Friday, June 05, 2015

အကြမ်းဖက်သမား တစ်ယောက်ကို ငြိမ်းချမ်းရေးမှာ နေရာပေးသင့်သလား MPC


မကြာသေးခင်က အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ လက်မှတ်ရေးထိုးခဲ့တဲ့ တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေး စာချုပ် (NCA) မူကြမ်းကို အပြီးသတ်လက်မှတ်ရေးထိုးဖို့အတွက် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) က ကရင်ပြည်နယ် လော်ခီးလာဒေသမှာ ယခုလ ၂ ရက်နေ့ကစပြီး ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပလျက်ရှိပါတယ်။

၎င်းဆွေးနွေးပွဲကတစ်ဆင့်ရလဒ်ကောင်းကို အားလုံးကမျှော်လင့်ထားကြပေမယ့် ဆွေးနွေးပွဲနဲ့ပတ်သက်တဲ့ သတင်း ဓါတ်ပုံတွေမှာ DKBA/KKO အဖွဲ့ကထုတ်ပယ်ခံထားရပြီး မကြာသေးခင်ကမှ ပြန်လည်ခန့်အပ်ခံလိုက်ရတဲ့ စောဆန်း အောင်ရဲ့ ဆွေးနွေးမှုပုံရိပ်တွေကို မြင်လာရတဲ့အတွက် ငြိမ်းချမ်းရေးလိုလားသူ အားလုံးရတက်မအေးဖြစ်ခဲ့ရပါတယ်။

အစိုးရနဲ့ ပြဿနာမျိုးစုံဖြစ်ပွားအောင် ဖန်တီးပြီး မြ၀တီနယ်စပ်ဒေသမှာ နာမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့အတွက် DKBA ခေါင်းဆောင်စောလားဘွယ်က ထုတ်ပယ်ခဲ့ပြီးတဲ့နောက် နိုင်ငံရေးစာမျက်နှာတွေမှာပျောက်ဆုံးနေခဲ့တဲ့ စောဆန်းအောင် အနေနဲ့ ယခုအခါမှာတော့ NCCT ဆွေးနွေးပွဲကတစ်ဆင့် မီဒီယာစာမျက်နှာတွေပေါ်ကို ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ် ပါတယ်။ 

စောဆန်းအောင်ဆိုသူမှာ DKBA တပ်ဖွဲ့အနေနဲ့ KNU မှ စတင်ခွဲထွက်ခဲ့စဉ်ကတည်းက ပါဝင်ခဲ့သူမဟုတ်ဘဲ၊ ငြိမ်းချမ်း ရေးအခွင့်အလမ်းတွေကြောင့်သာ DKBA တပ်ဖွဲ့ထဲသို့စတင်ဝင်ရောက်လာခဲ့သူလို့ သိရပါတယ်။ ပညာအရည်အချင်းက စတုတ္ထတန်းပင် မအောင်မြင်သော်ငြားလည်း လက်ရဲဇက်ရဲရှိပြီး လူရည်လည်သူတစ်ဦးဖြစ်တဲ့အတွက် DKBA ရဲ့ စီးပွား ရေးပိုင်းဆိုင်ရာကို တာဝန်ယူခဲ့ရတယ်လို့လည်းသိရပါတယ်။ အဲဒီအချိန်ကစပြီး ဂိတ်ဖွင့်၊ ဆက်ကြေးကောက်၊ ကားမှောင် ခို၊ နွားမှောင်ခို၊ လူမှောင်ခို၊ သစ်မျှော၊ လှေတိုက်၊ မူးယစ်ဆေးဖြန့်ဝေခြင်းဆိုတဲ့ လုပ်ငန်းတွေဟာ စောဆန်းအောင်ရဲ့ အလုပ်အကိုင်တွေဖြစ်လာခဲ့ပြီး သူ့ရဲ့မောက်မာရမ်းကားမှုတွေကလည်း နယ်စပ်တစ်လျှောက် နာမည်ကြီးလာခဲ့ပါတယ်။

