Wednesday, June 03, 2015

ကြံ့ခိုင်ရေးပါတီကို ဦးရွှေမန်း ဦးဆောင်မှုအပေါ် အမြင်များ

   








၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေးနှင့် အာဏာရ ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ခိုင်ရေး ပါတီ)ကို လက်ရှိ ပါတီ ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ဦးဆောင်သွားမည်ဟု ၄ ကြိမ်မြောက်ပါတီ၏ ဗဟိုကော်မတီ အစည်းအဝေးက ဆုံးဖြတ်လိုက်ပြီးနောက် ဦးရွှေမန်း၏ ပါတီကို ဦးဆောင် နိုင်မှု အခြေအနေ၊ သမ္မတ ဖြစ်နိုင်ခြေနှင့် ရွေးကောက်ပွဲအပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) နှင့် ညွှန့်ပေါင်းအစိုးရ ဖွဲ့နိုင်ခြေ ရှိမရှိတို့နှင့် ပတ်သက်ပြီး မြန်မာ့ နိုင်ငံရေး အသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များကို ဧရာဝတီ သတင်းထောက် ထွန်းထွန်းနှင့် ဇူးဇူးတို့က ဆက်သွယ် မေးမြန်းထားပါသည်။

ဦးခင်မောင်ဆွေ
အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ

၂၀၁၅ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေး ပါတီကို ဦးရွှေမန်း ဦးဆောင်မယ် ဆိုတာပဲ ကြားသေးတာပါ။ ဘာမှ သေသေချာချာ မသိရသေး ပါဘူး။ ကိုယ်စားလှယ်လောင်း ရွေးတာတွေ ဘာမှမလုပ်ရသေးဘူး။ သူတို့အနေနဲ့ NLDနဲ့ ထိပ်တိုက်တွေ့မယ်လို့ ပြောနေကြတာ တွေ ရှိပါတယ်။ သူ ဦးဆောင် လာတယ်ဆိုတာနဲ့ သူသမ္မတ ဖြစ်မဖြစ် ဆိုတာက ရွေးကောက်ပွဲက သမ္မတ လောင်း ရွေးတဲ့ပွဲ မဟုတ်ပါဘူး။ ကိုယ်စားလှယ်လောင်း ရွေးတာ ဖြစ်တဲ့ အတွက် ရွေးကောက်ပွဲပြီးမှသာ ဘယ်သူ သမ္မတ ဖြစ်မလဲ သိရမှာပါ။ ရွေးကောက်ပွဲမှာလဲ ဘယ်ပါတီမှ အပြတ်အသတ် အနိုင်မရနိုင်တဲ့အတွက် ညွန့်ပေါင်းအစိုးရကတော့ ဖြစ်လာမယ် ထင်ပါတယ်။

ဒေါ်ညိုညိုသင်း

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်

လက်ရှိ အုပ်ချုပ်ရေးပိုင်းက ဗိုလ်ချုပ်ကြီးတွေနဲ့စာရင် ဦးရွှေမန်းက ပြုပြင် ပြောင်းလဲရေးကို လိုလားသူ ဖြစ်တယ် လို့ သာမန်အားဖြင့် ယူဆလို့ရတယ်။ သူဟာ တီထွင်ဖန်တီးလိုစိတ် ရှိတယ်လို့ မြင်တဲ့အတွက် တိုင်းပြည်ဟာ ဆိုးဆိုးဝါးဝါး အခြေအနေ ဖြစ်လာမယ်လို့တော့ မထင်ဘူး။ ဒါပေမယ့် သူဆန္ဒရှိတဲ့အတိုင်း တကယ် လုပ်ခွင့်ရပ့ါ မလားဆိုတာ စိုးရိမ်စရာရှိတယ်။ သူ့ကိုလဲ တပ်မတော်ဘက်က ထောက်ခံမှု ကျဆင်းနေတယ်လို့လဲ ကြားနေရ တယ်လေ။ တပ်မတော်ဘက်က ထောက်ခံမှု မရှိရင် ခေါင်းဆောင်ဖြစ်လာမှာ မဟုတ် ဘူး။ တပ်မတော်သား တွေကို အရင် စည်းရုံးဖို့ လိုတယ်။ တပ်မတော် သားတွေဘက်ကလည်း တသွေး၊ တသံ၊ တမိန့် ဆိုတာကိုပဲ လုပ်ကြမှာလား။ အများပြည်သူ အကျိုးအတွက် ပူးပေါင်းဆောင်ရွက်ကြမလားဆိုတာ စောင့်ကြည့်ရမှာပါ။ အဲဒီအတွက် ဦးရွှေမန်းရဲ့ ဦးဆောင်ခွင့်ဆိုတာ မသေချာ သေးတဲ့ အနေအထားဖြစ်လို့ နောက်အဆင့်တွေကို ပြောဖို့ စောသေးတယ် ထင်ပါတယ်။

