Tuesday, June 02, 2015

ဖုန်ကြားရှင်အား လွှဲပြောင်းပေးရန် စိုင်းလင်းထံသို့ အစိုးရမှ အကြောင်းကြား



ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအား ပြန်လည်တိုက်ခိုက်လာသော ကိုးကန့်သောင်းကျန်းသူအဖွဲ့ခေါင်းဆောင် ဖုန်ကြားရှင်အား လွှဲပြောင်းပေးရန် အစိုးရမှ မိုင်းလားအဖွဲ့ ဥက္ကဋ္ဌ စိုင်းလင်းထံသို့ အကြောင်းကြားစာပို့လိုက်ကြောင်း သမ္မတရုံးနှင့် နီးစပ်သူ အသိုင်းအ၀ိုင်းထံမှ သတင်းရရှိသည်။

ဖုန်ကြားရှင်ဦးဆောင်သော MNDAA အဖွဲ့သည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော လောက်ကိုင်၊ ကုန်းကြမ်းတို့ အား ဖေဖော်ဝါရီ ၉ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ရာ အစိုးရတပ်များမှ အချိန်မီကာကွယ်ပေးနိုင်ခဲ့၍သာ လောက်ကိုင် နယ်မြေ မဆုံးရှုံးရခြင်းဖြစ်ကြောင်းနှင့် ယင်းဒေသအား စစ်အုပ်ချုပ်မှု ရက်ပေါင်း ၉၀ သတ်မှတ်ခဲ့ရာ ယခုအခါ ရက်ပေါင်း ၉၀ ထပ်မံ တိုးမြှင့်လိုက်ကြောင်းလည်း သိရှိရပါသည်။

နိုင်ငံတော်သမ္မတအနေဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ရှေးရှုကာ တရားခံပြေးများဖြစ်ကြသော ဖုန်ကြားရှင်နှင့် ဖုန်ကြာဖူးတို့နှစ်ဦးအား ၂၀၁၂ ခုနှစ် ဇူလိုင် ၂ ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ကြောင်း သိရှိရပါသည်။ သို့သော် ယခုနှစ် ဖေဖော်ဝါရီ ၉ ရက်နေ့မှ စတင်ကာ ဖုန်ကြားရှင် ခေါင်းဆောင်သော MNDAA အဖွဲ့သည် ကွမ်းလုံမြို့ မြောက်ဘက်ရှိ တောက်ရွှေကျေးရွာ၊ ပြည်သူ့စစ်များထံမှ လက်နက် ၈ လက် သိမ်းယူသွားပြီး အစိုးရအပေါ် သွေးတိုးစမ်း လာခဲ့သည်။ ၎င်းမှတစ်ဆင့် လောက်ကိုင်မြို့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အစိုးရအဖွဲ့ကို တိုက်ခိုက်လာခဲ့တဲ့အတွက် နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိပါးတိုက်ခိုက်လာမှု ဖြစ်ပါသည်။ ယင်းဖြစ်စဉ်မှစတင်ကာ အစိုးရတပ် များနှင့် MNDAA အဖွဲ့တို့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလာခဲ့သည်။ 

ထို့ကြောင့် နိုင်ငံတော်သမ္မတသည် ဖုန်ကြားရှင်အား ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့မှုကို ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

“ ဖုန်ကြားရှင်ဟာ အမျိုးသား သစ္စာဖောက်တစ်ယောက်ပဲဗျ၊ သမ္မတက လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာတောင် ကျွန်တော်တို့ ကိုးကန့်ဒေသကို ပြန်တိုက်တယ်၊ ဒါဟာ အောက်တန်းကျတဲ့ လုပ်ရပ်ထက်ပိုပြီးတော့ကို အောက်တန်း ကျတယ်လို့ မြင်တယ်၊ အခုသူ့ကို သမ္မတက လွတ်ငြိမ်းချမ်းသာခွင့်ပေးတာ ပြန်ရုပ်သိမ်းလိုက်ပြီလေ၊ ဖုန်ကြားရှင်ကိုဖမ်းပြီး သေဒဏ်ပေးလိုက်ရင်တောင် သူအပြစ်က ကျေမှာမဟုတ်ဘူး ” ဟု လောက်ကိုင်မြို့ခံတစ်ဦးက ဆိုသည်။

