Friday, June 05, 2015

ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် မဝင် ကိစ္စ


“ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်” အစား “ကျောင်းသားကိုယ်စားလှယ်” ဆိုပြီး ဥပဒေမှာ သုံးစွဲဖို့ ဒေါ်အောင်ဆန်းစုကြည် က ပြတ်ပြတ်သားသား ပြောဆိုတာနဲ့ ပတ်သက်ပြီး ကန့်ကွက်ငြင်းခုံမှု တော်တော်များများကို တွေ့ရပါတယ်။ ဒါပေမယ့် သည်နေရာမှာ ကန့်ကွက်ကြသူ ဒီမိုရောင်းရင်းတို့ အနေနဲ့ ပထမဆုံး သတိပြုမိဖို့ လိုတာက သည်ကိစ္စဟာ တနိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ ပညာရေးဥပဒေကို ပြဌာန်းနေတာ ဖြစ်တယ် (legistlation) ၊ ကျောင်းသားသမဂ္ဂ “တက်ကြွလှုပ်ရှားမှု” (activism) ကို အကောင်အထည် ဖော်နေတာ မဟုတ်ပါဘူး။

ကန့်ကွက်သူတွေ အနေနဲ့ အမြင်ရှိကြတာက ဒါဟာ ကျောင်းသားသမဂ္ဂ ကို ချိုးနှိမ်တဲ့ သဘောသက်ရောက်တယ်လို့ မြင်ကြပါတယ်။ ဒါပေမယ့် ခုသည်ကိစ္စကို ကျနော့် အနေနဲ့ တင်ပြ ဆွေးနွေးရာမှာ ကျနော့် ဆွေးနွေးချက်ဟာ လက်ရှိ တိုက်ပွဲဝင်ကြတဲ့ “ကျောင်းသား သမဂ္ဂ အဖွဲ့” ကို တိုက်ခိုက်တာ မဟုတ်ပါ။ ကျောင်းသား သမဂ္ဂပဲ ဖြစ်ဖြစ်၊ ဘယ်အဖွဲ့ကပဲ ဖြစ်ဖြစ် လူတွေဟာ ဖောက်လွဲဖောက်ပြန် လုပ်နိုင်တယ်ဆိုတဲ့ (ပုံမှန် အကြောင်းပြလွယ်တဲ့) သံသယမျိုးကို ရှေ့တန်းတင်ဖို့ ရယ်လည်း မဟုတ်ပါ။ ကျနော် အဓိက ဖော်ပြမှာက ကျနော်တို့ဟာ “သမဂ္ဂ” ဆိုပြီး ဦးစားပေး ကိုးကွယ်တဲ့ အလေ့အကျင့်မျိုး၊ ကိုယ်နှိုက်ကိုက တရားမျှတမှု မရှိတဲ့ အပြုအမူတွေ “တိုက်ရိုက်” ဖြစ်ထွန်းလာစေတတ်ကြောင်းကို ဖြစ်ပါတယ်။

ပထမဦးဆုံး ကျနော် ဖော်ပြလိုတာက ဥပဒေပြုမှု ဆိုတာဟာ ပဓာန အခြေခံအကျဆုံး အချက်တခုမှာ လူလူချင်း စိတ်လိုလက်ရ လွတ်လပ်စွာ ပေါင်းဖွဲ့နိုင်ခြင်း (free association) ကို ဦးတည်ဆောင်ရွက်ရပါတယ်။ နိုင်ငံတခုရဲ့ ဥပဒေ အဆောက်အဦ (legistlature) ဟာ တရားမျှတတဲ့ စံနုန်းထားတွေနဲ့ ဆောင်ရွက်နေခြင်း အမှန်တကယ် ရှိမရှိ ဆိုတာကို သိချင်ရင် ၄င်းနိုင်ငံတွင် ထွက်ရှိလာသော ဥပဒေတို့သည် လူလူချင်း ပေါင်းသင်းဖွဲ့စည်းမှုကို လွတ်လပ်မှု ရှိအောင် ရည်ရွယ်ဦးတည် ချက်ရှိသလား မရှိသလား ဆိုတာကို ကြည့်ရုံနဲ့ တန်းသိနိုင်ပါတယ်။