ဦးပြုံးချို
၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း

ဘယ်ပါတီပဲဖြစ်ဖြစ် ပြည်သူလူထုနဲ့ နိုင်ငံအကျိုးစီးပွားအတွက် ရှေးရှု လုပ်ဆောင်ဖို့သာ အဓိကကျပါတယ်။ ဦးရွှေမန်း ဦးဆောင်လာ တာနဲ့ နိုင်ငံရေး ပြောင်းလဲမှုတွေ၊ ညွန့်ပေါင်း အစိုးရဖွဲ့ဖို့ ဆိုတာတွေအတွက် ကျော်ဖြတ် ရမယ့်အဆင့်တွေ အများကြီးကျန်ပါသေး တယ်။ ရွေးကောက်ပွဲ ဆိုတာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်နေချိန်မှာ ပြည်သူလူထုက ရွေးကောက်တင်မြောက်တဲ့ လွှတ် တော် ကိုယ်စားလှယ်တွေက အစိုးရဖွဲ့ဖို့၊ ဥပဒေတွေ ရေးဆွဲအတည်ပြုကြဖို့ လုပ်ဆောင်တဲ့ လမ်းကြောင်းတခုပါ။ လွတ်လပ် မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာဖို့။ မဲရ လဒ်တွေအပေါ် အာမခံမှု ရှိဖို့ ဆိုတာတွေကို လုပ်ဆောင်ကြရမှာပါ။ ပြုပြင်ပြောင်းလဲရေးမှာ ဟန့် တားနေ တဲ့ ကိစ္စ ရပ်တွေကို ကျော်လွှားဖြေရှင်းနိုင်မယ့်သူကို ပြည်သူတွေက ရွေးချယ်နိုင်ဖို့ လိုပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် မှတ်ကျောက်တင် ခံရမယ့်အချိန် မှာ နိုင်ငံနဲ့ ပြည်သူတွေရဲ့ အကျိုးအတွက် လုပ်ဆောင်ကြရမယ် ဆိုတာကို သိထားဖို့ လိုပါတယ်။

ဦးကြီးမြင့်
တရားလွှတ်တော်ရှေ့နေ

ဦးရွှေမန်း ဦးဆောင်လာလည်း သူတို့ပဲ အုပ်ချုပ်ခဲ့ပြီး သူတို့ပဲ ပုံစံတမျိုးနဲ့ ပြန်လုပ်နေတာတွေက ရိုးနေပါပြီ။ သူတို့မှာ နှစ်ပေါင်း၆၀ကျော် ဒီလိုပုံစံနဲ့ပဲ လုပ်လာကြတာဟာ သိပ်မထူးဆန်းတော့ပါဘူး။ ဘာအပြောင်းအလဲမှ ဖြစ်လာမယ် မထင်ဘူး ဒီအတိုင်းပဲသွားမှာပါ။ စစ်တပ်ကို ပြောချင်တာက တသက်လုံးပဲ အာဏာကို ဆုပ်ကိုင် မထားဖို့ပါ။ သူဦးဆောင်လာလို့လည်း တဦးတဖွဲ့ပဲ ကိုယ်စားပြုတဲ့ အတိုက်အခံဆိုတာမျိုးနဲ့ သွားပေါင်းမိပါမှ ပိုဆိုးမှာပါ။ အဲလို အတိုက်အခံမျိုးကလည်း အများကြီးပါ။ အခု အလုပ်သမား၊ လယ်သမား တွေနဲ့ တရားမျှတမှု အ တွက် တောင်းဆိုနေတဲ့သူတွေ ဖမ်းဆီးခံနေရပေမယ့် သူတို့ကိုယ်တိုင်လုပ်နေရတယ်။ ဘယ်အတိုက်အခံ ဆိုတာ ရှိလို့လဲ။ သူတို့ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူလူထုကို ကိုယ်စားမပြုတဲ့ အတိုက်အခံဆိုတာနဲ့ သွားပေါင်းမိရင်တော့ တိုင်းပြည် ဒီထက်ဆိုးမှာ အသေအချာပါပဲ။