အစိုးရတပ်များနှင့် MNDAA အဖွဲ့တို့သည် ဖေဖော်ဝါရီ ၉ ရက်နေ့မှ အေပြီ ၁၆ ရက်နေ့အထိ ကာလအတွင်း တိုက်ပွဲပေါင်း ၂၅၀ ကျော် ဖြစ်ပွားခဲ့ရာ MNDAA ဘက်မှ မူးယစ်ဆေးဝါးနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ၊ ဆက်စပ်ပစ္စည်းများကို အစိုးရ တပ်များက ဖမ်းဆီးရမိခဲ့ကြောင်း၊ ဖမ်းဆီးရမိခဲ့သော မူးယစ်ဆေးဝါး စုစုပေါင်း ကာလတန်ဖိုးမှာ ငွေကျပ်သိန်းပေါင်း ၂၇၇၂၆၀ ခန့်ရှိကြောင်း လောက်ကိုင်တိုက်ပွဲများတွင် မူးယစ်ဆေးဝါး ဖမ်းဆီးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် ရှေ့တန်းတပ်မှ အရာရှိကြီး တစ်ဦးထံမှ သိရပါသည်။

“ မိုင်းလားအဖွဲ့ဆီ စာပို့ထားတယ်လို့တော့ နီးစပ်သူတွေဆီက ကြားထားပါတယ်၊ ဖုန်ကြားရှင်ကို လွှဲပြောင်းပေးဖို့ကိစ္စပေါ့၊ ဖုန်ကြားရှင်ကိုအခု ဥပဒေပုဒ်မများစွာနဲ့ အမှုဖွင့်တရားစွဲမယ်လို့ သိရတယ်၊ ၂၀၀၉ တုန်းက ဖုန်ကြားရှင်ဟာ ၀ရမ်းပြေး တစ်ယောက်ပဲလေ၊ အဲဒီအချိန်တုန်းကလည်း သူ့ကိုဥပဒေပုဒ်မတွေနဲ့ တရားစွဲထားပါတယ်၊ အရင်ကျူးလွန်ခဲ့တဲ့ ပုဒ်မတွေ ရော အခုကျူးလွန်တဲ့ ပုဒ်မတွေပါ ပေါင်းပြီး တရားစွဲမယ်လို့ သိရပါတယ် ” ဟု အမည်မဖော် လိုသူ ဥပဒေအရာရှိကြီး တစ်ဦးက ပြောပါသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဖုန်ကြားရှင်အပေါ် စွဲဆိုနိုင်သော ဖြစ်နိုင်ချေရှိသည့် ဥပဒေပုဒ်မများအား မေးမြန်းကြည့်ရာ ယင်းအရာရှိကြီးက ဖုန်ကြားရှင်အား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၇ ခုနှင့် တရားစွဲဆိုနိုင်ကြောင်း၊ ယင်းဥပဒေပုဒ်မများမှာ နိုင်ငံတော်သစ္စာဖောက် ပုန်ကန်မှုကြီးအတွက် ပြစ်မှုဆိုင်ရာပုဒ်မ - ၁၂၂ ၊ အကြမ်းဖက်မှု၊ ခြိမ်းခြောက်မှုတို့ကို ကျူးလွန် ခဲ့ခြင်း အတွက် မတရားအသင်း အက်ဥပဒေပုဒ်မ - ၁၇ ၊ ပြည်သူ့စစ်ကိုင်ဆောင်သော လက်နက်များအား ယူဆောင်သွား သည့် အပြင် တရားမ၀င် လက်နက်/ခဲယမ်း ကိုင်ဆောင်မှုအတွက် လက်နက်အရေးပေါ် ပြစ်ဒဏ်စီရင်မှု (ယာယီ) အက်ဥပဒေပုဒ်မ - ၂ (၁) (က)၊ မူးယစ်ဆေးဝါးများနှင့်အတူ လက်နက်/ခဲယမ်းများတွေ့ရှိရမှုအတွက် မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါး များဆိုင်ရာ ဥပဒေပုဒ်မ - ၂၂ ၊ လိုင်စင်မဲ့ကား၊ ဆိုင်ကယ်များ တွေ့ရှိ သိမ်းဆည်း ခဲ့မှုအတွက် ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ - ၈၊ တိုက်ပွဲဖြစ်ပွားစဉ်ကာလအတွင်း တပ်မတော်သားများ၊ ပြည်သူ့ဝန်ထမ်းများ၊ အရပ်သားများ သေကြေပျက်စီးခဲ့မှုများအတွက် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂ ၊ ကြက်ခြေနီ ယာဉ်တန်းနှင့် အကျဉ်းသား များအား ပို့ဆောင်သည့် ယာဉ်တန်းအား တမင်ရည်ရွယ်ပစ်ခတ်ခဲ့ရာမှ အရပ်သားများ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့မှုအတွက် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ - ၃၀၇ အရ အရေးယူနိုင်ကြောင်း ဆက်လက်ပြောကြား သွားသည်။