ပညာအခြေခံနည်းပါးသော်လည်း စောဆန်းအောင်မှာ ပါးရည်နပ်ရည်ရှိခြင်းနဲ့ လူရည်လည်ခြင်းဆိုတဲ့ အရည်အချင်း တစ်ခုတော့ရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။ မည်သို့ပင်မကောင်းမှုတွေလုပ်နေပေမယ့် မီဒီယာစာမျက်နှာတွေ ပေါ်မှာတော့ စောဆန်းအောင်ဆိုသူရဲ့ အပြစ်တွေကိုမြင်တွေ့ရခြင်းမရှိတာက သူ့ရဲ့အရည်အချင်းပါပဲလို့လဲ ပြောကြ ပါတယ်။

၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ကျူးကျော်ရွာတစ်ရွာဖြစ်တဲ့ သမီးကလေးကျေးရွာကို အစိုးရကဖယ်ရှားစေခဲ့ပြီးတဲ့ နောက်မှာ အဲဒီကရွာသူရွာသားအချို့ကို စောဆန်းအောင်က မြ၀တီနယ်စပ်မှာ နေစရာအိမ်ပေးမယ် အလုပ်အကိုင် ပေး မယ်ဆိုပြီး လာရောက်ခေါ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ မီဒီယာတွေနဲ့ညာညှိ လုပ်ဆောင် ခဲ့ခြင်းကြောင့် သတင်းစာမျက်နှာတွေပေါ်မှာ စောဆန်းအောင်ကတော့ မော်မဆုံးဖြစ်ခဲ့ရပါတယ်။ သို့သော်လည်း နောက်ပိုင်းမှာ ရွာသူရွာသားတွေ အလုပ်အကိုင်မရရှိခြင်း၊ နေစရာအိမ်မလောက်ငှခြင်း၊ အစာရေစာမ၀လင်ခြင်းတို့ ကြောင့် စောဆန်းအောင်နယ်မြေကနေ ပြန်လည်ထွက်ပြေးခဲ့ရတာတွေ၊ အသက်အရွယ်ငယ်ပြီးသန်မာတဲ့အမျိုးသား တွေကို DKBA/KKO အဖွဲ့ထဲမှာ တာဝန်ထမ်းဆောင်ခိုင်းခဲ့တဲ့ အဖြစ်တွေကတော့ သတင်းစာမျက်နှာတွေပေါ်မှာပျောက် ဆုံးခဲ့ရ ပါတယ်။

ဒါပေမယ့်အဲဒီရွာသားတွေနဲ့မြ၀တီနယ်စပ်ကဒေသခံတွေကတော့ စောဆန်းအောင်ရဲ့ စေတနာမမှန်ကန် မှုတွေကို လက်တွေ့သိမြင်ခဲ့ကြပါတယ်။

ဆက်လက်ပြီး စောဆန်းအောင်ရဲ့ မသမာမှုတွေနဲ့ အကြမ်းဖက်မှုတွေကို ဖော်ပြပါမယ်။ ၂၀၁၄ ခုနှစ် မေလအတွင်းက သင်္ကန်းညီနောင်ကျေးရွာအုပ်စု ရွာသစ်ကျေးရွာမှာသတင်းအရ မူးယစ်ဆေးဝါးလာရောက်ရှာဖွေတဲ့ ခရိုင်ရဲတပ်ဖွဲ့ကို စောဆန်းအောင်ရဲ့ တပည့်တွေက ဥပဒေမဲ့ပစ်ခတ်ခဲ့တဲ့အတွက် ရွာသူရွာသားတွေ အထိတ်တလန့်ဖြစ်ခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီမူးယစ်ဆေးဝါးတွေဟာ စောဆန်းအောင် ဖြန့်ဖြူးမယ့်မူးယစ်ဆေးဝါးတွေဖြစ်နေခဲ့လို့ပါပဲ။

