Tuesday, June 02, 2015

ဖမ်းမိသော ဘင်္ဂါလီ ၇၀၀ ကျော်ကို ဆန္ဒအတိုင်း ပင်လယ်ပြင်သို့ ပြန်ပို့မည်


ဖျာပုံမြို့နှင့် ထိစပ်နေ သည့် မြန်မာ့ပင်လယ်ပြင်ပိုင်နက်တွင် ဖမ်းမိသောဘင်္ဂါလီ ၇၂၇ ဦး အား ၎င်းတို့၏ ဆန္ဒအတိုင်း စတင်ထွက်ခွာလာသည့်ပင်လယ်ပြင် ရေပိုင်နက်သို့ တပ်မတော် (ရေ) အစောင့်အရှောက်ဖြင့် ပြန်ပို့ရန် စီစဉ်နေကြောင်း အစိုးရက သတင်းထုတ်ပြန်သည်။

ဇွန်လ ၁ ရက် ည ၈ နာရီသတင်းအပြီးတွင် မြန်မာအစိုးရက သတင်းထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ အဆိုပါ ဘင်္ဂါလီများကို ဖျာပုံမြို့နယ် တင်ပလွဲကျေးရွာအုပ်စု ဓမင်းဆိပ်ကျေးရွာအရှေ့ဘက် ရေမိုင် ၃၀ အကွာ မြန်မာ့ပင်လယ် ပြင်ပိုင်နက်တွင် မေလ ၂၉ ရက်ကဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်။

၎င်းတို့ကို လူသားချင်းစာနာ ထောက်ထားသည့် အကူအညီ များ၊ အစားအစာရိက္ခာနှင့် သောက်ရေများ ပံ့ပိုးကူညီခဲ့ပြီး ဦးတည်သည့် နိုင်ငံများသို့ သွားရောက်နိုင်ခြင်းမရှိတော့၍ မူလထွက်ခွာလာသည့် နေရာသို့သာ ပြန်လိုကြသောကြောင့် စတင်ထွက်ခွာခဲ့သည့် နေရာသို့ တပ်မတော် (ရေ) အစောင့်အရှောက်ဖြင့် ပြန်လည်ပို့ ဆောင်ပေးရန် စီစဉ်နေကြောင်း သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

သတင်းထုတ်ပြန်ချက်တွင် မည်သည့်နေ့ ပြန်ပို့မည်ဆိုသည် ကို ပြောကြားခြင်း မရှိသေးပေ။ စတင်ဖမ်းမိသည့်နေ့က စစ်ဆေးမှုအချို့ ပြုလုပ်ပြီးနောက် ၎င်းတို့သည် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ နိုင်ငံကြား ပင်လယ်ရေပြင်ပိုင် နက်မှ
စတင်ထွက်ခွာလာခြင်း ဖြစ်ကြောင်း အစိုးရက သတင်း ထုတ်ပြန်ခဲ့သည်။ မောင်တောမြို့ နှင့် ထိစပ်နေသည့် ပင်လယ်ပြင်မှ ဖမ်းမိခဲ့သော ဘင်္ဂလားဒေ့ရှ်နိုင်ငံ သားများနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း မရှိပေ။ ၎င်းတို့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်ပို့ရေး နယ်စပ်မှတ်တိုင် (၄၂) တွင် အသေးစိတ်စိစစ်နေကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

မေလ ၃၀ ရက်ကလည်း လှေစီးဒုက္ခသည်အရေး နှင့် ပတ်သက်၍ နိုင်ငံအချို့၏ ဖိအားပေးမှုများ ကို မြန်မာအစိုးရအနေဖြင့် လက်မခံကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ 

ထို့အပြင် ထိုင်းနိုင်ငံ ဘန်ကောက် မြို့၌ မေလ ၂၉ ရက်တွင် ပြုလုပ်ခဲ့ သော အိန္ဒိယသမုဒ္ဒရာအတွင်း ပုံမှန်
မဟုတ်သည့် ရွှေ့ပြောင်းသွား လာမှုဆိုင်ရာ အထူးအစည်းအ ဝေး၌ မြန်မာအစိုးရ ကိုယ်စားလှယ်က လှေစီးဒုက္ခသည်များနှင့် ပတ်သက်၍ ပြတ်ပြတ်သားသား တုံ့ပြန်ခဲ့သည်။

ဘင်္ဂါလီ ၇၀၀ ကျော်ပါသော ငါးဖမ်းစက်လှေကို ဖမ်းဆီးပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ − MOI)
7Day Daily


No comments:

Post a Comment

My Blog List