စိတ်လိုလက်ရ လွတ်လပ်စွာ ပေါင်းဖွဲ့နိုင်ခြင်း ဆိုတာရဲ့ ပြောင်းပြန်ဟာ ဘာလဲဆိုရင် ခြိမ်းခြောက် အကြပ်ကိုင်ပြီး ပေါင်းဖွဲ့ခိုင်းခြင်း ဖြစ်ပါတယ်။ ဥပဒေပြဌာန်းမှု တခုဟာ လူလူချင်း ဆက်ဆံပေါင်းဖွဲ့တဲ့ ကိစ္စကို ခြိမ်းခြောက်အကြပ်ကိုင်မှု နဲ့ ဖိအားပေးပြီး ပေါင်းဖွဲ့ခိုင်းတယ်ဆိုရင် ဒါဟာ တရားမျှတမှု စံနှုန်းကို ချိုးဖောက်ထားတဲ့ ဥပဒေ ဖြစ်ပါတယ်။

သည်မှာ ကျနော်တို့ သတိထားရမယ့် အချက်က ခြိမ်းခြောက် အကြပ်ကိုင်ခြင်းဆိုတာ ရိုက်မှနှက်မှ ရယ်လို့ မဟုတ်ဘူး။ ‘နင် ငါတို့ အဖွဲ့ထဲကို ဝင်ရင်ဝင် မဝင်ရင် နင့်မှာ ရစရာ ရှိတဲ့ အခွင့်အရေးတွေ ဆုံးရူံးသွားမယ်’ ဆိုပြီး အင်စတီကျူးရှင်းတွေကို အကောင်အထည် ဖော် တည်ဆောက် တာဟာလည်း ပုံစံကွက်ချပြီး အကြီးစား အကြပ်ကိုင်ခြင်းပဲ ဖြစ်တယ်။ ဥပမာ မြေသိမ်းခံ တောင်သူလယ်သမားတွေကို အစိုးရက ပြောမယ်။ “ဦးကြီးတို့ ကြံ့ခိုင်ဖွံ့ ဖြိုးရေး အဖွဲ့ ထဲကို ဝင်ကြပါ။ ဒါမှ ဦးကြီးတို့ မြေယာတွေ ပြန်ရဖို့ ဆောင်ရွက်ပေးနိုင်ပါ့မယ်” ဆိုပါစို့။ ဘယ်လောက်ပင် ယဉ်ယဉ်ကျေးကျေး သုံးနှုန်းသုံးနှုန်း အနှစ်သာရမှာ ဒါမျိုးလုပ်ရပ်ဟာ ခြိမ်းခြောက်အကြပ်ကိုင်ခြင်း ဖြစ်တယ်၊ တရားပျက်ပြားမှု ဖြစ်တယ်။ ကျောင်းသားသမဂ္ဂကို ဝင်မှ ကျောင်းသားကိုယ်စားလှယ်ဖြစ်မယ် ဆိုတာဟာ ခြိမ်းခြောက်အကြပ်ကိုင်မှု လက္ခဏာ လွှမ်းမိုးနေတာ ဖြစ်တယ်။ ကျောင်းသားတဦးချင်းရဲ့ တန်ဖိုးထက် စုပေါင်း သမဂ္ဂ ဆိုတာရဲ့ တန်ဖိုးကို ရှေ့တန်းတင်တာ ဖြစ်တယ်။

