Thursday, June 04, 2015

တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ်သုံးဖွဲ့ NCCT က နှုတ်ထွက်


ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အစိုးရ တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွား နေသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး မဟာမိတ် အဖွဲ့ သုံးဖွဲ့က တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) မှ နှုတ်ထွက်လိုက်ပြီဖြစ်ကြောင်း အဆိုပါ အဖွဲ့အစည်းများမှ ပြောဆိုလိုက်သည်။
တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့ ၁၆ ဖွဲ့နှင့် ဖွဲ့စည်းထားသည့် NCCT မှနှုတ်ထွက်လိုက်သည့် အဖွဲ့များသည် မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မ တော်(MNDAA)၊ ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) နှင့် ရက္ခိုင့်တပ်မတော် (AA) တို့ဖြစ်ကြသည်။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲနိုင်ရေး ဆွေးနွေးနေသည့် အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) အပေါ် ယုံကြည်မှုအားနည်း သွားသဖြင့် NCCT မှ နှုတ်ထွက်လိုက်ခြင်းဖြစ် သည်ဟု သက်ဆိုင်ရာအဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်များက ပြောဆိုလိုက်ခြင်းဖြစ် သည်။

TNLA ၏ နိုင်ငံတကာ ဆက်ဆံရေးနှင့် ပြန်ကြားရေးတာဝန်ခံ တာပန်လ က “ကျနော်တို့က NCCT မှာပဲ ရပ်ဆိုင်းတာ ဖြစ်တယ်။ သို့သော်လည်းပဲ မဟာမိတ်အနေနဲ့က UNFC (ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ) က ရပ်ဆိုင်းတာမျိုး မဟုတ်ပါဘူး။ UNFC မှာတော့ ဆက်လက်ပြီး တက်တက်ကြွကြွနဲ့ ပါဝင်မှာဖြစ်တယ်” ဟု ပြောသည်။

ထိုသုံးဖွဲ့၏ ကိုယ်စားလှယ်များသည် ကရင် အမျိုးသား အစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေ လော်ခီးလာ၌ ကျင်းပနေသည့် တိုင်းရင်းသား လက်နက် ကိုင်တော်လှန်ရေး အဖွဲ့များ၏ ထိပ်သီး ခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်နေကြပြီး ၎င်းတို့နှင့် ပတ်သက်၍ ထိပ်သီးအစည်းအဝေး၏ ဆုံးဖြတ်ချက် ပြောင်းလည်းမှု ရှိမရှိကိုလည်း စောင့်ကြည့်သွားဦးမည်ဟု ဆိုသည်။

အဆိုပါသုံးဖွဲ့က ၎င်းတို့အပေါ် အစိုးရက နိုင်ငံရေးအရ ဖိအားပေးမှုများရှိနေ သကဲ့သို့ စစ်ရေးအရလည်း ထိုးစစ်ဆင် တိုက်ခိုက် နေမှုများ ပြုလုပ်နေချိန် တွင် NCCT အနေဖြင့် UPWC နှင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် Single Text အတည်ပြု (မူကြမ်း) ကို လက်မှတ်ထိုးခဲ့ခြင်း အပေါ် ဘဝင်မကျဘဲဖြစ်နေကြသည်။

MNDAA ၏ ပြည်ပဆက်ဆံရေးဌာနမှူး ဦးဖုန်းဝင်းနိုင် က “အခုလောလော ဆယ် နှုတ်ထွက်မယ်ဆိုတာက ကျနော်တို့ NCCT ကနေ အလုပ်သဘောကိစ္စ နဲ့ ခနရပ်နားဖို့ပဲ အဲလိုမျိုးဘဲစီစဉ်ထားတယ်။ ဒီနောက်ပိုင်းမှာက ကျနော်တို့ ကြည့်နေတာက ကျနော်တို့ အားလုံးပေါ့နော။ စည်းလုံးညီညွှတ်မှုပိုင်းမှာ လိုအပ်နေတယ်ဆိုပြီးတော့ ကျနော်တို့က ရပ်နားမယ်ဆိုပြီးတော့ ဆုံးဖြတ်ထားတာပါ” ဟု သတင်းထောက်များကို ပြောသည်။

အစိုးရက တိုင်းရင်းသားများနှင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် Single Text အတည်ပြု (မူကြမ်း) ကို လက်မှတ်ထိုးခဲ့ခြင်း အပေါ် နိုင်ငံတကာ မျက်နှာစာနှင့် ပြည်တွင်း၌ အမြတ်ထုတ်မှုများ ပြုလုပ်နေ သော်လည်း ၎င်းတို့ မဟာမိတ် သုံးဖွဲ့အပေါ် စစ်ရေးအရ ထိုးစစ်ဆင်တိုက်ခိုက် မှုများက ရပ်စဲသွားခြင်းမရှိဟု တာပန်လ က ပြောသည်။

NCCT သည် အစိုးရ၏ သပ်လျှိုသွေးခွဲခြင်းခံနေရပြီး စည်းလုံးညီညွှတ်မှု ပြိုကွဲနေသည့် အနေအထားကို ရောက်ရှိနေသည့် အတွက် နှုတ်ထွက် ရခြင်းဖြစ်သည်ဟု AA ၏ နိုင်ငံတကာ ဆက်ဆံရေးတာဝန်ခံ ဦးအေးထွန်း က လော်ခီးလာ ထိပ်သီးဆွေးနွေးပွဲ အပြီးတွင် သတင်းထောက်များကို ရှင်းပြသည်။

