Friday, June 05, 2015

ကျန်းမာရေးအရ ခေါင်းပေါင်းချွတ်မည်ဟု လွှတ်တော်နာယက သူရဦးရွှေမန်း ပြောကြား


လွှတ်တော်ကိုယ်စားလှယ်များက သဘောတူညီသည်ဖြစ်စေ ကန့်ကွက်သည်ဖြစ်စေ ကိုယ်တိုင်ဆောင်းထားသည့် ခေါင်းပေါင်းကိုချွတ်၍ လွှတ်တော်အစည်းအဝေး ကျင်းပမည်ဖြစ်ကြောင်းပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။

“ဒီနေ့အတွက်တော့ ကျွန်တော့်ကို ခေါင်းပေါင်းချွတ်ခွင့်ပေးပါ၊ ကျန်းမာရေးအရဖြစ်တဲ့ အတွက် ခွင့်ပြုချက် ရယူချင်ပါတယ်။ မရလည်း ကျွန်တော့်ရဲ့ ကျန်းမာရေးအရ ခေါင်းပေါင်းချွတ်မှာ ဖြစ်ကြောင်း တင်ပြပါတယ်၊ မဲခွဲဆုံးဖြတ်မှု မပြုတော့ပါဘူး” ဟု ၎င်းကဆိုသည်။

ယနေ့ ဇွန် ၄ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပြီး ခေါင်းပေါင်းချွတ်၍ အစည်းအဝေးကျင်းပခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။

ကျန်းမာရေးနှင့် ရာသီဥတု အခြေအနေကြောင့် ဦးခေါင်းမှ ချွေးထွက်သောကြောင့် ခေါင်းပေါင်းချွတ်ရန် လွှတ်တော်သို့ တင်ပြရခြင်းဖြစ်ကြောင်း သူရဦးရွှေမန်းက ပြောကြားခဲ့သော်လည်း ကိုယ်စားလှယ်အချို့က မူလအတိုင်း ခေါင်းပေါင်းဆောင်ရန် တင်ပြဆွေးနွေးခဲ့ကြသည်။

လွှတ်တော်အစည်းအဝေး ကျင်းပလာသည်မှာ အစိုးရသက်တမ်းတစ်ခု ကုန်ဆုံးတော့မည်အချိန် ရောက်ရှိမှ လွှတ်တော်ကိုယ်စားလှယ်များ၏ ခေါင်းပေါင်းများကိုချွတ်၍ အစည်းအဝေး ကျင်းပမည် ဆိုသည်မှာ မဖြစ်စေလိုကြောင်း ကြံ့ခိုင်ရေးပါတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာနေလင်းက တင်ပြပြောဆိုသည်။

“တိုင်းပြည်ကိုလည်း ရုပ်သံလွင့်နေတာကြောင့် မြင်တဲ့သူတွေက ကျွန်မတို့ကို အလိုလိုမှ မလေးစားရတဲ့အထဲ ဒီလိုဟာမျိုး ဖြစ်လာမယ် ဆိုရင်တော့ မဟုတ်သေးပါဘူး၊ ပေါင်းသင့်တယ်လို့ ယူဆပါတယ်” ဟု ရွှေတောင်မဲဆန္ဒနယ်က ဒေါက်တာဒေါ်အေးမြင့်က တင်ပြပြောဆိုသည်။

ပြည်ထောင်စုလွှတ်တော် နာယက၏ ပြောဆိုချက်အရ လွှတ်တော်အတွင်း ကျန်းမာရေးအရ ခေါင်းပေါင်းကို ခေတ္တချွတ်ထားနိုင်ပြီး အဆိုတင်ခြင်း၊ မေးခွန်းမေးခြင်းနှင့် ဆွေးနွေးခြင်း စသည့် ကိစ္စများ ပြုလုပ်သည့်အချိန်တွင် ခေါင်းပေါင်းပြန်ဝတ်ထားရမည်ဟု ပြောကြားကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။

ဆွေးနွေးမှုမပြုမီ ခေါင်းပေါင်းချွတ်ထားခြင်းသည် အတွေးအခေါ်နှင့် စဉ်းစားနိုင်မှုအတွက် ပိုမိုလွတ်လပ်နိုင်ပြီး သတ်မှတ်ထားသည့် အချိန်မှသာ ခေါင်းပေါင်းဝတ်ဆင်လိုကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ထောက်ပြပြောဆိုသည်။

အစည်းအဝေး ကျင်းပစဉ်အတွင်း ခေါင်းပေါင်းဝတ်ဆင်မှုကို စည်းကမ်းသတ်မှတ်ပေးရန်နှင့် ကျန်းမာရေးအရ ထိခိုက်မှု ရှိလာနိုင်သောကြောင့် ခေါင်းပေါင်းဝတ်ဆင်ခြင်း ကိစ္စနှင့် ပတ်သက်ပြီး ဖြေလျောမှုအချို့ ပြုလုပ်ပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က ၂၀၁၄ ခုနှစ်အတွင်း ပြည်သူ့လွှတ်တော်တွင် တင်ပြခဲ့သော်လည်း လွှတ်တော်က ပယ်ချခဲ့သည်။

The Voice Weekly


No comments:

Post a Comment

My Blog List