“ဒီမိုကရေစီ ပညာရေးစနစ်” ရယ်ဟေ့လို့ ဆိုရင် ဒီမိုကရေစီ နိုင်ငံရေးစနစ် လိုပဲ ပညာရေးလောကရဲ့ အရေးကြီးဆုံး လက္ခဏာတန်ဖိုးဟာ ကျောင်းသား တဦးချင်းစီရဲ့ လွတ်လပ်ခြင်း ဖြစ်တယ်။ ဒီမိုကရေစီ နိုင်ငံရေးစနစ်မှာ အရေးကြီးဆုံး သော့ချက်လက္ခဏာ ဖြစ်တဲ့ rule of law (တရားဥပဒေ စိုးမိုးရေး) ဆိုတာ ဘာလဲ။ ဒဿနပညာရှင် အင်မန်နူရယ်ကန့်က ပြောတာက “လူဟာ တရားဥပဒေက လွဲလို့ ဘယ်သူ တဦးတယောက်၏ မျက်နှာကိုမှ ကြည့်စရာ မလိုတော့ဘူး ဆိုရင် အဲသည်လူဟာ လွတ်လပ်တော့တာပါပဲ” တဲ့။ လွတ်လပ်မှု နဲ့ တရားဥပဒေစိုးမိုးမှု ဆိုတာဟာ အဓိပ္ပါယ် လွယ်လွယ်ပြောရရင် လူတဦးတယောက်ဟာ အခြား လူတဦးတယောက်၊ မည်သည့် အဖွဲ့အစည်း တစုံတရာရဲ့ မျက်နှာကိုမှ မော့ကြည့်နေစရာ မလိုတော့တာ ဖြစ်ပါတယ်။ ကျောင်းသား တဦးချင်းစီဟာ ကျောင်းသားကိုယ်စားလှယ်ဖြစ်ဖို့ ၊ သို့မဟုတ် “လုံးဆိုင်ရာ” သမဂ္ဂ အဖွဲ့တို့က တဆင့်ခံလို့ သာလျှင် မိမိ၏ တက်လမ်း၊ အခွင့်အရေးတို့ကို ရှာဖွေနိုင်ပါလျှင် ၄င်း ပညာရေးလောကဟာ လွတ်လပ်တယ်လို့ မဆိုနိုင်ဘူး၊ ၄င်း ပညာရေးလောကမှာ တရားဥပဒေ စိုးမိုးခြင်း (rule of law) မရှိဘူး။

နောက် အရေးကြီးတဲ့ တချက်က အကျိုးစီးပွားခြင်း ငြိစွန်းမှု (Conflict of interest) ပြဿနာ ဖြစ်တယ်။ ကျောင်းသား သမဂ္ဂ ဆိုတာ ဘာလို့ ဖွဲ့စည်း ရလဲ ဆိုရင် အဓိကအားဖြင့် ကျောင်းသားရေးရာ လှုပ်ရှားမှုတွေကို ဆောင်ရွက်ရန် ဖြစ်တယ်။ သည်လိုဆိုလို့ ကျောင်းသားဟာ နိုင်ငံရေး လှုပ်ရှားမှုတွေကို မဆောင်ရွက်သင့်ဘူး လို့ ပြောတာမဟုတ်ပါ။ ဥပမာ ကချင်စစ်ပွဲကို မကျေနပ်သူ ကျောင်းသားတွေ တဦးချင်း စုပေါင်းလို့ပဲဖြစ်ဖြစ် ၊ သမဂ္ဂအလိုက်ပဲ ဖြစ်ဖြစ် စုပေါင်း ကန့်ကွက်မယ်။ နိုင်ငံအတွက် လိုအပ်လာတဲ့ ကိစ္စမျိုးမှာ ကျောင်းသားလူငယ်တွေ အနေနဲ့ အတိုင်းအတာ တစုံတရာ အထိ နိုင်ငံရေးတက်ကြွမှု ရှိတာဟာ ကောင်းတဲ့ လက္ခဏာပါ။ ဒါပေမယ့် ကျောင်းသားဘဝနဲ့ နိုင်ငံရေး လှုပ်ရှားမှု လုပ်ဆောင်ခြင်း ဆိုတာဟာ အကန့်အသတ် ကြီးမားစွာ ရှိပါတယ်။