ဦးထွန်းထွန်းဟိန်
NLD ပါတီ ဗဟိုကော်မတီဝင်

ကျနော် နားလည်သလောက်က ဦးရွှေမန်းကို ဗဟိုရွေးကောက်ပွဲအောင်နိုင် ရေး ကော်မတီ ဥက္ကဌအနေနဲ့ ဦးဆောင်ဖို့ တာဝန်ပေး လိုက်တာပါ။ ပါတီ ဥက္ကဌနေရာနဲ့ ပတ်သက်လို့က သမ္မတဦးသိန်းစိန် ယာယီ နုတ်ထွက် ခဲ့လို့ သူက ယူထားတဲ့သဘောပါ။ အဲ့တော့ သူ့အနေနဲ့ အောင်နိုင်ရေး ကော်မတီကို ဦးဆောင်လာမှာ ဖြစ်တဲ့အတွက် သူတို့ပါတီရဲ့ မူဝါဒတွေကတော့ သိပ်ပြောင်း လဲမှာ မဟုတ် ပါဘူး။ ရွေးကောက်ပွဲ နောက်ပိုင်း ကိစ္စတွေ ကျတော့ အခုပြော လို့ မရသေးပါဘူး။ ကြားမှာအဆင့်တွေ ကျန်ပါသေးတယ်။ ကျနော် တို့ အနေနဲ့ကတော့ သူတို့နဲ့ ရွေးကောက်ပွဲမှာ အနိုင်ရအောင် အကောင်းဆုံး ယှဉ်ပြိုင်သွားမှာပါ။

ဦးဟန်ရွှေ
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်

ကြံ့ခိုင်ရေးပါတီကို ဦးရွှေမန်း ဦးဆောင်လာတာနဲ့ ပတ်သက်လို့ သူတို့အနေနဲ့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ တုန်းက အခြေအနေ ကိုလည်း ခန့်မှန်းမိ မှာပါ။ အဲဒီအတွက် သူတို့အနေနဲ့ တော်တော်လေးကို ပြင်ပြင်းထန်ထန် နည်းမျိုးစုံနဲ့ ကြိုးပမ်းလာကြပါလိမ့်မယ်။ အခုရွေးကောက်ပွဲမှာတော့ ၂၀၁၀ တုန်းကလို ဖြစ်မယ်လို့ မထင်ပါဘူး။ တိုင်းရင်းသား ပါတီတွေ NLDနဲ့ တခြားသော ပါတီတွေက လည်း ကြိုတင် ပြင်ဆင်မှုတွေ လုပ်နေကြတဲ့အ တွက် ညွန်ပေါင်း အစိုးရတရပ် ဖြစ်လာမယ်လို့ ကျနော် မျှော်လင့်ပါတယ်။ နောက်ပြီး ဦးရွှေမန်းအနေနဲ့ သူပြောထားတဲ့ ဖွဲ့စည်းပုံ ပြင်ရေးတို့လို ကိစ္စတွေကို လုပ်ဆောင်ဖို့ လာမယ့် ရွေးကောက်ပွဲမှာ ရလဒ်ကောင်းဖို့ လိုပါတယ်။ ကျနော်တို့ အနေနဲ့ လွှတ်တော်ထဲမှာ အားလုံး ပူးပေါင်းဆောင် ရွက်နိုင်ကြမယ် ဆိုရင်တော့ ပြုပြင် ပြောင်းလဲရေး ဆောင်ရွက် မှုတွေမှာ ပိုပြီး ကောင်းလာမှာပါ။

ဦးဦးလှစော
ရခိုင်အမျိုးသား ပါတီ

ကြံ့ခိုင်ရေးပါတီမှာ ဦးရွှေမန်းပဲဖြစ်ဖြစ်၊ ဦးအောင်သောင်းပဲဖြစ်ဖြစ် ဘယ်သူပဲ ဖြစ်ဖြစ် စိတ်ထဲမှာ သိပ်ပြီး စိုးရိမ်ပူပန်မှုတွေရော အကောင်းမြင်ရော အဆိုးမြင်ရော မရှိပါဘူး။ ပကတိပါပဲ။ ကျနော်တို့ကတော့ ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ပဲ မျှမျှတတဖြစ်ဖို့ပဲ မျှော်လင့်ပါတယ်။ လူတဦး ဘယ်သူ ဆိုတာထက် ပါတီမှာရှိတဲ့ ခေါင်း ဆောင်တွေဟာ တကယ့် ပြည်ထောင်စု စိတ်ဓာတ်ပေါ့လေ Federalism ပေါ်မှာ တန်ဖိုးထားမှု၊ တိုင်းရင်းသား ပြည်သူတွေရဲ့ ရပိုင်ခွင့်အပေါ်မှာ တန်ဖိုးထားတဲ့ ခေါင်းဆောင်တွေ များများရှိဖို့ လိုတယ်။ ဦးရွှေမန်း တယောက် တည်းနဲ့တော့ အဲလို မဟုတ်ဘူး။ မူဝါဒကို အခိုင်အမာ ချမှတ်ဖို့ လိုတယ်။ ချမှတ်ထားတဲ့ မူဝါဒ ကို လည်း တိတိကျကျ လိုက်နာဖို့ လိုတယ်။

