြောင်း ထွက်ဆိုသွားသည်။ ယင်းသို့ ထွက်ဆိုခဲ့သော်လည်း နိုင်ငံတကာမီဒီယာအများစုတွင် စစ်ခုံရုံးဖြင့် တရားစီရင်မှုကို မယုံကြည်ဆိုသော သတင်းများ၊ ထင်မြင်ချက်များနှင့် ရေးသားမှုများ ရှိနေသည်။ လတ်တလော ဂူတာပြင်မှ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို စစ်ခုံရုံးဖြင့် တရားစီရင်လျက်ရှိသည်။

မြန်မာ့တပ်မတော်၏ စစ်ခုံရုံးဖြင့် တရားစီရင်ခြင်းကို နိုင်ငံတကာ မည်သည့်အတွက်ကြောင့် အယုံအကြည်မရှိသနည်း။ ရန်ကုန်ခေတ်သစ်က ဥပဒေရေးရာ ကျွမ်းကျင်သူများကို ဆက်သွယ်မေးမြန်းထားပါသည်။
တရားလွှတ်တော်ရှေ့နေဦးသိန်းသန်းဦး
၁၉၅၉ တပ်မတော်ဥပဒေ နည်းဥပဒေတွေအရ စစ်ခုံရုံးတွေရှိတယ်။ တကယ်ကတော့ ဥပဒေအရကတော့ လုပ်ထုံးလုပ်နည်းတွေ ပြည့်ပြည့်စုံစုံရှိပြီးသား အဲဒီပေါ်မှာ ဒီကဥပဒေနဲ့လုပ်တာကို နိုင်ငံတကာက လက်ခံ၊ မခံဆိုတဲ့ ဥပဒေရှိပါတယ်။ ဥပမာ အင်းဒင်ကိစ္စ စစ်ခုံရုံးကအပြစ်ပေးလိုက်တယ်။ နောက်တော့ ပြန်လွှတ်ပေးလိုက်တယ်။ အဲဒီအပေါ်မှာလည်း မကျေလည်ဘူးလေ။ မကျေလည်တာတွေရှိတော့ ငါတို့လည်းစစ်ခုံရုံးနဲ့ ချခံရတာပဲ။ ၁၉၇၆ ခုနှစ်မှာ ရန်ကုန်တိုင်းစစ်ခုံရုံး အမှတ်၂ ကနေ အလုပ်နဲ့ ထောင်ရနှစ်ချခဲ့တာ။ ဒုတိယတစ်ခေါက်ကျတော့ မန္တလေးစစ်ခုံရုံး အမှတ်၄ ကနေပြီးတော့ ၅(ည) ကိုနှစ်ဆချလိုက်တယ်။ ၅(ည)တွေက ၇နှစ် အနိမ့်ဆုံးချတာကို ၁၄နှစ်ချခဲ့တာ။ စစ်ခုံရုံးက အခြေအနေမကောင်းဘူး။
ဂူတာပြင်မှာဖြစ်တဲ့ကိစ္စ စစ်ခုံရုံးနဲ့ စစ်ဆေးမယ်ဆိုတာကောင်းတဲ့ အချက်ပဲ။ ဒါပေမယ့် ပွင့်လင်းမြင်သာမှုရှိတယ်မရှိဘူးဆိုတာကတော့ သူကအရပ်ဘက်တရားရုံးနဲ့ တူမှာမဟုတ်ဘူး။ သူ့လမ်းကြောင်းက သီးခြားဖြစ်တဲ့အခါကျတော့ သူတို့စစ်ဆေးတဲ့အပေါ်မှာတော့ နိုင်ငံတကာနဲ့ ICJ ကလက်ခံရှိမရှိတာကတော့ နောက်ပြဿနာတစ်ခုဖြစ်တယ်ပေါ့။

