Monday, June 01, 2015

ပါတီနှင့် အစိုးရအဖွဲ့ဝင်အချို့ မူဝါဒကွဲနိုင်ဟု USDP အတွင်းရေးမှူး ပြောကြား


အာဏာရပါတီဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က အသစ်ချမှတ်ထားသော မူဝါဒများအပေါ် အစိုးရအဖွဲ့ဝင်အဖြစ် တာဝန်ယူ ထားသည့် ပါတီဝင်များ သဘောထားကွဲလွဲနိုင်ကြောင်း ယင်းပါတီ အတွင်းရေးမှူး ဦးသိမ်းဆွေက ပြောကြားသည်။ 

“အများစုက တစ်သားတည်းကျမယ်လို့ ယုံကြည်ပါတယ်။ အနည်းစုက ကွဲလွဲမှုတွေ ရှိနိုင်ပါတယ်” ဟု၎င်းက ဆိုသည်။

ကြံ့ခိုင်ရေးပါတီက မေလ ၂၉ ရက်မှ ၃၁ ရက်နေ့အထိ ပြုလုပ်ခဲ့သော လေးကြိမ်မြောက် ဗဟိုကော်မတီ အစည်းအဝေးက အသစ်ပြန်လည်ချမှတ်လိုက်သည့် မူဝါဒအချို့ကို အစိုးရအဖွဲ့ဝင် ပါတီဝင်များက သဘောထား
ကွဲလွဲမှု ရှိနိုင်ကြောင်း မေလ ၃၁ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ယင်းပါတီ ဗဟိုကော်မတီ အစည်းအဝေးတွင် ဦးတည်ချက်၊ ရည်ရွယ်ချက်သုံးရပ်၊ ရည်မှန်းချက်ကိုးရပ်၊ မှတ်တမ်းတင်ခြင်း ငါးရပ်နှင့် ရှေ့လုပ်ငန်းစဉ် ငါးရပ်ကို ချမှတ်နိုင်ခဲ့သော်လည်း သမ္မတလောင်း၊ ကိုယ်စားလှယ်လောင်းများကို ရွေးချယ်နိုင်ခဲ့ခြင်း မရှိသေးကြောင်း ဦးသိမ်းဆွေက ဆိုသည်။

လက်ရှိတွင် အစိုးရအဖွဲ့သို့ ရောက်ရှိနေသော ပါတီဝင်များ၏ လုပ်ဆောင်ချက်သည် ပါတီဌာနချုပ်က မသိရသည့်ကိစ္စများ ရှိနေသောကြောင့် ပါတီအနေနှင့် လွှတ်တော်တွင် ကန့်ကွက်မှုများ ပြုလုပ်နေရကြောင်း ၎င်း က ပြောသည်။

လာမည့်ရွေးကောက်ပွဲတွင် တပ်မတော်သား၊ ပုဂ္ဂလိကလုပ်ငန်းရှင်နှင့် အငြိမ်းစားများ ကိုယ်စားလှယ်လောင်း အဖြစ် ပါဝင်လာနိုင်ပြီး နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုဝန်ကြီးများ အနေနှင့်လည်း ဥပဒေနှင့်အညီ ပါတီတာဝန် ထမ်းဆောင်လာမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ၏ အဓိကပြိုင်ဘက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဖြစ်လာမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးများတွင် NLD ပါတီကို အဓိကထား ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပြည်နယ်များတွင် တိုင်းရင်းသားပါတီများကို အဓိကထား ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ဦးသိမ်းဆွေက ဆိုသည်။

ကြံ့ခိုင်ရေးပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အများစု အနိုင်ရရှိကာ ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသူ ဝန်ကြီးချုပ်ဟောင်း ဦးသိန်းစိန်ကို နိုင်ငံတော်သမ္မတ အဖြစ် ရွေးချယ်တင်မြှောက်ခဲ့ပြီး ပါတီဝင် ရှမ်းတိုင်းရင်းသားတစ်ဦးဖြစ်သူ ဒေါက်တာစိုင်းမောက်ခမ်းကို ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့သည်။

ယင်းအစိုးရအဖွဲ့ဝင်များကို ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီအဖွဲ့တွင် တာဝန်ထမ်းဆောင်နေသူ အများစုကို ခန့်အပ်ခဲ့သည်။

The Voice Weekly


No comments:

Post a Comment

My Blog List