ကျနော်တို့ မြန်မာပြည်မှာ ဘယ်သူသမ္မတဖြစ်မယ် မဖြစ်မယ်ဆိုတာကို သိပ်ပြီးတော့ အကြီးကြီးမထားဘူး။ ဥပမာအားဖြင့် ကျနော့် တယောက် တည်းရဲ့ ပုဂ္ဂိုလ်ရေးအရ ဆိုရင်တော့ မြန်မာပြည်မှာ တကယ့်သမ္မတဖြစ်ဖို့ သင့်တော်တဲ့ပုဂ္ဂိုလ်က ဒေါ်အောင်ဆန်းစုကြည်ပါ။ ကျနော့်ပုဂ္ဂိုလ်ရေးပါ ပါတီနဲ့မဆိုင်ပါဘူး။ ဒါပေမယ့် ဦးရွှေမန်းပဲ သမ္မတဖြစ်ဖြစ်၊ ဒေါ်အောင်ဆန်း စုကြည်ပဲ သမ္မတဖြစ်ဖြစ်၊ ကိုကိုကြီးပဲ သမ္မတဖြစ်ဖြစ် မြန်မာ ပြည်မှာတော့ အခက်အခဲပေါင်းများစွာနဲ့ ဖြတ်သန်းရဦးမယ်။ အထူးသဖြင့် ပြည်တွင်းစစ် ပြဿနာ၊ တိုင်းရင်း သားဒေသတွေရဲ့ ဖွံ့ဖြိုးမှုပြဿနာ၊ Power Sharing၊ Resource Sharing တွေကို တော်တော် ခက်ခက်ခဲခဲ ဖြတ်သန်းရမယ်။ ဖြတ် သန်းရတဲ့အခါမှာလည်း တိုင်းရင်းသားပါတီတွေနဲ့ ညှိညှိနှိုင်းနှိုင်း သဘော ထား ကြီးကြီးနဲ့ လုပ်နိုင်တဲ့ ခေါင်းဆောင်တယောက် လို တယ်။ ကျနော့် တယောက်ထဲအမြင်ဆိုရင်တော့ ဦးရွှေမန်းပဲဖြစ်ဖြစ်၊ ဦးအောင်သောင်း ပဲဖြစ်ဖြစ် သိပ်စိတ်မ၀င်စားဘူး။

နောက်တခုက မြန်မာပြည်မှာ အိန္ဒိယလို အတိုက်အခံရယ်လို့ ပြတ်ပြတ်သား သားမရှိဘူး။ ဥပမာ တိုင်းရင်းသား ပါတီတွေဆိုပါတော့ ၀န်ကြီးပေးရင်လည်း ယူလိုက်တာပဲ။ အဲတော့ တိုင်းရင်းသားပါတီတွေက NLDနဲ့ ပေါင်း ချင်ရင် လည်း ပေါင်းလိမ့်မယ်။ ကြံ့ခိုင်ရေးနဲ့ ပေါင်းချင်လည်း ပေါင်းလိမ့်မယ်။ တခုတည်းက Landslide နိုင်ပြီး အစိုးရဖွဲ့နိုင်မယ် မထင်ဘူး။ အဲလို မဟုတ်တဲ့အခါမှာ ညွန့်ပေါင်း အစိုးရ ဖွဲ့မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံက သိပ်မပြတ်သားဘူး။ အတိုက်အခံတွေအနေနဲ့ ဘာရာထူးမှလည်း မယူဘူး။ ဘာဝန်ကြီးမှလည်း မယူဘူးဆိုပြီး ပြတ်ပြတ်သားသား ရပ်တည်မယ်ဆိုတဲ့ နိုင်ငံရေး အစဉ်အလာတော့ မရင့်ကျက်သေးဘူး ထင်တယ်။ အဲတော့ ညှိညှိနှိုင်းနှိုင်းပေါ့၊ တကယ် စွမ်းဆောင်ရည်မြင့်တဲ့လူတွေ NLD က ဖြစ်ဖြစ် တိုင်းရင်းသားတွေထဲက ဖြစ်ဖြစ် ကြံ့ခိုင်ရေးက ဖြစ်ဖြစ် တကယ့်တိုင်းပြည် အတွက် အနစ်နာခံမယ့် ပုဂ္ဂိုလ်တွေ အမြော်အမြင်ရှိတဲ့ ကိုယ်ကျိုး စွန့်နိုင်တဲ့ ပုဂ္ဂိုလ်တွေ ရွေးချယ်ခံလည်း ဖြစ် ရမယ်။ အဲလူတွေ ညှိညှိနှိုင်းနှိုင်းနဲ့ အစိုးရတခု ဖြစ်မယ်ဆိုရင်တော့ ၂၀၁၅ အလွန်မှာတော့ နည်းနည်းလေး ထိန်းနိုင်မယ် ထင် တယ်။ မဟုတ်ရင်တော့ အခုရှိနေတဲ့ အခြေ အနေ အတိုင်း အထွေထွေ အကျပ်အတည်းနဲ့ တာဆူနေတဲ့ ပြဿနာပေါင်းများစွာနဲ့ မြန်မာနိုင်ငံကြီးပဲ ဖြစ်နေမယ်။

