Friday, June 05, 2015

သဘာပတိ ခိုင်စိုးနိုင်အောင် ဒုဥက္ကဌ (ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ ALP) မိန့်ခွန်း



ကျွန်တော်ပြောမယ့် စကားတွေ၊ အချက်အလက်တွေဟာ လက်ရှိအခြေအနေ၊ နိုင်ငံတစ်ကာ အခြေအနေအပေါ်မှာ ဖြစ်နိုင်ချေ၊ဖြစ်သင့်တာတွေကို တိုင်းတာ၊ ဝေဖန်၊ သုံးသပ်ပြီးတော့ ပြောကြားမယ့်စကား ဖြစ်ပါတယ်။

ပထမအနေနဲ့ ပြောကြားလိုတာကတော့ အစိုးရမှလက်ခံသည်ဖြစ်စေ၊မခံသည်ဖြစ်စေ၊ သုံးပွင့်ဆိုင် ဆွေးနွေး ပွဲကို ဖြစ်ပေါ်လာဖို့တော့ အခိုင်အမာရပ်တည်ပြီးတော့ ကျွန်တော်တို့ တိုက်ပွဲဝင်လိုပါတယ်။ ဘာကြောင့်လည်း ဆိုလို့ရှိရင် အဲ့ဒီ သုံးပွင့်ဆိုင်ဆွေးနွေးပွဲဟာခေါင်းဆောင်များအားလုံး နားလည်ထားတဲ့ အတိုင်းပဲ ကျွန်တော်တို့ တိုင်းရင်းသားလူမျိုးတွေရဲ့ ဆန္ဒ၊ ဘ၀ဖြစ်တဲ့ အမျိုးသား တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုကို နီးစပ်မှုရှိလာမှာ ဖြစ်တယ်။

အဲ့ဒါကြောင့် သုံးပွင့်ဆိုင်ဟာ သိပ်အရေးကြီးတယ်။ သုံးပွင့်ဆိုင် ဘယ်လောက်အရေးကြီးလည်း ဆိုလို့ရှိရင် ၁၉၉၃ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိ UNမှာ Agenda အဖြစ် ဆွေးနွေးခဲ့တာ ခေါင်းဆောင်များ မှတ်မိမယ်လို့ ထင်ပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာ ဒီ သုံးပွင့်ဆိုင်ဆိုတဲ့ဟာ မှေးမှိန်သွားပါတယ်။

သုံးပွင့်ဆိုင်ကို ကျွန်တော်တို့ အခိုင်အမာရပ်တည်ပြီးတော့ အဆုံးစွန် တိုက်ပွဲဝင်ဖို့လိုပါတယ်။ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ၊ ပထမအချက်အနေနဲ့ ကျွန်တော်ပြောကြားခြင်းဖြစ်ပါတယ်။

ဒုတိယအချက်အနေနဲ့ ပြောကြားလိုတာကတော့ NCA မူကြမ်းကိစ္စဖြစ်ပါတယ်။ NCA မူကြမ်းနဲ့ပတ်သက်လို့ ဒီထိပ်သီးအစည်းအဝေးမှာ ဆွေးနွေးကြတဲ့ ဆွေးနွေးချက်တွေ၊ အကြံပြုချက်တွေ သဘောထားတွေကို ကျွန်တော်လေ့လာကြည့်တဲ့အခါမှာ NCA မူကြမ်းကို အတည်ပြုဖို့ဆိုတာ အခက်အခဲရှိနေတယ်။ အဲ့ဒါ တွေ့ရတယ်။

ကျွန်တော် ထပ်ပြောမယ်ဆိုလို့ရှိရင် အဖွဲ့အားလုံးရဲ့ တင်ပြချက်အပေါ်မှာ ဝေဖန်သုံးသပ်ကြည့်တဲ့အခါမှာ NCA မူကြမ်းကို လက်ခံအတည်ပြုဖို့ဆိုတာ အခက်အခဲရှိနေတယ်။ အဲ့ဒီအခက်အခဲကို ဘယ်လိုကျော်လွှားမလဲ။ အဲ့ဒါကို ဆွေးနွေးကြဖို့လိုတယ်။

UNFC ဥက္ကဌကြီး ပြောထားခဲ့သလိုပဲ အသိအမှတ်ပြုရမှာဖြစ်တယ်။ အသိအမှတ်ပြုလို့ရတဲ့ သဘောဖြစ်တယ်။ ကျွန်တော်အဲ့လိုနားလည်တယ်။