ထို့အတူပဲ ၂၀၁၄ ခုနှစ် စက်တင်ဘာလအတွင်းမှာပဲ စောဆန်းအောင်ရဲ့တပည့်တစ်ယောက် အရက်သေစာမူးရူးပြီး မြ၀တီ မြို့လယ်မှာ ကားတစ်စီးနဲ့ သောင်းကျန်းနေတဲ့အတွက် ပူးပေါင်းရဲတပ်ဖွဲ့က ရပ်တန့်စစ်ဆေးတာကို သေနတ်နဲ့ ထုတ်ပစ် ခဲ့ရာကနေ ရဲတပ်ဖွဲ့က ပြန်လည်ခုခံပစ်ခတ်လို့ စောဆန်းအောင်တပည့် သေဆုံးခဲ့ပါတယ်။ အဲဒါက မီးမွှေးပြီး အစိုးရတပ်စခန်းတွေကို စောဆန်းအောင်က စတင်တိုက်ခိုက်ခဲ့ပါတယ်။ ကျိုက်မရောမြို့နယ်က နယ်မြေခံ ခလရ (၂၀၈) တပ်ရဲ့ စစ်ယာဉ်တန်းကိုပစ်ခတ်ပြီး ကားပေါ်ကစစ်သည်တွေကိုဖမ်းဆီးခဲ့ပြန်ပါတယ်။ အဲဒီနောက် အစိုးရစစ်ကြောင်း တွေနဲ့ တိုက်ပွဲတွေဖြစ်ခဲ့ရာမှာ စောဆန်းအောင်အနေနဲ့ ကလေးသူငယ်တွေစာသင်ကြားနေတဲ့ စာသင်ကျောင်းကို အကာ အကွယ်ယူပြီးတိုက်ခိုက်တာတွေ၊ မြ၀တီမြို့တွင်းကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာတွေကြောင့် ဒေသခံတွေ အနေနဲ့ စောဆန်းအောင်နာမည်ကြားတာနဲ့ ရွံကြောက်ဖြစ်နေခဲ့ပါတယ်။ 

အဲဒီနောက် တိုက်ပွဲအတွင်းမှာပဲ အစိုးရတပ်စခန်းရှိတဲ့ အလယ်ဗိုလ်တဲဒေသကို စောဆန်းအောင်တပ်ဖွဲ့က လက်နက် ကြီးနဲ့ ပစ်ခတ်ရာကလွဲချော်ပြီး ခရီးသွားပြည်သူတွေရဲ့ယာဉ်ကိုထိမှန်ခဲ့လို့ သံဃာတော်တွေအပါအ၀င် ပြည်သူတွေ သေဆုံးဒဏ်ရာရခဲ့ရပါတယ်။

ထို့အတူပဲ ၂၀၁၄ စက်တင်ဘာလ ၁၅ ရက်နေ့က မြ၀တီနယ်စပ်ဂိတ်ကိုဝင်လာတဲ့ ထိုင်းနိုင်ငံက ကုန်တင်ကား အစီး ၃၀ ကို အကြောင်းမဲ့ဖမ်းဆီးခဲ့လို့ KNLA-PC ကနေထုတ်ပယ်ခံလိုက်ရတဲ့ စောတိုက်ဂါး ဆိုသူကို သူ့တပ်ဖွဲ့အတွင်းမှာ နေရာပေးခေါ်ထားခဲ့တာတွေ၊ စောဆန်းအောင်ကိုယ်တိုင် လက်မှတ်ရေးထိုးထုတ်ပေး ထားတဲ့ DKBA ပြန်ကြားရေးအဖွဲ့ဝင် ကတ်ကို ကိုင်ဆောင်ထားတဲ့ DKBA တပ်ဖွဲ့ထဲက ဗိုလ်ကြီးအဆင့်ရှိသူ အောင်နိုင် သေဆုံးခဲ့တာကို အလွတ်တန်း သတင်းထောက်လို့ မီဒီယာနဲ့ပေါင်းပြီး အစိုးရကိုဖိအားပေးခဲ့တာတွေ၊ မီဒီယာတွေက အောင်နိုင် (ခ) ပါကြီးအကြောင်းမေးတော့ ပါကြီးဟာ DKBA ကမဟုတ်ပါဘူးလို့ဗြောင်လိမ်ခဲ့တာတွေ၊ အစရှိတဲ့ စောဆန်းအောင်ရဲ့ လုပ်ရပ်တွေကြောင့် DKBA နဲ့ အစိုးရတို့ တင်းမာမှုတွေ ဖြစ်ခဲ့ရပါတယ်။