တရားလွှတ်တော်ရှေ့နေဦးနေလ
မြန်မာနိုင်ငံမှာ စစ်ခုံရုံးတွေ ဖွဲ့စည်းထားတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရကော စစ်ဘက်ဆိုင်ရာဥပဒေများအရကော တရားဝင်တည်ထောင်ထားတဲ့တရားရုံးတွေဖြစ်တယ်ဆိုတာ ဥပဒေအရခိုင်မာမှုရှိတယ်လို့ ကျွန်တော်ပြောတာဖြစ်ပါတယ်။ သူတို့စစ်တဲ့ကိစ္စက တိုင်းပြည်တစ်ပြည်ရဲ့ တည်ဆဲဥပဒေပေါ့။ ကျွန်တော်တို့နိုင်ငံရဲ့ ဥပဒေဟာဆိုရင် စစ်ဘက်ဆိုင်ရာဥပဒေဆိုရင် ၁၉၅ဝ လောက်ကပြဌာန်းထားတဲ့ ဥပဒေဖြစ်တဲ့အတွက်ကြောင့် ရှေးယခင်တည်းက အခြေတကျဖြစ်လာတဲ့ ဥပဒေတစ်ခုဖြစ်တယ်ပေါ့နော်။ ဒါကြောင့်သူတို့တရားရုံးတွေဟာ စစ်ဆေးစီရင်ပိုင်ခွင့်ရှိတယ်ဆိုတဲ့အချက်က မငြင်းဆိုနိုင်ဘူးလို့ ကျွန်တော်တို့ယူဆပါတယ်။ မြန်မာနိုင်ငံမှာ နှစ်ပေါင်းမြောက်များစွာ အခြေတကျဖြစ်နေတဲ့ ဥပဒေပြဌာန်းချက်အရ ဖွဲ့စည်းထားတဲ့ တရားရုံး အဲတရားရုံးရဲ့ စီရင်ပိုင်ခွင့်အားလုံးဟာ နိုင်ငံတကာက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ စဉ်းစားမယ်ဆိုရင်တော့ ဒီပြဌာန်းထားတဲ့ ဥပဒေနဲ့ တည်ထောင်ထားတဲ့ တရားရုံးတွေအားလုံးကို နိုင်ငံတကာက လေးစားလိုက်နာ လက်ခံရမှာဖြစ်တယ်။
တရားလွှတ်တော်ရှေ့နေဦးခင်မောင်ဇော်
စစ်ခုံရုံးတွေက ပွင့်လင်းမြင်သာမှုရှိရဲ့လားဆိုတော့ သာမန်အားဖြင့် စစ်ခုံရုံးရဲ့ သဘောသဘာဝအရ ပွင့်လင်းမြင်သာမှုကိုထည့် မစဉ်းစားဘူး။ စစ်ခုံရုံးက Defense Services Act အောက်ကသွားတာ သူကသူ့လမ်းကြောင်းနဲ့ သူသွားတာ သူလမ်းကြောင်းနဲ့ သူသွားတာဆိုတော့ ဒီဖက်က Jurisdiction လိုင်းနဲ့သွားတာမဟုတ်ဘူး။ အဲတာကိုကျွန်တော်တို့က ပွင့်လင်းမြင်သာမှုရှိခြင်းမရှိခြင်းဆိုတာ စံတစ်ခုလို အပြစ်တစ်ခုလိုပြောလို့မရဘူး။ ဥပဒေအရပြောရင် စစ်ခုံရုံးကို ပွင့်လင်းမြင်သာမှုမရှိလို့ မယုံကြည်ဘူး။ ယုံကြည်တယ်ဆိုတာတော့မရှိဘူး။
