Monday, June 01, 2015

ရွေးကောက်ပွဲမတိုင်မီ လက်ကျန်အကျဉ်းသားများ အားလုံး လွှတ်ပေးရန် နိုင်ငံရေး အကျဉ်းသားဟောင်းများ ညီလာခံ တောင်းဆို


၂၀၁၅ အထွေထွေရွေးကောက်ပွဲ မတိုင်မီ အကျဉ်းထောင်များအတွင်းရှိ လက်ကျန် နိုင်ငံရေးအကျဉ်းသားများ အားလုံးကို လွှတ်ပေးရန် နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ ညီလာခံက တောင်းဆိုကြောင်း အဆိုပါအဖွဲ့ဝင် ဦးသက်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ဓမ္မပီယကျောင်းတိုက်တွင် မေလ ၃၀ ရက်နှင့် ၃၁ ရက် နှစ်ရက်ကြာ ပြုလုပ်သော နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ ညီလာခံ၏ ထုတ်ပြန်ကြေညာချက်နှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား ပြဿနာသည် လျော့ပါးသွားခြင်း မရှိသည့်အပြင် အကျဉ်းထောင်အတွင်း ရောက်ရှိနေသော နိုင်ငံရေးအကျဉ်းသား ၁၆၃ ဦး ရှိနေပြီး အမှုရင်ဆိုင်နေရဆဲ နိုင်ငံရေးအကျဉ်းသား ၅၀၀ ဦးကျော် ရှိနေကြောင်း ဦးသက်ဦးက ဆိုသည်။

နိုင်ငံတကာမှ မြန်မာနိုင်ငံကို အရေးယူပိတ်ဆို့နေသော ကိစ္စရပ်များသည် နိုင်ငံရေး အကျဉ်းသားများကို ဖမ်းဆီးထားခြင်းနှင့် တိုက်ရိုက်ဆက်စပ်နေသည်ဟု သုံးသပ်ရပြီး အထွေထွေရွေးကောက်ပွဲ မတိုင်မီ လက်ကျန် နိုင်ငံရေးအကျဉ်းသားများ အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရန် တောင်းဆိုကြောင်း ၎င်းကဆိုသည်။

ထို့အပြင် နိုင်ငံတော်သမ္မတက အသစ်ပြန်လည်ဖွဲ့စည်းပေးထားသော နိုင်ငံရေးအကျဉ်းသား စိစစ်ရေး ကော်မတီအနေနှင့် နိုင်ငံရေးအကျဉ်းသားများကို ပြန်လည်လွှတ်ပေးရန်အတွက် အမြန်ဆုံး လုပ်ဆောင်ရန် တိုက်တွန်းကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ ညီလာခံ၏ ထုတ်ပြန်ကြေညာချက်တွင် ပါရှိသည်။

ထို့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ နှင့် ပုဒ်မ ၅၉ (စ) တို့ကို ပြည်သူလူထုဆန္ဒနှင့်အညီ ပြင်ဆင်ရေးသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ အလွန် နိုင်ငံရေး အခြေအနေ တည်ငြိမ်အေးချမ်းရေးအတွက် အဓိကလိုအပ်ချက် ဖြစ်ကြောင်း အဆိုပါ နိုင်ငံရေးအကျဉ်းသားများအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ် လက်ထက်တွင် လက်ကျန် နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီကို ဖွဲ့စည်းခဲ့ပြီး အကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သော်လည်း ၂၀၁၄ ခုနှစ်မှ စတင်ကာ အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသားများ ကျန်ရှိခြင်းမရှိကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ကြေညာထား
သည်။

The Voice Weekly


No comments:

Post a Comment

My Blog List