Thursday, December 19, 2019

ဒေါက်တာဇော်မြင့်မောင် ဒီချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးသို့ တက်ရောက်မည်ဟုဆို

သွေးကင်ဆာရောဂါကြောင့် ထိုင်းနိုင်ငံသို့ သွားရောက်ကာ ဆေးဝါးကုသမှု ခံယူနေသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ  ဒု-ဥက္ကဌ ဒေါက်တာ ဇော်မြင့်မောင်သည် ယခုလကုန်ပိုင်းတွင် ကျင်းပမည့် ပါတီ ဗဟို အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးသို့ တက်ရောက်ဖွယ်ရှိကြောင်း ၎င်းပါတီ တာဝန်ရှိသူများက ပြောသည်။

“ဆရာဇော်မြင့်မောင် အစည်းအဝေး တက်ဖို့ ကျွန်တော်တို့ စီစဉ်ထားတာ ရှိပါတယ်။ ဒီလိုတက်ဖို့ စီစဉ်တယ် ဆိုကတည်းကိုက ကျန်းမာရေး အရ၊ ကျန်းမာရေး အခြေအနေ ကောင်းလာလို့ပါ” ဟု ဒီချုပ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့် က Mandalay In-depth News အား ပြောသည်။
ဒီချုပ်ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးကို လစဉ်လတိုင်း လကုန်နောက်ဆုံးပတ်တွင် ကျင်းပလေ့ရှိပြီး ယခု ဒီဇင်ဘာလတွင် ကျင်းပမည့် အစည်းအဝေးသို့ ဒေါက်တာဇော်မြင့်မောင် တက်ရောက်နိုင်ရန် စီစဉ်ထားခြင်း ဖြစ်သည်ဟု ပါတီတာဝန်ရှိများက ဆိုသည်။
ဒီချုပ်ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဒုတိယ ဥက္ကဌ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် သွေးကင်ဆာရောဂါ ခံစားနေရပြီး အောက်တိုဘာ လကုန်ပိုင်းကတည်းက ထိုင်းနိုင်ငံသို့ သွားရောက်ကာ ဆေးဝါးကုသမှု ခံယူနေသည်မှာ နှစ်လနီးပါး ကြာမြင့်ပြီဖြစ်သည်။
ဒီဇင်ဘာ(၁၁)ရက်တွင် ကျရောက်ခဲ့သည့် ဒေါက်တာဇော်မြင့်မောင်၏ (၆၈)နှစ်ပြည့် မွေးနေ့တွင် ဒေါက်တာဇော်မြင့်မောင်၏ ကျန်းမာရေးအခြေအနေ သက်သာပြီဖြစ်၍ ဆေးရုံမှ ဆင်းပြီဖြစ်ကြောင်းနှင့် တစ်ပတ်တစ်ခါ ကုသမှုခံယူရဦးမည်ဖြစ်၍ ထိုင်းနိုင်ငံတွင် ဆက်လက်နေထိုင်ရဦးမည်ဟု ၎င်း၏ ဇနီးသည် ဒေါက်တာဒေါ်ယုယုမေက ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက်တွင် ဖော်ပြခဲ့သည်။
“မကြာမီ ကျန်းမာစွာဖြင့် ပြန်လာပါမည်”ဟု ဒေါက်တာဒေါ်ယုယုမေက ဆိုသည်။
ယခုလကုန်ပိုင်းတွင် ကျင်းပမည့် ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးသို့ တက်ရောက်ရန် စီစဉ်ထားသော်လည်း ဒေါက်တာ ဇော်မြင့်မောင်သည် လတ်တလောတွင်  ပြည်တွင်းသို့ ပြန်လည်ရောက်ရှိခြင်း မရှိသေးကြောင်း ဒေါက်တာမျိုးညွှန့်က ပြောသည်။
လက်ရှိတွင် မန္တလေးတိုင်း အစိုးရအဖွဲ့ လျပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေး ဝန်ကြီး ဦးဇာနည်အောင်က ဒေါက်တာဇော်မြင့်မောင် ကိုယ်စား ခေတ္တဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားသည်။
ဒေါက်တာဇော်မြင့်မောင် ကို မိသားစုဝင်များနှင့်အတူ တွေ့ရစဉ် / Photo – Yu Yu May FB
Mandalay Indepth News

No comments:

Post a Comment

My Blog List