ဥပမာ အရေးအခင်းပြီးတဲ့အခါကျတော့ ပျဉ်းမနားမှာ ဖဲဝိုင်းတစ်ခုကိုမိတယ်ဗျ။ အဲဒီမှာ ဆရာဝန်တွေလည်းပါတယ်။ ကုန်သည်ပွဲစားတွေပါတယ်။ ထောက်လှမ်းရေးက အရာခံဗိုလ်ကြီးတစ်ယောက်လည်းပါတယ်။ သူကတော့ သတင်းထောက်လှမ်းရင်းနဲ့ ဒီနားရောက်နေတယ်ပြောတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ်ရုံးတင်တဲ့ အခါကျတော့ တပ်ကသူ့ကိုသက်သက်ခေါ်သွားတယ်။ သူ့ဟာသူစစ်ဆေးစီရင်မယ်ဆိုပြီးတော့ခေါ်သွားတယ်။ နောက်ခေါ်သွားပြီးတော့ ဘာဖြစ်သွားမှန်းမသိဘူး။ ဒီကလူတွေထောင်ကျသူတွေကတော့ကျပေါ့။
အင်းဒင် massacre ပေါ့။ လူသတ်မှုမှာ အပြစ်ချတယ်။ တပ်တွင်းခုံရုံးက သုံးလလောက်ကျတော့ သူကလွှတ်လိုက်တယ်။ ကာကွယ်ရေးဦးစီးချုပ်က သူ့မှာအခွင့်အာဏာရှိတယ်။ အဲဒါတွေကိုဘယ်သူမှ မသိလိုက်ဘူး။ အဲလိုပွင့်လင်းမြင်သာမှုမရှိတဲ့အတွက်ကြောင့် လူတွေကမယုံတာတို့ ဘာတို့ရှိနိုင်တာပေါ့။ ဒါပေမယ့် ပွင့်လင်းမြင်သာမှုမရှိခြင်းဟာ ဥပဒေနဲ့မညီတာတော့ မဟုတ်ဘူး။ သူတို့က ပွင့်လင်းမြင်သာမှုရှိလို့ လူတွေကိုမြန်မြန်ဆန်ဆန် သတင်းထုတ်ပြန်ရင်တော့ ပိုယုံကြည်မှုတော့ရှိလာမှာပေါ့။
ကျွန်တော်ဆိုလိုတာကတော့ နိုင်ငံတကာစံနှုန်းတွေအရ Court Martial ကတော့ အမေရိကမှာလည်း ရုပ်ရှင်တွေမှာပါပါတယ်။ သူတို့မှာလည်း သတင်းထောက်တွေမေးလို့ရတယ်ဆိုတာမရှိပါဘူး။ ဒါပေမယ့် အချိန်နဲ့ တပြေးညီ ဘာလုပ်တယ်ဆိုတာကတော့ သတင်းထုတ်ပြန်တာပေါ့။ အဲဒီလိုတော့ရှိတာပေါ့။ နိုင်ငံတကာက ပွင့်လင်းမြင်သာမှုမရှိတာ Open Court မဟုတ်တာတစ်ခုတည်းနဲ့တော့ ပွင့်လင်းမြင်သာမှုမရှိဘူးလို့တော့ မပြောနိုင်ဘူးလို့တော့ မပြောနိုင်ဘူးပေါ့ဗျာ။
ဒါပေမယ့် Open Court မဟုတ်သော်လည်း အချိန်နဲ့တပြေးညီ သတင်းတွေထုတ်ပြန်ပေးမယ်။ ဘာဖြစ်သွားပြီး ဘယ်လိုအဆင့်ရောက်သွားပြီ အဲဒါတွေကို သိနေမယ်ဆိုရင် ယုံမှာပါပဲ။ နိုင်ငံတကာက ကျွန်တော်တို့မြန်မာပြည်ရဲ့ Military Court တွေကိုမယုံတာ အဲဒီအချက်တွေ ချို့ယွင်းနေတာပဲဖြစ်မှာပေါ့။ ကျွန်တော်တို့ ကိုယ်တိုင်လည်း တိုက်ရိုက်တွေ့ကြုံတဲ့အမှုတွေရှိတာပေါ့။ မယုံကြည်စရာပေါ့။ အရပ်သားတွေက ခုနကပြောသလို သူတို့ကျတော့ ထောင်ကျသွားတယ်။ ဟိုတစ်ယောက်ကိုတော့ တွေ့နေတယ်ဆိုတာမျိုးပေါ့။
Photo - cincds.gov.mm

No comments:

Post a Comment

My Blog List