တနည်းအားဖြင့် ပညာသင်ဆဲ ကျောင်းသားဟာ အတန်းပညာကို လည်း အချိန်ပြည့်လုပ်၊ နိုင်ငံရေးကိုလဲ အချိန်ပြည့်လုပ်လို့ မရပါဘူး။ ခင်ဗျားဟာ အတန်းပညာ သင်ယူနေဆဲ ဖြစ်ပါလျက် နိုင်ငံရေး ကို အချိန်ပြည့် လုပ်ပြီ (ဥပမာအားဖြင့် လွှတ်တော်ထဲ ဘတ်ဂျက်ဆွဲဖို့ အထိ ဝင်ပါတာမျိုး) ဆိုရင် ခင်ဗျားဟာ နိုင်ငံရေးသမား လုံးလုံး ဖြစ်ပြီလေ။ ကျောင်းသားလို့ ခေါ်လို့ မရတော့ဘူး။ အဓိက လုပ်ဆောင်တာက နိုင်ငံရေးဖြစ်ပါလျက်နဲ့ ကျောင်းသားကိုယ်စားလှယ် ဆိုပြီး အမည်ခံယူ၊ ကျောင်းသားတပိုင်း လုပ်နေရင် ကျောင်းသားတွေ အကြား ပညာရေးလောကမှာ ရှုပ်ထွေးမှု ဖြစ်လာမှာ ဖြစ်သလို နိုင်ငံရေးလောကဟာလည်း ခင်ဗျားနဲ့ ပတ်သက်ပြီး ရှုပ်ထွေးကုန်ပါ လိမ့်မယ်။ ဘာလို့လဲ ဆိုတော့ နိုင်ငံရေး ဆိုတာဟာ တနိုင်ငံလုံး အရေးဖြစ်တယ်၊ ကျောင်းသားထု အရေးသက်သက်ကို သီးသန့် ကွက်လုပ်လို့ မရဘူး။

သည်နေရာမှာ ဒေါ်စုဟာ နိုင်ငံ့ခေါင်းဆောင်ဖြစ်တဲ့ သူ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းကို မွေးဖွားပေးလိုက်တဲ့ “ကျောင်းသားသမဂ္ဂ” အစဉ်အလာကို မလေးစားရကောင်းလား ဆိုပြီး ငြိုငြင်မှု ဖြစ်တဲ့ သူတွေလည်း ရှိကြပါတယ်။ ဒါပေမယ့် ၊ ကျနော်တို့ သေချာ စဉ်းစားပါ။ ကျနော်တို့ ဗိုလ်ချုပ်ဟာ နိုင်ငံရေးကို “ခြေစုံပစ်” ဝင်ခဲ့ခြင်း ဖြစ်တယ်။ ကိုကြီးနုတို့ စတဲ့ တခြား အနာဂါတ်ခေါင်းဆောင်များဟာလည်း နိုင်ငံရေးကို “ခြေစုံပစ်” ဝင်ခဲ့ခြင်း ဖြစ်တယ်။ ကျောင်းသားလည်းလုပ် ၊ နိုင်ငံရေးသမားလည်း လုပ်ဆိုပြီး မရှင်းမလင်း လုပ်ခဲ့တာ မဟုတ်ဘူး။

နောက်ပြီး နိုင်ငံ့ခေါင်းဆောင်ကို ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂက မွေးဖွားပေးလိုက်တယ်ဆိုတဲ့ အချက်ဟာ လူသိများတဲ့ အချက် ဖြစ်ပေမယ့် ဒါဟာ တကယ်တမ်း စစ်ဆေးကြည့်ရင် အကြောင်း လုံလောက်မှု မရှိပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂက မဟုတ်ပေမယ့် နိုင်ငံ့ခေါင်းဆောင် အဆင့်မှာ ရှိတဲ့ တခြားလူတွေ ရှိပါတယ်။ ဥပမာအားဖြင့် သခင်ကိုယ်တော်မှိုင်း၊ သခင်မြ၊ သခင်သန်းထွန်း၊ သခင်စိုး စတဲ့ တခြား နိုင်ငံ့ခေါင်းဆောင်အဆင့်မှာ ရှိတဲ့ စွန့်လွှတ်အနစ်နာခံသူ သခင်တွေ အများကြီး ရှိဦးမယ်။

