Thursday, June 04, 2015

ထွက်ပြေးတိမ်းရှောင်နေရဆဲ စနိုးဒင် နော်ဝေမှချီးမြှင့်သည့် လွတ်လပ်စွာဖော်ပြခွင့်ဆု ရရှိ


ပြီးခဲ့သည့် အင်္ဂါနေ့က ယခင်အမေရိကန် လုံခြုံရေးကန်ထရိုက်တာဟောင်း အက်ဒွပ် စနိုးဒင်မှာ နော်ဝေနိုင်ငံမှ ချီးမြှင့်သည့် လွတ်လပ်စွာဖော်ပြခွင့်ဆုကို ရရှိခဲ့ပြီး၊ ပြည်နှင်ဒဏ်ခံနေရာမှ ထွက်ခွာလာပြီး လူကိုယ်တိုင် ဆုလက်ခံယူရန်လည်း ကမ်းလှမ်းခံခဲ့ရသည်။

နော်ဝေနိုင်ငံ၏ စာပေနှင့် လွတ်လပ်စွာဖော်ပြခွင့် အကယ်ဒမီ၏ ပြောကြားချက်အရ ၃၁နှစ်အရွယ် ထွက်ပြေးတိမ်းရှောင်နေရသည့် စနိုးဒင်မှာ ၎င်း၏ ကိုယ်ရေးလွတ်လပ်ခွင့်ကို ကာကွယ်သည့် လုပ်ရပ်နှင့် အမေရိကန်၏ နိုင်ငံသားများနှင့် အခြားသူများအပေါ် စောင့်ကြည့်ထောက်လှမ်းနေမှုကို မီးမောင်းထိုးပြမှုအတွက် နော်ဝေနိုင်ငံသား စာပေနိုဘဲဆုရှင်ကို အစွဲပြုမှည့်ခေါ်ထားသည့် ဂျွန်ဆင်ဆု (Bjornson Prize)ကို ဆွတ်ခူးရရှိခဲ့ခြင်းပင် ဖြစ်သည်ဟု ဆိုသည်။

အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီမှ သရုပ်ခွဲပညာရှင်ဟောင်းတစ်ဦးဖြစ်သည့် စနိုးဒင်မှာ အမေရိကန်ပြည်ထောင်စုနှင့် ၎င်း၏မဟာမိတ်များ၏ ထုနှင့်ထည်နှင့် သူလျှိုလုပ်သည့် အစီအစဉ်များကို ဖွင့်ချပြီးနောက် ၂၀၁၃ခုနှစ်ကတည်းက ရုရှတွင် ပြည်ပြေးအနေဖြင့် နေထိုင်ခဲ့ရသည်။ အမေရိကန်အစိုးရကမူ စနိုးဒင်အား လုံခြုံရေးအေဂျင်စီ၏ ထောက်လှမ်းရေးအစီအစဉ် ပမာဏကို ဖွင့်ပြခြင်းဖြင့် အမေရိကန်တို့၏ ဘ၀များကို အန္တရာယ်ပေးသည့် ဖောက်ထွင်းဝိဇ္ဇာ သစ္စာဖောက်တစ်ယောက်အဖြစ် တံဆိပ်ကပ်ခဲ့သည်။

စက်တင်ဘာ ၅ရက်နေ့တွင် ဆုကြေး ကရိုနာ ၁၀၀,၀၀၀ (ကန်ဒေါ်လာ ၁၂,၇၀၀)ကို လူကိုယ်တိုင် လက်ခံရယူရန် နော်ဝေသို့ ရောက်ရှိလာခဲ့ပါက နော်ဝေအစိုးရအနေဖြင့် စနိုးဒင်အား အမေရိကန်သို့ လွှဲပြောင်းမပေးပါဟု အာမခံရန် အကယ်ဒမီက မေတ္တာရပ်ခံထားသည်။ နော်ဝေ တရားရေးဝန်ကြီးဌာနကမူ ယင်းမှာ လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များနှင့်သာ သက်ဆိုင်ပြီး၊ ၎င်းတို့က ပြည်ဝင်ခွင့်တောင်းခံချက်တိုင်းကို လက်ခံရရှိလာခဲ့ပါက စဉ်းစားဆုံးဖြတ်ရကြောင်း ပြောကြားခဲ့သည်။

အမေရိကန်ခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး မာရီဟာ့ကမူ သူမအနေဖြင့် စနိုးဒင်ကို လွှဲပြောင်းပေးရန် ၀ါရှင်တန်က တောင်းဆိုလာမည်လားဆိုသည်ကို မခန့်မှန်းတတ်သော်လည်း စနိုးဒင်သွားသင့်သည့်နေရာမှာ တစ်နေရာတည်းသာရှိပြီး ယင်းမှာလည်း သူ့အပေါ် စွဲဆိုထားသည့် စွဲချက်များကို ရင်ဆိုင်ရန် အမေရိကန်သို့ ပြန်လာခြင်းသာဖြစ်ကြောင်း မည်သည့်အစိုးရကိုမဆို အကြံပြုလိုကြောင်း ပြောကြားခဲ့သည်။


Mizzima - News in Burmese


No comments:

Post a Comment

My Blog List