Wednesday, June 03, 2015

မဲစာရင်း မှားယွင်းမှုများအတွက် ရွေးကောက်ပွဲကော်မရှင် ၀န်ခံ

  
နေပြည်တော်ကောင်စီ အပါအ၀င် မြို့နယ်တချို့မှာ လတ်တလော ကြေညာထားတဲ့ မဲစာရင်းတွေဟာ အခြေခံမဲစာရင်းတွေ ဖြစ်တဲ့အတွက် အမှားအ ယွင်းတွေ ရှိနေတာလို့ နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတဦးက ဒီဗွီဘီကို ၀န်ခံပြောကြားလိုက်ပါတယ်။

မဲစားရင်းအမှားအယွင်း အများကြီး ရှိနေတယ်လို့ ဝေဖန်ခံနေရပြီး ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ မဲပေးခဲ့သူတွေ မပါတာ၊ လက်ရှိ လွှတ်တော်ကိုယ်စား လှယ်တွေကိုယ်တိုင် မပါတာတွေ ကြုံနေရတာဟာ အိမ်ထောင်စုစာရင်းက တဆင့်ပြုစုတဲ့ အခြေခံမဲစာရင်းကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က “အခြေခံမဲ စာရင်း ဆိုတဲ့အခါကျတော့ အိမ်ထောင်စုစာရင်းနဲ့ ပြုစုတာဆိုတော့ ထပ်နေတာတွေ၊ တူနေတာတွေ၊ မပါတာတွေ၊ ဒါတွေရအောင်လို့ အခြေခံမဲစာရင်းကို ထုတ်ပြန်တာပါ။ အဲဒီလို ပေါ်လာတာကို ၀မ်းသာတယ်။ မပါလို့ရှိရင် ပုံစံ ၃ နဲ့ တောင်းဆိုပါ။ ပြင်စရာရှိရင် ပုံစံ ၄ နဲ့ပြင်ပါ။ ကန့်ကွက်စရာရှိရင် ပုံစံ ၄-ဂ နဲ့ ကန့်ကွက်ပါပေါ့နော်။ နေရာတခုမှာ ရက်ပေါင်း ၁၈၀ နေခဲ့တဲ့သူတွေလည်း အခု ဒီဟာမှာ မပါသေးဘူးပေါ့” လို့ ပြောပါတယ်။

ဒီလို အခြေခံမဲစာရင်း ထုတ်ပြန်တာဟာ တခြားနိုင်ငံတွေမှာမရှိတဲ့အကြောင်း နဲ့ မဲဆန္ဒရှင်တွေအနေနဲ့ မဲစာရင်းမှာ မပါတာ၊ အချက်အလက်မှားတာ၊ စတာတွေကို ပြင်ဆင်ပေးဖို့ ကော်မရှင်ထံ ပေးပို့ လျှောက်ထားကြဖို့လည်း တိုက်တွန်းသွားပါတယ်။

အခြေခံမဲစာရင်းတွေကို ရန်ကုန် ၁၀ မြို့နယ်မှာ မတ်လကစပြီး ကြေညာ ခဲ့ပေမယ့် ပြည်သူလူထုတွေက သိပ်စိတ်ဝင်စားမှု မရှိခဲ့ပါဘူး။ အဲဒီနောက် မေလ ၂၅ ရက်မှာ ရန်ကုန်တိုင်း ၁၄ မြို့နယ်နဲ့ နေပြည်တော် ၈ မြို့နယ်မှာ ဒုတိယအသုတ် ထပ်မံကြေညာရာမှာတော့ သေဆုံးသူတွေ မဲစာရင်းမှာပါ နေတာ၊ ကျေးရွာတရွာထဲမှာ မွေးနေ့မွေးရက်တူသူတွေ အများအပြားပါနေ တာ စတဲ့ အမှားအယွင်းတွေ တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။

မဲစာရင်း ဆက်တိုက်မှားယွင်းနေမှုတွေနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမန်းဂျော်နီက “ပထမတကြိမ် မှားတယ်။ ဒုတိယတကြိမ် မှားတယ်။ နောက်တကြိမ်လည်း ဆက်မှားတယ်။ အဲဒီအမှားတွေကို ကော်မရှင်က ၀န်မခံပဲ အခြေခံကြောင့်လို့ဆိုရင် ဘာလို့ အောက်ခြေအထိ ဆင်းပြီး သေချာမစစ်တာလဲ။ အဲဒီတုန်းက အမှားတွေ သူတို့သိတာပဲ။ ဘာကြောင့်။” လို့ ပြောပါတယ်။

သမ္မတ ဦးသိန်းစိန်ကတော့ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် စာရင်း ပြုစုရာမှာ မေ ၂၉ ရက်က ထုတ်ပြန်ခဲ့တဲ့ ၂ဝ၁၄ လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ပင်မအစီရင်ခံစာကို အခြေခံပြုစုမှာ ဖြစ်တယ်လို့ ဇွန် ၂ ရက် ရေဒီယို လစဉ်မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ ပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲကော်မရှင် အနေနဲ့ မဲစာရင်းမှန်ကန်ဖို့၊ ဥပဒေနဲ့အညီ မဲပေးခွင့်ရှိတဲ့ နိုင်ငံသားအားလုံး မဲပေးနိုင်ဖို့၊ ရွေးကောက်ပွဲရလဒ်တွေကို ပွင့်လင်းမြင်သာမှုရှိရှိ၊ တိတိကျကျ မှန်မှန်ကန်ကန် ထုတ်ပြန်ပေးနိုင်ဖို့၊ ပြည်တွင်းနဲ့ နိုင်ငံတကာမှ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်တဲ့အဖွဲ့အစည်း တွေက ကျွမ်းကျင်ပညာရှင်တွေအနေနဲ့ စည်းမျဉ်း စည်းကမ်းတွေနဲ့အညီ လေ့လာစောင့်ကြည့်နိုင်ဖို့တွေကို စီစဉ်ဆောင်ရွက်နေတယ်လို့လည်း သမ္မတက ပြောထားပါတယ်။

DVB

No comments:

Post a Comment

My Blog List