တတိယအချက်အနေနဲ့ ပြောကြားလိုတာကတော့ နိုင်ငံရေး ဆွေးနွေးပွဲ ကိစ္စဖြစ်ပါတယ်။ နိုင်ငံရေး ဆွေးနွေးပွဲကို တိုင်းရင်းသား လူမျိုးလက်နက်ကိုင် အဖွဲ့အစည်းအများစုက Political Dialogue ကို သွားချင်တယ်။

ထိုနည်းလည်းကောင်းပဲ ပြည်တွင်းမှာဆိုလို့ရှိရင် နိုင်ငံရေးပါတီအများစုလိုလို နိုင်ငံရေးဆွေးနွေးပွဲကို သွားချင်တယ်။ ဒါပေမယ့် နိုင်ငံရေး ဆွေးနွေးပွဲ သွားတဲ့အခါမျိုးမှာ ကျွန်တော်တို့ တိုင်းရင်းသားလူမျိုး လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ အာမခံချက်ရှိဖို့လိုတယ်။ အာမခံချက်ရှိအောင် ကျွန်တော်တို့ ဘယ်လိုစုပြီးတော့ တိုက်ပွဲဝင်ကြမလဲ။ အဲ့ဒါ သိပ်အရေးကြီးတယ်။

တစ်ကယ်လို့များ Political Dialogue ကို သွားတဲ့အခါမျိုးမှာ တိုင်းရင်းသားလူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်း တွေအနေနဲ့ တစ်သံတည်းထွက်ဖို့အရေးကြီးတယ်။ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုအပေါ်မှာ တစ်သံတည်းထွက်ဖို့ လိုပါတယ်။ တစ်သံတည်းမထွက်ရင် ကျွန်တော်တို့ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စု မရနိုင်ဘူး။

နောက်တစ်ချက် ကျွန်တော်ပြောကြားလိုတာကတော့ NCA ကို လက်ခံအတည်ပြုဖို့ ခက်ခဲပေမယ့် ခေါင်းဆောင်တွေ တစ်ချို့ပြောကြပါတယ်၊ အချိန်မရှိတော့ဘူး။ အစိုးရကလည်း အချိန်မရှိတော့ဘူး။ ဒီအစိုးရသက်တမ်းမှာ ဒါကိုစချင်တယ်။ စလို့ရအောင် ဒီထိပ်သီးညီလာခံကို တက်လာကြတဲ့ အဖွဲ့အစည်းအားလုံးရဲ့ သဘောထားအပေါ်မှာ မူတည်တယ်။

ဒီအစိုးရလက်ထက်မှာ စမလား၊ မစဘူးလားဆိုတာကို ဒီထိပ်သီးအစည်းအဝေးကို တက်ရောက်လာကြတဲ့ အဖွဲ့အစည်း အသီးသီးရဲ့ သဘောထား ဆုံးဖြတ်ချက်အပေါ်မှာ တည်တယ်ဆိုတာ ပြောကြားလိုပါတယ်။

နောက်တစ်ခု တစ်ကယ်လို့များ Political Dialogue ကို သွားတဲ့အခါမျိုးမှာ ကျွန်တော်တို့ တိုင်းရင်းသားတွေ၊ ဆန္ဒ၊ ဘ၀ကို တစ်ကယ်ရနိုင်ဖို့အတွက် ပြည်တွင်းပြည်သူတွေ သိပ်အရေးကြီးပါတယ်။ အထူးသဖြင့် ဗမာတွေ အရေးကြီးပါတယ်။ ဗမာတွေထောက်ခံဖို့ သိပ်အရေးကြီးပါတယ်။ အဲ့ဒါ အားနည်းချက်ရှိရင်လည်းပဲ ကျွန်တော်တို့က အခက်အခဲ အများကြီးရှိနိုင်ပါတယ်။

နောက်ထပ် ပြောကြားလိုတာကတော့ ကျွန်တော်တို့ဖြတ်သန်းလာတဲ့ နှစ်ပေါင်းသုံးဆယ်ကျော်၊ နှစ်ပေါင်းလေးဆယ်ကျော် သမိုင်းအတွေ့အကြုံအရ ကျွန်တော်ဆိုရင် နယ်စပ်ဒေသမှာ အများကြီးဖြတ်သန်းခဲ့ပါတယ်။ တိုက်ပွဲတွေမှာလည်း အများကြီးပါခဲ့ပါတယ်။