ဦးရဲထွန်း
သီပေါမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်

သူ့အနေနဲ့ ပါတီဥက္ကဋ္ဌတာဝန်ကို လွှတ်တော်စကတည်းက ဥပဒေအရ တာဝန်ယူထားတာ။ ဆိုတော့ နိုင်ငံရဲ့ အပြောင်းအလဲ လုပ်ဖို့မှာကတော့ သမ္မတရဲ့လုပ်ပိုင်ခွင့်အတွင်းက ဆောင်ရွက်နိုင်စရာရှိတာတွေကိုတော့ ဦးသိန်းစိန် လက်ထက်မှာလည်း လုပ်တာတွေရှိပါတယ်။ အပေါ်ယံ အပြောင်းအလဲတွေကတော့ ကမ္ဘာက ထင်သာ မြင်သာရှိအောင် လုပ်နိုင်ခဲ့ ပေမယ့် အောက်ခြေမှာကတော့ အဲဒီအပြောင်းအလဲတွေက သိပ်ပြီး သက်ရောက်မှု မရှိဘူး။

ဦးရွှေမန်းက ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီ ဥက္ကဋ္ဌ လုပ်သော် လည်း သူတို့ပါတီအနေနဲ့ လာမယ့် ရွေးကောက်ပွဲ ကာလမှာ သူက သမ္မတလောင်းအဖြစ်နဲ့ သူတို့ပါတီက တင်တာကို ခံရမလား။ ဒါမှမဟုတ် ဦးသိန်းစိန်ကိုပဲ ပြန်တင်မလားဆိုတဲ့ဟာက သူတို့ပါတီတွင်းမှာ ဆုံးဖြတ်ရဦးမယ်။ ဆုံးဖြတ်ပြီးတော့မှ သူတို့ ပါတီတွင်းက သူ့ကို ရွေးလိုက်တယ် ဆိုရင်လည်း ရွေးကောက်ပွဲမှာ မဲအများဆုံးနဲ့ နိုင်ဖို့ လိုပြန်တယ်။

NLD နဲ့ မတိမ်းမယိမ်းပဲ နိုင်တယ်ဆိုလို့ရှိရင်တော့ သူတို့က တပ်မတော် ၂၅ ရာခိုင်နှုန်း ထောက်ခံမှုရဖို့ လိုတယ်။ တိုင်းရင်းသား ပါတီတွေက ထောက်ခံဖို့ လိုတယ်။ တိုင်းရင်းသား ပါတီတွေနဲ့ ညှိနှိုင်းရမှာက ပေါ်လစီရေးရာ ကိစ္စတွေ။ ဥပမာ တိုင်းရင်းသားဒေသ တွေ ကို ဖက်ဒရယ်စနစ်နဲ့ သွားဖို့အတွက် ဘယ်လောက် အာမခံ ပေးနိုင်မလဲ။ အဲဒါတွေ နိုင်ငံရေးအရ ဒီလိုဟာတွေကို စေ့စပ်ပြီး တော့မှ တိုင်းရင်သားတွေရဲ့ပါတီတွေ ထောက်ခံမှုရမှ သူသမ္မတ ဖြစ်နိုင်မယ်။ သမ္မတ ဖြစ်ပြီး ပြန်တော့လည်း ကျနော်တို့နိုင်ငံက အပြောင်းအလဲ ဖြစ်ဖို့ဆိုရင် အရေး ကြီးတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဖို့ကို တပ်မတော်က ထောက်ခံမှဖြစ်မှာ။ ဒါတွေကို State Holder လို့ခေါ်တဲ့ တိုင်ရင်းသားပါတီတွေ အပါအ၀င် နိုင်ငံရေးပါတီတွေ တပ်မတော်ရယ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းတွေရယ်ကို စေ့စပ်ညှိနှိုင်းပေးပြီး အဲဒါတွေကို သူဘယ်လောက် အကောင်အထည် ဖော်နိုင်မလဲ ဆို တာပေါ် မူတည်တယ်။