“ကျနော်တို့ နှုတ်ထွက်တာရဲ့ အရင်းအမြစ်က စည်းလုံးညီညာမှုကို အားနည်းနေတယ်လို့ ဆိုပြီး အဲဒီအကြောင်းပြချက်နဲ့ပဲ နှုတ်ထွက်တာပါ။ တဖွဲ့ခံနေရရင် တဖွဲ့က ပြောမကူဘူး။ လုပ်မပေးဘူးဆိုတဲ့ ကိစ္စတွေကြောင့်ပါ။ တကယ်လို့သာ အားလုံး အတူတူ ညီညီညာညာနဲ့ ဆုံးဖြတ်ကြရင် ကောင်းတာပေါ့ဗျာ” ဟု ဦးအေးထွန်း က ပြောသည်။

NCCT က နှုတ်ထွက်သွားသ်ာလည်း ၎င်းတို့အနေဖြင့်တိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေးတပ်ဖွဲ့ များနှင့် ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်သည့် ကိစ္စရပ်များတွင် လက်တွဲဆောင်ရွက်သွားရန်ရှိကြောင်း ထပ်လောင်းပြော ဆိုသည်။

အဆိုပါ သုံးဖွဲ့ထွက်ခွါရန်ဆုံးဖြတ်ရခြင်းအကြောင်းတွင် NCCT အတွင်း ၎င်းတို့အတွက် အကျိုးစီးပွားနည်းပါး၍ ထွက်ခွာလိုခြင်း ဖြစ်နိုင်သကဲ့သို့ တခြားအကြောင်းအရာ ကြီးကြီးမားမားလည်း ရှိနိုင်ကြောင်း NCCT နှင့် လွတ်လပ်စွာ ပါဝင်စုပေါင်းနိုင်သလို မပါဝင်ဘဲလည်း နေနိုင်ကြောင်း သို့သော်လည်း အဖွဲ့ဝင် မဟုတ်တော့သည့်အခါ ပဋိပက္ခ အကြောင်းအရာ တခုခု ဖြစ်လာပါက ကာကွယ်ပြောဆိုပေးရန် ခက်ခဲသွားကြောင်း NCCT အဖွဲ့ဝင် ဦးခွန်ဥက္ကာ က ပြောသည်။

“ကျနော်တို့ရဲ့ NCCT အဖွဲ့ဝင်ကို တိုက်ခိုက်ချေမှုန်းခြင်း၊ အကျိုးဖျက်ဆီးခြင်း မလုပ်ပါနဲ့ ဆိုပြီး NCCT ခေါင်းဆောင်တွေက ပြောလို့ရတယ် အစိုးရကို။ ကျွန်တော်တို့ NCCT အဖွဲ့ဝင်ဖြစ်တယ်။ ခင်ဗျားတို့ သွားပြီး အနိုင်မကျင့်ပါနဲ့ ပြောလို့ရတယ်။ အဖွဲ့ဝင်မဟုတ်တော့ဘူးဆိုရင် သူ့ကို ကာကွယ်ပြောဖို့က နည်းနည်းတော့ အားနည်းသွားတာပေါ့။ ဘာကြောင့်လဲဆိုတော့ ကိုယ့်အဖွဲ့ ၀င်မဟုတ်ဘဲနဲ့ ကိုယ်သွားကာကွယ်ပြောဆိုလို့ကတော့ နည်းနည်းလေးလျော့ သွားတာပေါ့” ဟု ဦးခွန်ဥက္ကာ က သတင်းထောက်များကို ရှင်းပြသည်။

NCCT ၏ အပစ်အခတ်ရပ်စဲရေးကျိုးပမ်းမှုအပေါ် အသိအမှတ်ပြုသော်လည်း နှုတ်ထွက်ရန် ဆုံးဖြတ်ပြီးသည့်နောက် ဖြစ်လာသမျှ ပြဿနာများကို အဆိုး ဆုံးအခြေအနေအထိ ရင်ဆိုင် ဖြေရှင်းရန် ဆုံးဖြတ်ဖို့ ပြင်ဆင်ရတော့မည်ဟု TNLA ၏ နိုင်ငံတကာ ဆက်ဆံရေးနှင့် ပြန်ကြားရေးတာဝန်ခံ တာပန်လ က ပြောသည်။

တာပန်လ က “အထူးသဖြင့် ကျွန်တော်တို့ဘက်ကတော့ အခုဖြစ်ပေါ်လာတဲ့ အခြေအနေမျိုးမှာ အကောင်းဆုံးမျှော်လင့် ပြီးတော့လည်း အဆိုးဆုံးပြင်ဆင် ထားတာမျိုးတော့လည်း ကျွန်တော်တို့ လုပ်ရအုန်းမှာပေါ့လေ” ဟု သတင်း ထောက်များကို ရှင်းပြသည်။

ဧရာဝတီ


No comments:

Post a Comment

My Blog List