Friday, June 05, 2015

အမျိုးသမီးများအား အကြမ်းဖက်မှု သိန်းနှင့်ချီသည့် အာဂျင်တီးနား ပြည်သူများ ကန့်ကွက်ဆန္ဒပြ


ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်မှုများ အတွဲလိုက် ဖြစ်ပွားပြီးနောက်မှာ အမျိုးသမီးများအား အကြမ်းဖက်မှုကို ပြစ်တင်ရှုတ်ချသည့်အားဖြင့် အာဂျင်တီးနား နိုင်ငံတစ်ဝန်းလုံးမှ သိန်းနှင့်ချီသည့် လူထုများမှာ လမ်းများပေါ်သို့ ထွက်လာခဲ့ကြသည်။ မြို့တော် ဗျူနို့စ်အေရီးစ်နှင့် အခြားမြို့ကြီးပေါင်း ၁၀၀ ကျော်တွင် ‘မဟာပူရိသဝါဒက လူသတ်နေတယ်’’၊ ‘လုံလုံလောက်လောက် သေခဲ့ပြီ’’ စသည့် ကြွေးကြော်သံ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားသည့် အာဂျင်တိုင်း လူအုပ်များက လမ်းမများကို ရေလွှမ်းသလို ဖုံးလွှမ်းသွားခဲ့ကြသည်ဟု ဆိုသည်။ ချီလီ၊ ဥရုဂွေးနှင့် မက္ကဆီကို နိုင်ငံများတွင်လည်း အလားတူ ချီတက်ကန့်ကွက်ပွဲများ ပြုလုပ်ခဲ့ကြသည်ဟု ဆိုသည်။

သူငယ်တန်း ကျောင်းဆရာမတစ်ယောက်ကို သူမ၏ အတန်းရှေ့တွင်ပင် ကွဲကွာနေသည့် လင်ယောက်ျားက လည်လှီးသတ်ဖြတ်မှုနှင့် ကိုယ်ဝန်ရှိလာသောကြောင့် သူ၏ ရည်းစား ကောင်လေးက အသေရိုက်သတ်လိုက်သည်ဟုယူဆရသည့် ၁၄ နှစ်အရွယ် မိန်းမငယ်အား သတ်ဖြတ်မှုများကြောင့် အာဂျင်တီးနား နိုင်ငံသားများမှာ ထိတ်လန့်တုန်လှုပ်ခဲ့ကြရသည်။

ဗျူနို့စ်အေရီးစ်၏ နေ့ခင်းကြောင်တောင်မှာပင် ရည်းစားဟောင်းက ဓားဖြင့် ထိုးသတ်လိုက်သည့် နောက်ထပ် မိန်းမတစ်ယောက်၏ အသတ်ခံရမှုကလည်း အာဂျင်တိုင်း ပြည်သူများကို ထပ်မံ၍ ဒေါသအိုး ပေါက်ကွဲသွားစေခဲ့ပြန်သည်။

‘‘လူမှုရေးနဲ့ နိုင်ငံရေး ပြောင်းလဲမှတ်ကို ကျွန်တော်တို့ မြင်နေရပါပြီ’’ ဟု ချီတက်ကန့်ကွက်ပွဲ များ၏ နောက်ကွယ်မှ အဓိကအဖွဲ့အစည်းများအနက် တစ်ခုဖြစ်သည့် အမျိုးသမီး အခွင့်အရေးအုပ်စု La Casa del Encuentro ၏ ဒါရိုက်တာတစ်ဦးဖြစ်သည့် ဖာဘီယန်နာ တူးနက်ဇ်က ပြောကြားခသည်။ ‘‘ကျွန်မတို့နိုင်ငံမှာ ၃၁ နာရီတိုင်းမှာ လိင်အခြေခံတဲ့ အကြမ်းဖက်မှုကြောင့် အမျိုးသမီးတစ်ဦး အသတ်ခံနေရပါတယ်’’ဟု La Casa ၏ ဥက္ကဋ္ဌဖြစ်သည့် အဒါ ဘီထရစ် ရီကိုကလည်း ပြောကြားသည်။

‘‘ဒါက တုန်လှုပ်ချောက်ချားစရာ အရေအတွက်ပါ။ မီဒီယာတွေ မရောက်မပေါက်တဲ့ ကျေးလက်ဒေသတွေမှာ လူမသိ သူမသိ အသတ်ခံနေရတာတွေလည်း ရှိနေတော့ အရေအတွက်က ဒီ့ထက်တောင် မြင့်မားနိုင်ပါသေးတယ်’’ ဟုလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

အာဂျင်တီးနားမှာ မိန်းမများအား သတ်ဖြတ်သည့် ရာဇဝတ်မှုကို ၎င်းတို့၏ ပြစ်မှုဆိုင်ရာ ဥပဒေများအတွင်း ထည့်သွင်းရေးဆွဲထားသည့် လက်တင်အမေရိက ၁၆ နိုင်ငံတွင် ပါဝင်ပြီး၊ ရာဇဝတ်မှုတွင် လိင်မှာ တစ်ခန်းတစ်ကဏ္ဍ ပါဝင်နေပါက ယောက်ျားက မိန်းမကို သတ်ဖြတ်ခြင်းကို ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ချမှတ်လေ့ရှိသည်။ 

၂၀၁၂ ခုနှစ်က အာဂျင်တီးနားတွင် လိင်အခြေခံဖြင့် မိန်းမအား သတ်ဖြတ်မှုကို ထောင်ဒဏ်တစ်သက် အပြစ်ပေးသည့် ဥပဒေကို ပြဋ္ဌာန်းခဲ့သော်လည်း ယမန်နှစ် တစ်နှစ်တည်းတွင်ပင် အိမ်ထောင်ရေး အကြမ်းဖက်
မှုကြောင့် အမျိုးသမီး ၂၇၇ ယောက် အသတ်ခံခဲ့ရသည်ဟု La Casa del Encuentro အုပ်စုက ပြောကြားခဲ့သည်။ ပြစ်တင်ရှုတ်ချပွဲကို အာဂျင်တီးနားဘောလုံးကြယ်ပွင့် လိုင်ယွန်နယ် မက်ဆီနှင့် သမ္မတ ခရစ္စတီနား ကာချနာတို့က ဦးဆောင်ခဲ့သည်။

Mizzima - News in Burmese


No comments:

Post a Comment

My Blog List