Friday, June 05, 2015

မန္တလေးတွင် အခွန်စနစ် ကောင်းမွန်ရေး အထောက်အကူပြု အဖွဲ့များဖွဲ့မည်


အခွန်ကောက်ခံမှုစနစ် ပိုမိုကောင်းမွန်လာစေရန်နှင့် အခွန်ရှောင်သူများအား စိစစ်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး မန္တလေး စည်ပင် နယ်နိမိတ်ပိုင် မြို့နယ် ၆ ခုတွင် အခွန်ဘဏ္ဍာ တိုးတက်ရရှိရေး အထောက်အကူပြု အဖွဲ့များအား စတင်ဖွဲ့စည်းမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာ မြင့်ကြူက ပြောသည်။

“အခုလို အဖွဲ့တွေ ဖွဲ့မယ်ဆိုတော့ မုန့်ဟင်းခါးသည်ကအစ အခွန်ကောက်ဖို့ ပြင်နေပြီလို့ ပြည်သူတွေက ထင်ကြလိမ့်မယ်၊ အဲဒီလိုမျိုး မဟုတ်ပါဘူး၊ ဥပဒေနဲ့အညီ အခွန်ကောက်ခံဖို့ အခွန်ပုန်း၊ အခွန်ရှောင်သူတွေကို လွတ်မသွားစေဖို့ပါ”ဟု ဇွန် ၃ ရက်က မန္တလေးမြို့၌ ကျင်းပသည့် အခွန်ဘဏ္ဍာ အထောက်အကူပြု အဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် ၎င်းက ပြောဆိုသည်။

စည်ပင်သာယာ နယ်နိမိတ် ၆ မြို့နယ်ကို ရှေ့ပြေးလုပ်ငန်းစဉ်အဖြစ် ဆောင်ရွက်ခြင်းဖြစ်ပြီး မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများ၌ပါ အထောက်အကူပြု အဖွဲ့များကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်းနှင့် ဇွန်လအတွင်း အပြီးဆောင်ရွက်မည်ဟု မန္တလေးတိုင်း ဒေသကြီး ပြည်တွင်းအခွန်များ ဦးစီးဌာနမှူးရုံး၏ တိုင်းဦးစီးမှူး ဦးစိုးနိုင်က ပြောသည်။

“ပထမခြေလှမ်း အနေနဲ့ အဖွဲ့ဖွဲ့စည်းတာ ဖြစ်တယ်၊ အဖွဲ့ဖွဲ့ပြီးတာနဲ့ အခွန်ကောက်ခံမှာ မဟုတ်ပါဘူး၊ အခွန်နဲ့ ပတ်သက်တဲ့ ပညာပေး လုပ်ငန်းတွေကို အောက်ခြေအဆင့်ထိ အရင်လုပ်ဆောင်မှာပါ”ဟုလည်း ၎င်းက ဆိုသည်။

အခွန်ဘဏ္ဍာ တိုးတက်ရရှိရေး အထောက်အကူပြု အဖွဲ့တွင် အခွန်ဦးစီးဌာန၊ စည်ပင်သာယာရေး ကော်မတီ၊ ရဲတပ်ဖွဲ့မှူးရုံး၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု အဖွဲ့တို့က ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းသွားမည်ဟု ဦးစိုးနိုင်က ဆက်လက် ပြောဆိုသည်။

အခွန်ဘဏ္ဍာ တိုးတက်ရရှိရေး အထောက်အကူပြုအဖွဲ့ ဖွဲ့စည်းမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ အဝေးပြေးကုန်စည် ပို့ဆောင်ရေး ၀န်ဆောင်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဝင်းမြင့်က “အခွန်ကိစ္စကို ဘယ်သူမှ ဂဃနဏ မသိကြဘူး၊ အခွန်ပေးရမယ့် လုပ်ငန်း ရှင်ကလည်း ဘယ်ကစလို့ ဘယ်သူကိုပေးရမယ်ဆိုတာ မရှင်းမလင်းကြဘူး၊ ဒါကြောင့် အခွန်စနစ်ကို လူတွေနားလည်အောင် ရှင်းပြ ပေးစေလိုတယ်၊ ပြီးတော့ သူတို့ပေးထားတဲ့ အခွန်တွေကို ဘယ်နေရာမှာ အကျိုးပြု သုံးစွဲထားတာကို ပွင့်လင်းမြင်သာရင် လူတိုင်း ကိုယ့်အသိစိတ်နဲ့ အခွန်ဆောင်ချင်လာမှာပါ”ဟု ပြောသည်။

ထိုအဖွဲ့များသည် ရပ်ကွက်၊ ကျေးရွာများအထိ အခွန်စည်းကြပ်မှုဆိုင်ရာ သတင်းအချက်အလက်များ ကွင်းဆင်းကောက်ခံခြင်း၊ အခွန်ရှောင်သူများအား ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်နိုင်ရေး အတွက် တိုင်းအဆင့် အထောက်အကူပြု အဖွဲ့ထံ တင်ပြခြင်း နှင့် အခွန်ဆိုင်ရာ အသိပညာပေးမှုများ ပြုလုပ်မည်ဖြစ်သည်ဟုလည်း ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ကောက်ခံရမည့် အခွန် (၁၉) မျိုးနှင့် ပြည်တွင်းအခွန် ဌာနက ကောက်ခံလျက်ရှိသော ၀င်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ တံဆိပ်ခေါင်းခွန်၊ အောင်ဘာလေထီဆု အခွန်တို့ကို တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လုပ်ပိုင်ခွင့်အရ ကောက် ခံလျက်ရှိရာ နှစ်စဉ် ကောက်ခံရရှိသည့် အခွန်ငွေများ၏ ၇၀ ရာခိုင်နှုန်းသည် ပြည်တွင်းအခွန်များ ဦးစီးဌာနရုံးမှ ဖြစ်သည်ဟု မန္တလေးတိုင်း ဘဏ္ဍာရေး ၀န်ကြီးဌာနက သိရသည်။

ထို့အတူ ပြည်တွင်းအခွန်များ ဦးစီးဌာနက ပြီးခဲ့သည့် မေလက စတင်ပြီး တနှစ် ရောင်းရငွေ ကျပ် သိန်း ၂၀၀ အထက် ရှိသော စားသောက်ဆိုင်များကို ပြေစာကပ် အခွန်ကောက်ခံမှု စနစ်ဖြင့် အခွန်ကောက်ယူလျက် ရှိသည်။

ဧရာဝတီ


No comments:

Post a Comment

My Blog List