Friday, June 05, 2015

လက်ပွား ကိုယ်တော် ကိစ္စကြောင့် လွှတ်တော် မီဒီယာခန်းများ ကန့်သတ်ဟု ဦးရွှေမန်းပြော


တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တဦးက လွှတ်တော်တွင် မဲခွဲ ဆုံးဖြတ်စဉ် အခြားမလာရောက်နိုင်သည့် တပ်မ တော် လွှတ်တော်ကိုယ် စားလှယ် ကိုယ်စား ဆန္ဒမဲပေးနေသည့် ဓာတ်ပုံကို ပြည်တွင်းသတင်းဂျာနယ် တခုဖြစ်သည့် ဂလို ဘယ်လ် ပို့စ်တွင် ဖော်ပြမှုသည် လွှတ်တော်မီဒီယာခန်း များတွင် မီဒီယာများ သတင်းယူခွင့် ကန့်သတ်ခြင်းနှင့် ဆက်စပ် နေကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ယမန်နေ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေး တွင် ပြောသည်။

ဧပြီ ၁၀ ရက်နေ့ ထုတ်ဝေသည့် မြန်မာပို့စ် ဂလိုဘယ်သတင်းဂျာနယ်တွင် “လွှတ်တော်ထဲက လက်ပွားကိုယ်တော်တွေနဲ့ သံသယ ဖြစ်စရာမဲရလဒ်များ” အမည်ဖြင့် တပ်မတော်သား ကိုယ်စားလှယ်တစ်ဦးက ကိုယ်စားမဲပေးနေ သည့် သတင်း ဓာတ်ပုံများ ဖော်ပြခဲ့မှုနှင့် ဆက်စပ်၍ ယခုကဲ့သို့ လွှတ်တော် မီဒီယာခန်းများတွင် သတင်းရယူခွင့် တားမြစ်ကန့်သတ်ခြင်း ဖြစ်ပြီး မလိုလားအပ်သည့် အထင်အမြင်လွဲမှားမှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက် ကြောင့် ကန့်သတ်ရခြင်းဖြစ်ကြောင်း ဦးရွှေမန်းက ပြောသည်။

“လက်ပွားကိုယ်တော်များကိစ္စ မတိုင်ခင်ကလည်း ဒီအခန်းများကနေ ရိုက်ကူးပြီး ဒီလိုပဲ သတင်းဂျာနယ်များမှာ ဖော်ပြ ခံရတဲ့ လွှတ်တော်ကိုယ် စားလှယ်အချို့ရဲ့ လုပ်ဆောင်မှုများ မြင်မကောင်းအောင် တွေ့ရှိခဲ့တာ ရှိခဲ့ပါတယ်။ ဒီအခြေအနေ တွေကို သုံးသပ်ရင် နောက်ပိုင်းမှာလည်း ဒီလိုကိစ္စရပ်မျိုးတွေ ထပ်ဖြစ်လာနိုင်ပြီး ပိုမိုပြီး အထင်အမြင် လွဲမှားတာတွေ မလိုလားအပ်တာတွေဖြစ်ပေါ်လာနိုင်ပါတယ်” ဟု သူရဦးရွှေမန်းက ရှင်းလင်းပြောကြားသည်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ချုပ်မောင်မောင်နှင့် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းတို့ ဥပဒေကြမ်း ပူးပေါင်းကော်မတီအ စည်းအဝေး တက်ရောက်နေစဉ် ဗိုလ်မှူးချုပ် အောင်ကျော်နှင့် ဒုတိယ ဗိုလ်မှူးကြီး မျိုးမြင့်တို့က ကိုယ်စားမဲပေးခဲ့ခြင်းဖြစ်ပြီး ယင်းကိစ္စကို ခေါ်ယူသတိပေးခဲ့ကြောင်း သူရဦးရွှေမန်းက ဆိုသည်။

“တပ်မတော်သား ကိုယ်စားလှယ်များအနေနဲ့ သဘောရိုးဖြင့် ဆောင်ရွက်ခဲ့ တာဖြစ်လို့ မီဒီယာများအနေနဲ့လည်း အကြောင်း အကျိုး ရှေ့နောက်ချင့်ချိန် ပြီး မီဒီယာကျင့်ဝတ်နဲ့ မညီညွတ်မှုများ ဆက်လက်မပေါ်ပေါက်စေရေး ကြပ်မတ် ဆောင်ရွက်ပေးရန် တင်ပြလာပါတယ်။ ၎င်းရဲ့တင်ပြချက်ဟာ လွှတ်တော်များ၊ လွှတ်တော်ကိုယ်စားလှယ်များနဲ့ မီဒီယာ အဖွဲ့များအတွက် သင့်တင့်မျှတတဲ့ တင်ပြမှုဖြစ်လို့ ယခုလို ကန့်သတ်ခဲ့တာဖြစ်ပါတယ်” ဟု သူရဦးရွှေမန်းက ပြောကြား သည်။

မေလ ၂၆ ရက်မှ ဇွန်လ ၁ ရက်အထိ လွှတ်တော်အသီးသီးရှိ ယခင်မီဒီယာ များသတင်းရယူနေသည့် မီဒီယာများ အခန်းအတွင်း ၀င်ရောက် သတင်းရ ယူခွင့် ပိတ်ပင်လိုက်ခြင်းဖြစ်ပြီး သတင်းသမားများသည် လွှတ်တော်တွင်းသို့ တိုက်ရိုက်ကြည့်ရှု သတင်းရယူ နိုင်ခြင်းမရှိတော့ပေ။