အစိုးရနဲ့ ဆွေးနွေးပွဲတွေမှာလည်း ကျွန်တော်တို့ တစ်စုံတစ်ရာ ဆက်စပ်မှုရှိခဲ့ပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသားလူမျိုးတွေ အနည်းဆုံးအဆင့်ကို ညီညွတ်ကြတဲ့အခါမျိုးမှာ အဲ့ဒီညီညွတ်မှုကို ပုံစမျိုးစုံက လိုက်ပြီးတော့ ဖြိုခွဲတာကို ခံခဲ့ရတယ်။ အဲ့ဒါ သမိုင်းမှာ အထင်အရှားရှိပါတယ်။

အဲ့ဒါကြောင့် ဒီနေ့ကာလမှာလည်းပဲ ကျွန်တော်တို့တိုင်းရင်းသားလူမျိုးစုတွေ အဆင့်အမြင့်ဆုံးညီညွတ်မှုထိပ်ကို ရောက်နေပြီဆိုတာ အဲ့လိုမြင်မိတယ်။ အဲ့ဒီအခါမျိုးမှာ ကျွန်တော်တို့အတွင်းမှာ အယူအဆ၊ အတွေးအခေါ်တွေ နည်းနည်းအားနည်းလာတာကို တွေ့ရတယ်။ အဲ့ဒါလည်း သိပ်သတိထားကြဖို့ အရေးကြီးပါတယ်။

အဲ့ဒါကြောင့် တစ်ဆက်တည်းမှာ ကျွန်တော်ပြောလိုတာကတော့ တန်းတူတဲ့ပြဌာန်းခွင့်ကိုအခြေခံတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တောင်းဆို တိုက်ပွဲဝင်တဲ့နေရာမှာ စုပေါင်းတိုက်ပွဲဝင်မှု မရှိဘူးဆိုလို့ရှိရင် ကျွန်တော် တို့ မရနိုင်ဘူးဆိုတာကို ပြောကြားလိုပါတယ်။

နောက်ထပ် ပြောကြားလိုတာကတော့ ဒီထိပ်သီးဆွေးနွေးပွဲပုံစံ နည်းနည်းပြောချင်ပါတယ်။ ပိုပြီးမြန်အောင် အဖွဲ့အစည်းအလိုက်တင်ပြထားတာတွေကိုစုပြီးတော့ အကျိုးဆောင်များအနေနဲ့ အဖွဲ့အစည်းတစ်ခုက တင်ပြလိုက်တဲ့အချက်တစ်ချက်ကို တစ်ဖွဲ့ချင်းမေးပါ။ တစ်ဖွဲ့ချင်းမေးရင် မြန်သွားနိုင်တယ်။ အဲ့ဒါတစ်ချက် အကြံပြုလိုပါတယ်။

အရင်တုန်းကလည်း အဲ့ဒီတပ်ပေါင်းစုတွေမှာ အစည်းအဝေးတွေမှာ အဲ့လိုလုပ်ခဲ့ကြတာကို တွေ့ကြုံဖူးပါတယ်။ မြန်သွားတာကို တွေ့ကြုံခဲ့ပါတယ်။ ဒါကြောင့် အဲ့ဒါကို အကျိုးဆောင်တွေကို အကြံပြုလိုပါတယ်။

နောက်ဆုံးအနေနဲ့ ပြောကြားလိုတာကတော့ ထိပ်သီးအစည်းအဝေးကို တက်ရောက်လာတဲ့ အဖွဲ့အစည်းအသီး သီးမှ ခေါင်းဆောင်များအနေနဲ့ ပိုပြီးကျေနပ်မှုရှိအောင် NCCT အဖွဲ့ဝင်များဖြစ်စေ၊ ထိပ်သီးခေါင်းဆောင်များမှ အတွေ့အကြုံရှိတဲ့ပုဂ္ဂိုလ်များဖြစ်စေ၊ ကျေကျေလည်လည် နားလည်သဘောပေါက်အောင် ရှင်းပေးကြဖို့ ပန်ကြားရင်း နိဂုံးချုပ်ပါတယ်ခင်ဗျာ။

Mizzima - News in Burmese 


No comments:

Post a Comment

My Blog List