ဒါ့ကြောင့်ပဲ စောဆန်းအောင် ကို DKBA ခေါင်းဆောင်က ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့ အဖွဲ့ကနေထုတ်ပယ်ခဲ့ပါတယ်။ အဲဒီလို ထုတ်ပယ်ခံထားရပြီး အစိုးရကလည်း သူ့ကို ဖမ်းဝရမ်းထုတ်ထားခဲ့တဲ့ အချိန်မှာပင် မီဒီယာတွေနဲ့ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တာကလည်း သူ့အနေနဲ့မီဒီယာတွေကို မည်သို့မည်ပုံပေါင်းသင်းထားသလဲဆိုတာပေါ်လွင်စေခဲ့ပြန်ပါတယ်။ ၂၀၁၅ ဇန်န၀ါရီလမှာဖြစ်ခဲ့တဲ့ ကျောင်းသားအရေးအခင်းမှာလည်း စောဆန်းအောင်က ကျောင်းသားတွေသူ့တပ်ဖွဲ့ကိုလာ ပေါင်းနိုင်ပါတယ်လို့ နိုင်ငံရေးအမြတ်ထုတ်ပြီး ဖိတ်ခေါ်စည်းရုံးခဲ့တာကို လည်းတွေ့ခဲ့ရပါသေးတယ်။ 

ယခုအခါမှာ DKBA ခေါင်းဆောင်အနေနဲ့ ကျန်းမာရေးမကောင်းမွန်မှုကြောင့် သူ့ရဲ့တာဝန်တွေကို ဒုခေါင်းဆောင် စောမိုရှေးကို ယာယီလွှဲပြောင်းပေးထားခဲ့ပါတယ်။

ဒီအချိန်မှာ စောဆန်းအောင်ရဲ့ဆရာဖြစ်သူ စောကျော်သက်က စောဆန်းအောင်ကို ပြန်လည်လက်ခံဖို့ DKBA ကိုတိုက်တွန်းခဲ့ပြီး ၂၀၁၅ မေလအတွင်းမှာပဲ DKBA ဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေးမှာ ပြန်လည်လက်ခံခဲ့ကြတာဖြစ်ပါတယ်။

အဲဒီလို လက်ခံပြီးမကြာခင် ၂၀၁၅ ခုနှစ် မေလ ၂၄ ရက်မှာပဲ စောဆန်းအောင် ပြဿနာတစ်ခုထပ်လုပ်ခဲ့ပြန်ပါတယ်။ အဲဒါကတော့ စောဆန်းအောင်အဖွဲ့အနေနဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းနဲ့ သံဃနာယကဆရာတော်တွေ ပါဝင်တဲ့ ယာဉ်တန်းကို ကော့ကရိတ်-မြ၀တီ (အာရှလမ်းသစ်) ပေါ်မှာ အာပီဂျီလက်နက်နဲ့ချိန်ပြီး ခြိမ်းခြောက်ရပ်တန့်ခိုင်း စေခဲ့ပါတယ်။ အဲဒီလုပ်ရပ်ကြောင့် စောဆန်းအောင်ကို ပြည်သူတွေရဲ့ ဝေ ဖန်ရှုတ်ချမှုတွေပြင်းထန်စေခဲ့သလို ဒါဟာ သွေးတိုးစမ်းမှုတစ်ခုလား၊ စိန်ခေါ်မှုတစ်ခုလား၊ နိုင်ငံရေးအရ ကစားကွက်တစ်ခုလားဆိုတဲ့ မေးခွန်းထုတ်မှုတွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။ ၀န်ကြီးချုပ်က သည်းခံခွင့်လွှတ်ပြီး ဒါဟာနားလည်မှုလွဲတာပါလို့ ဖြေဆိုခဲ့တဲ့အတွက်သာ ပြဿ နာ အကြီးအကျယ်မဖြစ်ခဲ့ရတာပဲ ဖြစ်ပါတယ်။