ထို့ပြင် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များပါဆက်စပ်ဖြစ်ပေါ်လာနိုင်သည့်အတွက် ယခုကဲ့သို့ မီဒီယာများကို ကန့်သတ်လိုက်ခြင်း ဖြစ်ပြီး အစည်းအဝေးခန်းမ အတွင်း လွှတ်တော်ကိုယ်စားလှယ်များ စိတ်တိုင်းကျ နေနိုင်စေရန် မဟုတ် ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

“ကိုယ်စားလှယ်များ အစည်းအဝေး ခန်းမအတွင်း လိုက်နာရမယ့် စည်းကမ်းတွေ၊ ကျင့်ဝတ်တွေ ရှိပါတယ်။ ဒါတွေကို ပြည်ထောင်စုလွှတ်တော် နာယကက ကြပ်မတ်ဆောင်ရွက်ဖို့ တာဝန် လုပ်ပိုင်ခွင့်ရှိပါတယ်” ဟု ယင်းက ပြောကြား သည်။

မီဒီယာများအနေဖြင့် လွှတ်တော်များ၏ သတင်းရယူမှု ဆောင်ရွက်ချက်ကို ကြိုဆိုကြောင်း၊ လွှတ်တော်ဆိုင်ရာ လုပ်ငန်းများ သတင်း ရယူမှုကို စနစ်တကျနှင့် အဆင်ပြေစေရေးအတွက် သတ်မှတ်ပေးထားသည့် နေရာများတွင် ဆက်လက် ရယူ နိုင် ကြောင်း၊ သတင်းရယူမှုအပြင် တွေ့ဆုံမေးမြန်းမှုများအတွက်လည်း ပိုမိုကောင်းမွန်သည့်၊ သင့်တော်သည့် အစီအမံများ ဆက်လက် လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သူရဦးရွှေမန်းက ပြောကြားခဲ့သည်။

လွှတ်တော်မီဒီယာခန်းများတွင် သတင်းမီဒီယာများ သတင်းရယူရန် ခွင့်ပြုထားသော မီဒီယာခန်းမပိတ်ပင်ခြင်းကို မြန်မာ ဂျာနယ် လစ်ကွန် ရက်(MJN)နှင့် နိုင်ငံခြားသတင်းထောက်များအသင်းတို့က ပြည်ထောင်စု လွှတ်တော်နာယကထံ ကန့် ကွက်စာများ ပေးပို့ထားကြောင်း သိရသည်။

ပြည်တွင်းစာနယ်ဇင်းအသိုင်းအ၀ိုင်းကမူ လွှတ်တော်သတင်းမီဒီယာခန်းများ ပိတ်ပင်ခြင်းသည် သတင်းလွတ်လပ်ခွင့်ကို ထိန်းချုပ်လာခြင်းဖြစ်ကြောင်း သုံးသပ်ပြောဆိုကြသည်။

မြန်မာဂျာနယ်လစ်ကွန်ရက်မှ အထွေထွေအတွင်းရေးမှူး ဦးမြင့်ကျော်က “မလိုလားအပ်တာတွေဖြစ်လာမယ်ဆိုတာ သူဘာ ကို စိုးရိမ်နေသလဲ ကျနော်နားမလည်ဘူး။ သဘောက လွှတ်တော်မှာ သတင်းယူခွင့်ပေးထား တယ်။ လွှတ်တော် ကိုယ်စား လှယ် တွေက သူတို့လွှတ်တော်စည်းမျဉ်း စည်းကမ်းနဲ့ ညီလား မညီလား၊ အဲလိုမဲပေးခွင့်ရှိလားမရှိလား ဒါ သတင်း မီဒီယာ ကထောက်ပြ ရေးသားတယ်။ ဒါဟာ တပ်မတော်သား ကိုယ်စားလှယ် လည်းဖြစ်ချင်ဖြစ်မယ်။ အရပ်သား ကိုယ်စားလှယ် လည်း ဖြစ်ချင်ဖြစ်မယ်။ မီဒီယာကတော့ ရေးဖို့ ၀တ္တရားရှိတယ်။ မလိုလားအပ်တာဖြစ်မယ်ဆိုတာ တပ်က မီဒီယာအပေါ်မှာ တရားစွဲမှာတို့၊ ထောင်ချမှာတို့ သို့မဟုတ် တပ်က မီဒီယာကို လုံးဝသတင်းမပေးတော့မှာတို့ အဲလိုမျိုး စိုးရိမ်တာလား။ ဘာကို စိုးရိမ်တာလည်း နားမလည်ဘူး။ ဒါပေမယ့် တကယ်သာ ပွင့်လင်းမြင်သာ တယ်၊ တာဝန်ခံမှုရှိတဲ့စနစ်ကို သွားချင်ရင် ဒီကိစ္စဟာ နောက်ကို မဖြစ် ရအောင် လွှတ်တော်က ပြင်ဆင်ဖို့ပဲလိုတာ” ဟု သုံးသပ်ပြောဆိုသည်။

ဧရာဝတီ


No comments:

Post a Comment

My Blog List