NLD နဲ့ ညွန့်ပေါင်းအစိုးရဖွဲ့ မဖွဲ့ ဆိုတာကတော့ လွှတ်တော်ထဲမှာရရှိလာမယ့် အင်အားအပေါ်မှာပဲ မူတည်တယ်။ အခုထိတော့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဦးရွှေမန်းနဲ့ ဘာမှနိုင်ငံရေးအရ သဘောတူညီချက်ရယူထားတာ မရှိဘူးလို့ ပြောတယ်။ ကျနော်မြင်တဲ့ ညွန့်ပေါင်းအစိုးရဖွဲ့တယ်ဆိုတာက သမ္မတရွေးချယ်တာက အခရာပဲ။ သမ္မတကို လွှတ်တော်ကနေပြီး ရွေးရမှာပဲ။ ပြည်သူ့လွှတ်တော် က တယောက်ရွေးမယ်။ အမျိုးသားလွှတ်တော်က တယောက် ရွေးမယ်။ တပ်မတော်က တယောက်ရွေးမယ်။ အဲဒီသုံးယောက် ထဲကမှ မဲအများဆုံးရတဲ့လူက သမ္မတဖြစ်မှာ။ အဲဒီတော့ နိုင်ငံရေးပါတီ အသီးသီးက ရလာတဲ့ လွှတ်တော်အမတ် နေရာ အရေအတွက်ပေါ်မှာ စကားပြောမှာပဲ။ NLD ကလည်း သူ့ပါတီတခုတည်း အစိုးရ ဖွဲ့နိုင်စွမ်းမရှိဘူးဆိုရင် သူက အားကိုးနိုင်တာက တိုင်းရင်း သား အမတ်တွေကို အားကိုးမယ်။ တိုင်းရင်းသားပါတီတွေကလည်း သမ္မတ ဖြစ်အောင် ထောက်ခံပေးရင် ဘယ်ဝန်ကြီး ဘယ်ဝန်ကြီး နေရာတွေပေးပါ စသဖြင့် ညှိနှိုင်းကြတာပေါ့။ ထိုနည်းတူပဲ ပြည်ခိုင်ဖြိုးပါတီကလည်း သူ့ချည်းပဲ သမ္မတ မရွေးနိုင်တဲ့အခါ တပ် မတော်ရဲ့ ထောက်ခံမှု ၂၅ ရာခိုင်နှုန်းရတာတောင်မှ မလုံလောက်သေးဘူးဆိုရင် တိုင်းရင်းသားပါတီတွေကို သိမ်းသွင်းမှာပဲ။ ဒီပါတီကြီး ၂ ခုကတော့ ညွန့်ပေါင်းဖွဲ့ဖို့ သိပ်မသေချာဘူး။ တိုင်းရင်းသားပါတီ အမတ်တွေကိုပဲ သူတို့ဘက်ပါအောင် စည်းရုံး လုပ်ဆောင်ကြပြီး ညွန့်ပေါင်းဖြစ်လာမယ် ထင်တယ်။

ဦးသိန်းညွန့်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်

သူတို့ပါတီတွင်း ဒီမိုကရေစီအရ သူတို့ဥက္ကဋ္ဌကို သူတို့တာဝန်ပေးတာပဲလေ။ ဘာဖြစ်လာမလဲဆိုတာကတော့ ရွေးကောက်ပွဲမှာ အဆုံးအဖြတ်ပေးမှာက ပြည်သူလူထုပဲ။ ပြည်သူက ဆုံးဖြတ်ပေးနိုင်ဖို့အတွက် ပါတီ အသီး သီးက အထူးသဖြင့် တာဝန်ရှိသူက ကြီး လေးတဲ့တာဝန် ကိုယ့်ရှေ့မှာ ရောက်နေ တယ်လို့ ယူဆထားတဲ့ ပါတီတွေက လာမယ့်ရွေးကောက်ပွဲမှာ မိမိတို့ရပ် တည်ချက်၊ မိမိတို့ပါတီရဲ့ စည်းရုံးရေး လမ်းစဉ် အောင်မြင် ဖို့ဆိုရင် တဖက် က ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီအပါအ၀င် ပါတီဘက်က မူဝါဒ တွေ လမ်းစဉ်တွေ ချပြီးတော့ ဆောင်ရွက်လာသလို ကိုယ့်ဘက်ကလည်း ဘာလုပ်မယ်ဆိုတာပဲရှိတာပေါ့။ ဘာဖြစ်လာမလဲ ဆိုတာ ကတော့ ပြည်သူ ကပဲ ဆုံးဖြတ်မှာပေါ့။

