Wednesday, June 03, 2015

ဘိုကိုဟာရမ်အဖွဲ့ကို နှိမ်နင်းရန် နိုင်ငံပေါင်းစုံပူးပေါင်းတပ်များ စစ်ဆင်ရေး စတော့မည့်


အနောက်အာဖရိက ချဒ်၊ နိုင်ဂျာနဲ့ကင်မရွန်းနယ်စပ်တွေ ထိစပ်နေတဲ့ လိက်ချဒ်ဒေသမှာ ဘိုကိုဟာရမ် အကြမ်းဖက်အဖွဲ့ကို တိုက်ခိုက်ဖို့ နိုင်ငံပေါင်းစုံပါဝင်တဲ့ ပူးပေါင်းတပ်ဖွဲ့ဟာ စစ်ဆင်ရေး စတင်တော့မယ်လို့ နိုင်ဂျာသမ္မတ မာဟာမာဒို အစ်ဆိုဖိုက ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာ ဇွန် ၂ ရက်က ပြောဆိုလိုက်ပါတယ်။

အာဖရိက သမဂ္ဂက မတ်လမှာ အတည်ပြုခဲ့တဲ့ စစ်အင်အား ၈၇၀၀ ပါဝင်တဲ့ တပ်ဖွဲ့ကို နိုင်ငံတကာ အသိုင်းအ၀ိုင်းက တစိတ်တပိုင်းစီ ငွေကြေးထောက် ပံ့ပေးသွားမှာ ဖြစ်ပါတယ်။

ပြင်သစ်သမ္မတ ဟောလန်ဒီနဲ့ အစည်းအဝေးအပြီး နိုင်ဂျာသမ္မတ မာဟာမာဒို အစ်ဆိုဖိုက “လိက်ချဒ်ဒေသတ၀ိုက်မှာ ဘိုကိုဟာရမ်အဖွဲ့တွေ လှုပ်ရှားနေတဲ့ အခြေအနေကို ဆွေးနွေးခဲ့ကြတာပါ။ နိုင်ဂျီးရီးယားမှာလည်း အစိုးရသစ် တာဝန်ယူနေပြီဆိုတော့ နိုင်ငံစုံ ပူးပေါင်းတပ်ဖွဲ့က မကြာခင် စစ်ဆင်ရေး စတော့မှာပါ” လို့ ပြောပါတယ်။

နိုင်ဂျီးရီးယား အရှေ့မြောက်ပိုင်းမှာ လှုပ်ရှားထကြွနေတဲ့ ဘိုကိုဟာရမ်အဖွဲ့ကို နှိမ်နင်းဖို့ ပြင်သစ်အစိုးရက လိက်ချဒ်နဲ့ နယ်ချင်းထိစပ်နေတဲ့ နိုင်ငံတွေကို ထောက်ပံ့ပို့ဆောင်ရေးနဲ့ ထောက်လှမ်းရေး သတင်းအချက်အလက်တွေကို ဆက်လက်ပံ့ပိုးကူညီသွားမယ့်အကြောင်း သမ္မတ ဟောလန်ဒီကအလေးထား ပြောဆိုတယ်လို့ အယ်လီဇီနန်းတော်က ရေးသား ထုတ်ပြန်ချက်ထဲမှာ ဖော်ပြ ထားပါတယ်။

သမ္မတ ၂ ဦးဟာ လစ်ဗျားနိုင်ငံ အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့ကြ ပါတယ်။ မြို့တော် ပါရီကို ရောက်ရှိလာတဲ့ အီရတ်ဝန်ကြီးချုပ် ဟိုင်ဒါ အယ်လ် အဘာဒီနဲ့ အစ္စလာမ္မစ် စစ်သွေးကြွတွေကို တိုက်ခိုက်နေတဲ့ အမေရိကန် ဦးဆောင် ညွန့်ပေါင်းအဖွဲ့ဝင်တွေနဲ့လည်း ဆွေးနွေးခဲ့ပါတယ်။

နိုင်ဂျာသမ္မတ မာဟာမာဒို အစ်ဆိုဖိုက “လစ်ဗျားပြည်သူတွေအကြား ပြန်လည်ပေါင်းစည်းရေးကို ကျနော်တို့ မျှော်လင့်ပါတယ်။ စစ်ရေးကြားဝင် ဆောင်ရွက်မှုတွေ ရှိရင်တောင် အကြမ်းဖက်သမားတွေကို အမြစ်ဖြုတ် ချေမှုန်းနိုင်ဖို့နဲ့ လစ်ဗျားမှာ အခြေစိုက်နေတဲ့ အိုင်အက်စ်သူပုန်တွေကို တယောက်ချင်းစီနဲ့ကို တိုက်ခိုက်မယ်” လို့ ပြောပါတယ်။

DVB


No comments:

Post a Comment

My Blog List