နိုင်ငံ့ခေါင်းဆောင် ဗိုလ်ချုပ် ဖြစ်လာရခြင်းဟာ အချက်တွေ အများကြီး ပါဝင်နေပေမယ့် အဓိကအားဖြင့် နိုင်ငံရေးကို လုပ်ခဲ့လို့သာ ဖြစ်တယ်၊ အမှားတွေလည်း ရှိတယ်၊ ရိုးဖြောင့်ခြင်း မကွယ်ဝှက်ခြင်း၊ နောက်ပြီး ခေါင်းဆောင်တယောက်မှာ ရှိသင့်ရှိထိုက်တဲ့ ကျယ်ပြန့်တဲ့ အမြင်ရှိခြင်း၊ အဲသလို အမြင်မျိုး ရှိလာအောင် စာတွေ အများကြီးဖတ်၊ နှိမ့်ချဆည်းပူးခြင်း ဒါတွေက ကျောင်းသား ခေါင်းဆောင်ဖြစ်ခဲ့တယ် ဆိုတဲ့အချက်ထက် အများကြီး ပိုအရေးကြီးတယ်။

ကျောင်းသားသမဂ္ဂတခုကို ကျောင်းသားကိုယ်စားလှယ်ဆိုပြီး စပါယ်ရှယ်ပါဝါ ပေးတယ် ဆိုတာကိုက နာမည်ကသာ လွတ်လပ်သော သမဂ္ဂ၊ တကယ့် အနှစ်သာရဟာ “ဗဟိုပြု စနစ်” ကိုပဲ ပြန်တည်ဆောက်နေမှာ စိုးရိမ်လို့ ဖြစ်တယ်။ ဗဟိုပြု စနစ်တိုင်းမှာ နောက်ဆုံး အင်အားကြီးသူက အဖွဲ့အစည်းကို လက်ဝါးကြီးအုပ်သွား နိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပါဝါကို ခွဲထားဖို့ မကြိုးစားထားခဲ့လို့ ဖြစ်တယ်။ လူတဦးချင်း တန်ဖိုးကို အခြေမခံခဲ့ လို့ ဖြစ်တယ်။

သည်အချက်တွေကို ကျနော် ပြခဲ့လို့ ကျောင်းသားသမဂ္ဂတွေ မတည်ဆောက်သင့်ဘူးလို့ ကျနော် ပြောနေတာ မဟုတ်ပါ။ ကျောင်းသားလောကကို ဗဟို ကျောင်းသားအဖွဲ့အစည်း တခုတည်းကိုပဲ အထူးပါဝါပေးပြီး ဗဟိုပြု တည်ဆောက်ရင် အာဏာရှင်စနစ် နဲ့ ဘာမှ မထူးဘူးလို့ သတိထားမိရန် တင်ပြခြင်း ဖြစ်ပါတယ်။ အဓိကက တက္ကသိုလ်တခုမှာ ကျောင်းသားသမဂ္ဂသာမက သူ့ သန်ရာသန်ရာ စိတ်ဝင်စားမှု အုပ်စုအလိုက် အဖွဲ့တွေ အများကြီး ရှိရပါမယ်။

၎င်း အဖွဲ့အစည်းတို့ဟာလည်း သူ့နည်း သူ့ဟန်နဲ့ ၄င်းတို့၏ ကျောင်းသားရေးဆိုင်ရာ အကျိုးအမြတ်ကို ပြိုင်ဖက်ကျောင်းသားအဖွဲ့တွေနဲ့ အတူ တွန်းတွန်းတိုက်တိုက် တရားမျှမျှတတ၊ မည်သည့် တဖွဲ့ကမှ လက်ဝါးကြီးအုပ်ထား နိုင်ခြင်း (monopoly) မရှိဘဲ လွတ်လပ်စွာ ဖြစ်တည်နိုင်စွမ်း ရှိရပါမယ်။

အဲ  နိုင်ငံတော် အတွက် ကျောင်းသားထုတရပ်လုံးအတွက် လိုအပ်လာပြီ ဆိုရင်လည်း ၄င်း အဖွဲ့တွေ အားလုံး ထွက်လာကြပြီး အားလုံး စုရုံးလို့ တလုံးတစည်းတည်း တိုက်ပွဲဝင်နိုင်ကြရပါမယ်။

ဧရာဝတီ


No comments:

Post a Comment

My Blog List