၂၀၁၅ရွေးကောက်ပွဲကို အနိုင်ရအောင် ဦးဆောင်နိုင်မလားဆိုတာကတော့ ဒီချိန်မှာ ကြိုပြောလို့ မရနိုင်သေးဘူး။ နောက်ထပ် ငါးလခြောက်လလောက် ကျန်သေးတယ်။ တခုပဲ မြန်မာပြည် နိုင်ငံရေးက လူပုဂ္ဂိုလ်တဦးတယောက်ရဲ့ အရှိန်အ၀ါနဲ့ပဲ သွားနေတဲ့နိုင်ငံရေးဟာ ၂၀၁၅ အထိ ဆက်လက် တည်ရှိနေ မယ်ဆိုရင် ဒီပုဂ္ဂိုလ်ရေးဆိုင်ရာ အခန်းကဏ္ဍက ဆုံးဖြတ်ပေးမှာပေါ့။ အဲလို မဟုတ် ဘဲ ပြည်သူလူထုကရွေး လူထုအတွက် အလုပ်လုပ်မယ့်သူ မူရှိတဲ့ နိုင်ငံရေးသမားတွေ တကယ့်ကို အပြောနဲ့အလုပ် ညီညွတ်တဲ့ သူတွေရွေး ချယ်လာတဲ့ အခြေအနေ ရောက်ရင်လည်း အဲဒီအဆုံးအဖြတ်နဲ့အညီ အဖြေက ထွက်လာမှာပေါ့။

ညွန့်ပေါင်းဖွဲ့မဖွဲ့ ဆိုတာတော့ မပြောနိုင်ဘူး။ ကျနော်ကတော့ ၂၀၁၅ ရွေးကောက်ပွဲမှာ ကျနော့်ပါတီရဲ့ မူဝါဒထဲမှာ ၂၀၁၅ အလွန်မှာ ရွေးကောက် ခံ အာဏာရှင်စနစ် မပေါ်ပေါက်ရေးအတွက် ဆောင်ရွက်မယ့် အချက်က ကျနော့်ပါတီရဲ့ မူဝါဒပါ။

ဒေါ်ဇင်မာအောင်
နိုင်ငံရေးသိပ္ပံကျောင်း တည်ထောင်သူ

နိုင်ငံရေးမှာ အပြောင်းအလဲ သိပ်ပြီးတော့ အများကြီးတော့ မမျှော်လင့်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီပါတီရဲ့ ကြံ့ခိုင်ရေးရဲ့ မူဝါဒတွေကိုလည်း သိပြီးသား ဖြစ်နေတယ်။ ဖြတ်သန်းခဲ့ပြီးတဲ့ အခြေအနေတွေအရလည်း ထင်ထင်ရှားရှား ကျမတို့ ပြည်သူတွေ မျှော်လင့်နေတဲ့ အသွင်ကူးပြောင်းရေးကို လုပ်တဲ့နေ ရာမှာ နိုင်ငံရေး အရပေါ့လေ။ တခြားကိစ္စတွေနဲ့ ပတ်သက်လို့ ဥပမာ စီးပွားရေးနဲ့ ပတ်သက်လို့ တချို့ ဗီဇာတွေ ပွင့်လင်း လာတာ၊ နိုင်ငံတကာက ပုဂ္ဂိုလ်တွေ ၀င်လာခွင့်ပေးတာတွေ ဒါတွေလုပ်နေတာတော့ တွေ့ရတယ်။ ဒါပေမယ့် တကယ့် အခြေခံကျကျ နိုင်ငံရေးအရ ပြောင်းလဲမှုတွေ လုပ်တဲ့နေရာမှာတော့ ခြေလှမ်းတွေက သွက်သင့် သလောက် မသွက်ဘူးလို့ မြင်တယ်။ တခြား ထိန်းညှိမှုတွေလည်း ရှိကောင်းရှိနိုင်တယ်။ ပါတီတွင်းမှာ ရယ် နောက်တခုက ဒီပါတီတခုတည်းတင် မဟုတ်ဘဲနဲ့ တပ်မတော်ကိုလည်း မျက်နှာ ပြန်ကြည့်နေရတဲ့ အနေအထား မျိုးတွေ ရှိတာတွေကိုလည်း တွေ့နေ ရတဲ့အတွက် သိပ်အများကြီးတော့ မမျှော်လင့်ဘူး။ ဒါပေမယ့် ဒီထက် ပိုပြီးတော့ ဦးရွှေမန်းရော ကြံ့ခိုင်ရေးပါတီကရော ရဲရင့်တဲ့ခြေလှမ်းတွေ လှမ်းနိုင်မယ်လို့တော့ ဆုတောင်းရုံပဲ တတ်နိုင်တယ်။ ဒါပေမယ့် လက်တွေ့ ကျကျတော့ ဘာလုပ်နိုင်မလဲဆိုတာတော့ ခန့်မှန်းဖို့ ခက်ပါသေးတယ်။

