Friday, December 20, 2019

မြရိပ်ညိုဝင်းအတွင်းမှ ဇေကမ္ဘာဝန်ထမ်းများ ထွက်ခွာ ဦးခင်ရွှေ၏ အယူခံတင်မှုကိုလက်မခံပယ်ချလိုက်ကြောင်းသိရ

Image may contain: 1 person, sitting and indoor

ဇေကမ္ဘာကုမ္ပဏီကို ၁၉၅၅ အစိုးရအိမ်ဥပစာ(နှင်ထုတ်ခြင်း)အက်ဥပဒေ ၃အရ နိုဝင်ဘာလ ၃၀ရက်နေ့ နောက်ဆုံးထားကာ မြရိပ်ညိုဝန်းအတွင်းမှ ဖယ်ရှားထွက်ခွာသွားရန် တပ်က နို့တစ်စာပေးပို့ထားပြီးနောက်လက်ရှိတွင်ဇေကမ္ဘာဝန်ထမ်းများကို ဝန်းအတွင်းမှဖယ်ရှားလိုက်ကာ တပ်မြို့စည်ပင်ဝန်ထမ်းများဖြင့်လုံခြုံရေးယူထားသည်ကို ယနေ့တွေ့ရသည်။

ယနေ့မနက်ပိုင်းမှစကာ ဇေကမ္ဘာ ဝန်ထမ်းများကိုထွက်ခွာခိုင်းလိုက်ကာ ပြန်ဝင်ခြင်းကို လက်မခံတော့ကြောင်းသိရသည်။
ယခုညမှစကာ မြရိပ်ညိုဝင်းအတွင်းမှ ဇေကမ္ဘာဝန်ထမ်းများ ထွက်ခွာသွားကြပြီဖြစ်သည်။
အထက်ပါကိစ္စနှင့်ပတ်သက်ပြီး ဇေကမ္ဘာထံဆက်သွယ်သော်လည်း အဆက်အသွယ်ပြုလုပ်၍မရခဲ့ပေ။
ရန်ကုန် ဗဟန်းပုလဲလမ်းရှိ မြရိပ်ညိုဟိုတယ်ဝင်း( ကာကွယ်ရေးဝန်ကြီးဌာနအမည်ပေါက်မြေ ၁၃.၇၉၄ ဧက) နှင့်ပါတ်သတ်ပြီး တပ်ကနို့တစ်စာပေးရခြင်းက နှစ်ဖက်ချုပ်ဆိုထားသောချုပ်ဆိုမှုကို ဇေကမ္ဘာကုမ္ပဏီဘက်က မလိုက်နာသည့်အတွက်ကြောင့်ဖြစ်သည်ဟု သိရသည်။
စစ်ထောက်ချုပ်ရုံးသည် ဇေကမ္ဘာကုမ္ပဏီထံသို့ ၁၀-၅-၂၀၁၈ ရက်နေ့တွင် လုပ်ငန်းများပိတ်သိမ်းရန်အကြောင်းကြားခဲ့ကြောင်း၊၁၄-၁၁-၂၀၁၉ ရက်နေ့တွင် MOA ရပ်စဲကြောင်းနှင့် ရပ်စဲသည့်နေ့မှ စ၍ ၃လအတွင်း ဖယ်ရှားထွက်ခွာသွားရန် အကြောင်းကြားဆောင်ရွက်ခဲ့သော်လည်း ယနေ့အထိ လိုက်နာဆောင်ရွက်ခြင်းမရှိသည့်အတွက်ကြောင့် သက်ဆိုင်ရာက အစိုးရထံ အခွင့်အာဏာတောင်းခံခဲ့ရာ အစိုးရ ဆောက်လုပ်ရေးဝန်ကြီးဌာနက ၃၀-၁၀-၂၀၁၉ ရက်စွဲဖြင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ အရာရှိတစ်ဦးကို အခွင့်ရအာဏာပိုင် အပ်နှင်းလိုက်၍ ဇေကမ္ဘာထံ တပ်က နို့တစ်စာပေးလိုက်ခြင်းဖြစ်သည်ဟု သိရသည်။
