Friday, June 05, 2015

သုသာန်ဟောင်းနေရာ မြေတိုင်းတာရာတွင် စေတီပရိဝုဏ်ထားရှိပေးရန် တောင်းဆို


 ပြည်မြို့ရှိ ကန်သာဦး သုသာန်ဟောင်းကို မြေစာရင်းဦးစီး ဌာနက မြေကွက်များတိုင်းတာရာ တွင် သုသာန်အတွင်း တည်ထားကိုးကွယ်သည့် စေတီတော်အတွက် မြေပရိဝုဏ်အကျယ်အဝန်း ထားရှိပေးရန် စေတီတော် ဂေါ ပက အဖွဲ့က တောင်းဆိုထား ကြောင်း သတင်းရရှိသည်။

ကန်သာဦးသုသာန်ဟောင်း နေရာကို ပြည်ခရိုင်၏ဌာနဆိုင်ရာ ရုံးများအတွက် နေရာချထားပေး ရန် မေလမှ စတင်ကာ မြေစာရင်း ဦးစီးဌာနက ပေ ၄၀×၆၀ မြေကွက်နေရာများတိုင်းတာခဲ့သည်။

သုသာန်ဟောင်း အတွင်း တည်ထားကိုးကွယ်သည့် စေတီ နှင့် ဆွမ်းချက်ဆောင်၊ ဗောဓိပင် များအနီးအထိ မြေနေရာတိုင်း တာအကွက်ရိုက်နေခြင်းကြောင့် စေတီတော်ပရိဝုဏ်မြေချန်ထား ပေးရန် ဂေါပကအဖွဲ့က ပြည့်ခရိုင်အုပ်ချုပ်ရေးမှူးရုံးသို့ လိပ်မူကာ မေလ ၂၅ ရက်၌ တောင်းဆိုတင် ပြခဲ့သည်။

‘‘သူတို့တွေ မြေကွက်ရိုက်တဲ့ အခါ စေတီတော်ရင်ပြင်တော်အ နားထိ ငုတ်ရိုက်သတ်မှတ်နေတာ တွေ့ရလို့ အဲဒီငုတ်တွေ ပြန်ချွတ် ပေးဖို့ရယ်၊ စေတီတော်ပရိဝုဏ် မြေနေရာ ချန်ထားပေးဖို့ ဒေသခံ တွေရဲ့ ဆန္ဒအရ ဂေါပကအဖွဲ့ဝင် တွေက လက်မှတ်ရေးထိုးတောင်း ဆိုထားပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေလည်း လာရောက် ကြည့်တာတွေရှိပေမယ့် အခုထိ တော့ အကြောင်းမထူးသေးဘူး’’ ဟု စေတီတော်ဂေါပကအဖွဲ့ဝင် ဦးအောင်ဆန်းမင်းက ပြောကြား သည်။

စေတီတော်ဝန်းကျင်တွင် မြေနေရာပရိဝုဏ်မရှိသဖြင့် ဘာ သာရေးအလှူပွဲများ၊ တရားပွဲများ ပြုလုပ်ရာတွင် အခက်အခဲများ ဖြစ်လာနိုင်ပြီး စေတီတော်နှင့် နီးကပ်စွာ အဆောက်အအုံများ တည်ဆောက်မည်ကို ဒေသခံများက မကျေနပ်သောကြောင့် စေတီတော် ရင်ပြင်တော်၏ အ နောက်ဘက်နှင့် တောင်ဘက်တို့၌ ပေ ၅၀ ခန့် မြေနေရာချန်ထားပေး ရန် တောင်းဆိုရခြင်းဖြစ်ကြောင်း ဦးအောင်ဆန်းမင်းက ဆက်လက် ရှင်းပြသည်။

‘‘အဲဒီနေရာလေးမှာ စေတီနဲ့ ဓမ္မာရုံလေးပါ သပ္ပာယ်စွာ သပ် သပ်ရပ်ရပ်လေး တွေ့ရတယ်။ ဒေသခံတွေကလည်း ထိန်းသိမ်း စောင့်ရှောက်ပြီး ကိုးကွယ်နေကြ တာ တွေ့ရတယ်။ မြေစာရင်းမှာ ပရိဝုဏ်သာသနာမြေရယ်လို့ မရှိ ပေမယ့် မြေပရိဝုဏ်ထားရှိလိုက် ရင် အတော်ကို ကောင်းမှာပါ။ ဒါ ကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူ တွေနဲ့ ပရိဝုဏ်မြေနေရာအတွက် ညှိနှိုင်းဆွေးနွေးနေပါတယ်’’ ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ဦးမျိုးအောင်က ပြော ကြားသည်။

သုသာန်ဟောင်း၌  တည် ထားကိုးကွယ်သည့် အကျွတ်အ လွတ်အောင်စကြာစေတီတွင် ဂေါပကအဖွဲ့ ဖွဲ့စည်းထားပြီး အခါကြီးရက်ကြီးများ၌ အလှူအတန်း ပြုလုပ်ခြင်း၊ တရားပွဲများပြုလုပ် ခြင်း၊ မီးထွန်းပွဲတော်၊ ညောင်ရေ သွန်းပွဲတော် ကျင်းပခြင်းများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများ က ပြောကြားသည်။

7Day News Journal


No comments:

Post a Comment

My Blog List