ယခုအခါမှာ အဲဒီ အကြမ်းဖက်သမား၊ နိုင်ငံရေးအရှုပ်သမား စောဆန်းအောင်က NCCT အစည်းအဝေးမှာ တက်ရောက် နေတာကိုမြင်တွေ့လာရပြန်ပါတယ်။ ဒါကို MPC အနေနဲ့ ဘာ့ကြောင့် လက်ပိုက်ကြည့်နေရပါသလဲလို့ မေးခွန်းထုတ်ရမှာ ဖြစ်ပါတယ်။ MPC အနေနဲ့ နိုင်ငံရေးအမြင်သက်သက်နဲ့ အခုလိုအကြမ်း ဖက်သမားတွေကိုလိုက်လျောဆက်ဆံ၊ လက်ခံ နေတာကို ပြန်လည်စဉ်းစားသင့်တယ်လို့လဲ အကြံပြုမှုတွေရှိလာခဲ့ပါတယ်။

စောဆန်းအောင်လိုလူတွေက အခြေအနေကောင်းရင်အစိုးရကိုတိုက်ခိုက်၊ အခြေအနေမကောင်းရင် ငြိမ်းချမ်းရေး ဆွေးနွေး ဆိုတဲ့ မူဝါဒကို ကျင့်သုံးနေခြင်းကို MPC အနေနဲ့ မူဘောင်တစ်ခု သတ်သတ်မှတ်မှတ်ရေးဆွဲပြီး ထိန်းချုပ်သင့် ပါတယ်။

အဲဒီလိုမှမဟုတ်ရင်တော့ စောဆန်းအောင်ကြောင့် ဘ၀တွေဆုံးရှုံးခဲ့ရတဲ့ပြည်သူတွေ၊ စောဆန်းအောင်ကြောင့် ဘ၀ပျက် ခဲ့ရတဲ့ တပ်မတော်ကစစ်သည်တွေကျေနပ်ကြလိမ့်မှာ မဟုတ်ဘူးလို့လဲထင်မြင်ပါတယ်။ အစိုးရအနေနဲ့ကလည်း ဒါကို အောင့်သက်သက်နဲ့လက်ခံနေရတဲ့ ပုံစံဖြစ်နေတာဖြစ်ပါတယ်။ MPC အနေနဲ့ အခုလိုဝင်လိုက်ထွက်လိုက်လုပ်နေတဲ့ အမည်ခံ ငြိမ်းချမ်းရေးသမားတွေအတွက် ပြတ်ပြတ်သားသား တစ်ခုခုဆုံးဖြတ်သင့်ပါတယ်။ ငြိမ်းချမ်းရေးဆိုတာ အမှန် တကယ်လိုချင်မှရနိုင်တာဖြစ်ပါတယ်။ ဒါ့ကြောင့် ငြိမ်းချမ်းရေးဆိုတာကို နိုင်ငံရေးအမြင်သက်သက်နဲ့သာ ကြည့်ပြီး စောဆန်းအောင်လိုလူကို နေရာပေးနေမယ်ဆိုရင်တော့သူခိုးကိုဓါးရိုးကမ်းသလိုအဖြစ်မျိုးသာ ကြုံရပါလိမ့်အုံးမယ်။

စောနိုင် ( မြ၀တီ )
Today Myanmar

No comments:

Post a Comment

My Blog List