တပ်မြို့စည်ပင်က စစ်ထောက်ချုပ်ရုံးအနေဖြင့် ဇေကမ္ဘာကုမ္ပဏီကို အဆိုပါမြေပေါ်တွင် ဟိုတယ်လုပ်ငန်းလုပ်ကိုင်ရန် ၁၆-၁-၂၀၁၄နေ့က MOA စာချုပ်ချုပ်ဆိုပြီး ငှားရမ်းခဲ့ကြောင်း၊ကုမ္ပဏီအနေဖြင့်စာချုပ်ချုပ်ဆိုပြီး ငှားရမ်းခကို ၂နှစ်အတွင်း ၅ကြိမ်ပေးသွင်းရမည်ဖြစ်သော်လည်း ၂ကြိမ်သာပေးသွင်းပြီး ကျန်ငွေကို ပေးသွင်းခြင်းမရှိခဲ့ကြောင်း၊ ဇေကမ္ဘာကုမ္ပဏီသည် တရုတ်ကုမ္ပဏီတစ်ခုနှင့် Yangon New World စီမံကိန်းကို ခွင့်ပြုချက်တစ်စုံတစ်ရာမယူဘဲ လုပ်ကိုင်ခဲ့ခြင်း၊၎င်းအပြင် ကုမ္ပဏီအနေဖြင့် BOT စာချုပ်ချုပ်ဆိုနိုင်ခြင်းမရှိသည့် အချိန်တွင် သက်ဆိုင်ရာကို တင်ပြခြင်းမရှိဘဲ ရှေးဟောင်းသမိုင်းဝင် မြို့တော်ဝန်အိမ်အပါအဝင် အခြားအဆောက်အဦ ၂လုံးကို ဖြိုဖျက်ခဲ့ကြောင်း ထိုသို့သော ဖောက်ဖျက် ကျူးလွန်မှုများကြောင့် ၁၀-၅-၂၀၁၈ တွင် ဇေကမ္ဘာကုမ္ပဏီဥက္ကဌထံ လုပ်ငန်းများဆက်လက်ဆောင်ရွက်ရန်အကြောင်းမရှိတော့ကြောင်း၊လုပ်ငန်းပိတ်သိမ်းဆောင်ရွက်ရန် အကြောင်းကြားပြီးဖြစ်ကြောင်း၊တားမြစ်နေသည့်ကြားမှပင် ကုမ္ပဏီသည် မြို့နယ်၈မြို့နယ်ရေပေးဝေနေသည့် ကုက္ကိုင်းရေလှောင်ကန်ဆက်စပ်မြေနေရာကို ထိခိုက်နိုင်သည်ဆိုသော ကန့်ကွက်မှုများပေါ်လာအောင် စီမံကိန်းမြေနေရာတွင် မြေတူးဖော်မှုခဲ့ခြင်းများရှိခဲ့ကြောင်း၊ခွင့်ပြုချက်မယူဘဲ ခွင့်ပြုသယောင် အဆိုပါမြေပေါ်တွင် စီမံကိန်းများလုပ်မည်ဆိုသော သတင်းများကိုလည်း ထုတ်ပြန်ခဲ့ပါကြောင်း အစရှိသည့် လုပ်ဆောင်ချက်များကို လုပ်ဆောင်ခဲ့၍ ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်ခြင်းဖြစ်သည်ဟု ၂၀၁၈ခုနှစ်ကပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ပြောဆို ရှင်းပြထားသည်။
မြရိပ်ညိုဝင်းအတွင်းမှ ထွက်ခွာသွားရန် တပ်က နို့တစ်စာပေးပို့ထားသည့်အပေါ် အယူခံတင်ထားကြောင်းနှင့်“စစ်ဆေးပြီး မှားရင်သိမ်းပစ်၊မှန်တယ်ဆိုပါကလုပ်ခွင့်ပေးဖို့“တောင်းဆိုထားသည့်အကြောင်း မီဒီယာများ၏မေးမြန်းမှုအပေါ် ဇေကမ္ဘာဦးခင်ရွှေက ဖြေဆိုထားကာ စီမံကိန်းပျက်သွားပါက တရုတ်ကုမ္ပဏီက ၎င်းအား ကန်ဒေါ်လာသန်း၅၀ လျှော်ကြေးတောင်းထားသည့်အကြောင်းလည်း ထည့်သွင်းပြောဆိုထားခဲ့ဖူးသည်။
မောင်မောင်/Myanmar Harp

No comments:

Post a Comment

My Blog List