NDAA ( မိုင်းလား ) အဖွဲ့အနေဖြင့် နိုင်ငံတော်၏ တရားဥပဒေချိုးဖောက်ကျူးလွန်သူ ဖုန်ကြားရှင်အား ပတ်သက်ဆက်စပ် ခြင်း၊ အားပေးကူညီခြင်း မပြုလုပ်ရန်၊ သက်ဆိုင်ရာရဲစခန်းသို့ ချက်ချင်းလွှဲပြောင်းပေး အပ်သွားရန်နှင့် လွှဲပြောင်းပေးအပ်မှု မရှိပါက အင်အားသုံးဝင်ရောက် ရှာဖွေဖမ်းဆီးသွားမည်ဖြစ်ပြီး NDAA (မိုင်းလား) အဖွဲ့ အနေဖြင့် ပြစ်မှုကျူးလွန်သူအား လက်သင့်ခံခြင်း၊ အားပေးကူညီခြင်းတို့အတွက် တည်ဆဲဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုင်းလင်းထံသို့ အစိုးရမှပေးပို့ထားသော အကြောင်းကြားစာတွင် ပါရှိသည်ဟု သိရသည်။

“ ဖုန်ကြားရှင်က မိုင်းလားနယ်မြေထဲမှာပဲ ရှိနိုင်ပါတယ်၊ စိုင်းလင်းက သူ့သမီး ဖုန်းစင်ချွန်းကို ယူထားတဲ့ သားမက်ဆိုတော့ ကယ်ထားမှာပဲလေ၊ စိုင်းလင်းက ဖုန်ကြားရှင်လွတ်အောင် သမ္မတဆီ လွတ်ငြိမ်းချမ်းသာခွင့် တောင်းပေးဖူးတယ်မို့လား၊ တိုက်ပွဲတွေ စဖြစ်ကတည်းက ဖုန်ကြားရှင်ဟာ မိုင်းလားမှာရှိတယ်ဆိုပြီး သတင်းထွက်ခဲ့တာပဲ၊ မိုင်းလားကတော့ ၀ိနည်း လွတ်အောင် မရှိဘူးလို့ပဲ ပြောမှာပေါ့၊ ဖုန်ကြားရှင်ဟာ လူသူအရောက်အပေါက်နည်းတဲ့ အစွန်အဖျားက မိုင်းယောင်း ကွင်းအထက်ပိုင်းမှာ နေတယ်လို့သိရတယ်” ဟု တရုတ် - မြန်မာ နယ်စပ်တစ်လျှောက်တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီး နိုင်ငံရေးဆောင်းပါးများ ရေးသားလျက်ရှိသည့် သတင်းထောက်တစ်ဦးကလည်း ပြောကြားသွားသည်။

ဝင်းဇော်သိန်း
Today Myanmar

No comments:

Post a Comment

My Blog List