ဦးရွှေမန်း သမ္မတဖြစ်လာနိုင်လားဆိုတာ အကယ်၍ ပါတီက ဘယ်သူ့ကို Nominate(သမ္မတလောင်း) လုပ်မလဲပေါ့။ အဲဒါကိုလည်း စောင့်ကြည့်ရဦး မယ်။ သူတို့တွေ ကြားထဲမှာ ဘယ်လိုများ ရှိလာဦးမလဲ။ သမ္မတ ဦးသိန်းစိန် က ထပ်ပြီး ၀င်ပြိုင်မယ်လို့ ပြောထား တယ်။ အဓိကကတော့ ပါတီနဲ့ စစ်တပ် နဲ့ နှစ်ဖက်စလုံးနဲ့ အဆင်ပြေတဲ့သူကပဲ သမ္မတလောင်း ဖြစ်လာဖို့ များတယ်။ ဦးရွှေမန်း ကိုယ်တိုင်ကလည်း ကျမတို့ လေ့လာမိသလောက် စစ်တပ်ကို စည်းရုံးရမယ့် အနေအထား ရှိတယ်။ ပါတီတွင်းမှာ အားကောင်းသော်ငြား လည်း စစ်တပ်နဲ့ ပလဲနံပသင့်ဖို့က လိုသေးတာဆိုတော့။ ကျမထင်တယ်။ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေအထားကို လည်း စောင့်ကြည့်ရမယ်။ ကြံ့ခိုင်ရေးပါတီ အတွင်းမှာတော့ သမ္မတလောင်း နဲ့ ပတ်သက်လို့ ပြိုင်ဆိုင်မှုတွေ ပြင်း ထန် ဖွယ်ရာ ရှိမယ်လို့ ထင်တယ်။

ဒါကတော့ ပါတီနှစ်ခုရဲ့ အခြေခံနိုင်ငံရေး တန်ဖိုးထားမှုတွေပေါ်မှာ မူတည် တယ်။ အခုလက်ရှိ အနေအထားအရ နိုင်ငံရေး အခြေခံမူတွေအရ အမျိုးသား ပြန်လည်သင့်မြတ်ရေးမူကို သွားမယ်လို့ပြောနေသော်ငြားလည်း တကယ့် တန်ဖိုးတွေက ကြံ့ခိုင်ရေးထဲမှာ သိပ်မတွေ့ရဘူး။ အထူးသဖြင့် တိုင်းပြည်ရဲ့ အနာဂတ် မျှော်မှန်း ချက်တွေနဲ့ ပတ်သက်လို့ရှိရင်။ ညွန့်ပေါင်းလုပ်ဖို့ ဆိုတာ က ထင်သလောက်မလွယ်ဘူးလို့ ထင်တယ်။ အကယ် ၍များ ရွေးကောက်ပွဲ မတိုင်ခင်မှာ ခိုင်မာတဲ့ ယုံကြည်စိတ်ချရတဲ့ နိုင်ငံရေးအရ သဘောတူညီမှု ဒါမှမဟုတ် Road Map နှစ်ဦးနှစ်ဖက် သေသေချာချာ ရသွားပြီဆိုရင်တော့ ဒါပေမယ့် အခုလက်ရှိ အနေ အထားမှာတော့ ၆ ပွင့်ဆိုင်လိုဟာ မျိုးတောင်မှ မဖြစ်သေးတဲ့အခါကျတော့ ကျမထင်တယ် နိုင်ငံရေး ပါတီထိပ်ပိုင်း ခေါင်း ဆောင်တွေ အချင်းချင်း သေသေချာချာ စကားမပြောဖြစ်ဘဲနဲ့တော့ ညွန့်ပေါင်းလို ဟာမျိုးဖြစ်လာဖို့ ဆိုတာ ခဲယဉ်းဦးမယ် ထင်တယ်။

ဧရာဝတီ

No comments:

Post a Comment

My Blog List