Wednesday, June 03, 2015

NCA စာချုပ်ကို ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် လက်မှတ်ထိုးရန် UN တိုက်တွန်း


တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်(NCA)ကို ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ မတိုင်ခင် လက်မှတ်ထိုးနိုင်ရန် ကုလသမဂ္ဂ(UN) အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဘီဂျေနမ်ဘီယာက တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များကို တိုက်တွန်းလိုက်သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေ လော်ခီးလာ၌ ဇွန်လ ၂ ရက်က စတင်ကျင်းပနေသည့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့များ၏ ထိပ်သီး ခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်လာ သည့် တိုင်းရင်းသား ခေါင်းဆောင်များကို မစ္စတာ နမ်ဘီယာက ပြောဆို လိုက်ခြင်း ဖြစ်သည်။

ဆွေးနွေးပွဲ တက်ရောက်လာသည့် မစ္စတာ နမ်ဘီယာက“အခု အနေအထား အတိုင်း ဆိုလို့ရှိရင် ရွေးကောက်ပွဲ မတိုင်ခင် စဖို့အချိန် သိပ်မရှိပါဘူး။ နိုင်ငံရေး ဆွေးနွေးပွဲကြီး စနိုင်ဖို့ တတ်နိုင်သမျှ အမြန်ဆုံးစနိုင်ဖို့ လိုပါတယ်”ဟု ဆွေးနွေးပွဲ မတိုင်မီ မိန့်ခွန်း ပြောဆို စဉ် ထည့်သွင်း ပြောဆိုသွားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း နေရာတချို့၌ တိုက်ပွဲများ ဖြစ်ပွားနေသည့်တိုင် နိုင်ငံရေးဆွေးနွေးပွဲအဆင့်ကို ရှေ့ဆက်သွားရန် လိုအပ်ကြောင်းနှင့် လက်ရှိ ကျင်းပနေသည့် ထိပ်သီးဆွေးနွေးပွဲမှတဆင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်(NCA) အဆင့်ကို ကျော်လွှားနိုင်မည်ဟု မျှော်လင့်ကြောင်းလည်း ၎င်းက ပြောဆိုသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲ မကျင်းပမီ နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ကို ရောက်ရှိပါက ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် လိုအပ်သည့် အကူအညီများ ထောက်ပံ့ပေး သွားမည် ဖြစ်သော်လည်း ကြန့်ကြာနေမည် ဆိုပါက အာမ မခံနိုင်ဟုလည်း မစ္စတာ နမ်ဘီယာ က ပြောသည်။

“ကုလသမဂ္ဂအနေနဲ့ လိုအပ်တဲ့ အကူအညီတွေ အကုန်လုံးကိုပေးမှာ ဖြစ်ပါ တယ်။ ဒါပေမယ့်လည်း နိုင်ငံရေး ဆွေးနွေးပွဲကြီးက ကြန့်ကြာနေမယ်ဆိုလို့ ရှိရင် ကုလသမဂ္ဂအနေနဲ့ အနာဂတ်မှာ ဘာမှ အာမမခံနိုင်ပါဘူး”ဟု မစ္စတာ နမ်ဘီယာက ဆိုသည်။

ယခုကျင်းပသော လော်ခီးလာဆွေးနွေးပွဲ ဒုတိယနေ့ ယနေ့တွင် NCA မူကြမ်းနှင့်ပတ်သက်ပြီး ဆွေးနွေးမည်ဖြစ်ကြောင်း၊ တက်ရောက် လာသည့် တိုင်းရင်းသား ခေါင်းဆောင်များက နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ မူဘောင်နှင့် ပတ်သက်ပြီး ဆွေးနွေးမည် ဖြစ်ကြောင်းလည်း သိရသည်။

ကရင်အမျိုးသား အစည်းအရုံး(KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက NCA စာချုပ်သည် “တိုက်ပွဲတွေရပ်ပြီး ဆက်လက် ညှိနှိုင်း ဆွေးနွေးကြရအောင်”ဆိုသည့်အခြေခံနှင့် သဘောတူထားခြင်းသာ ဖြစ်ပြီး ဆွေးနွေးညှိနှိုင်းပြီး လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည့် အခြေအနေများရှိသဖြင့် NCA စာချုပ်ကို “ရဲရဲတင်းတင်း” လက်မှတ်ထိုးကြရန် အဖွင့်မိန့်ခွန်းတွင် တိုက်တွန်းပြောဆိုသည်။

“NCCT ထိပ်သီး ခေါင်းဆောင်များကို တိုက်တွန်းလိုတာက အခုန ဖော်ပြခဲ့တဲ့ အခြေခံတွေကြောင့် ဒီစာချုပ်ကို ရဲရဲတင်းတင်း လက်မှတ်ထိုးကြပြီး ဆက်လက်ဆွေးနွေးကြရမယ့် ဆွေးနွေးပွဲပေါင်းစုံမှာ စားပွဲခုံ တိုက်ပွဲဝင်ကြဖို့ပဲ ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက တိုက်တွန်းသွားသည်။

ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC)ကမူ NCA စာချုပ်သည် တနိုင်ငံလုံး၏ စစ်ရေးပဋိပက္ခများ၊ ပြဿနာ အရပ်ရပ်များနှင့် တိုက်ရိုက် သက်ဆိုင်နေသဖြင့် လုံခြုံစိတ်ချရပြီး အာမခံနိုင်သော အဆင့်တခုကို လက်မှတ်မရေးထိုးမီ ရယူ ထားသင့်ကြောင်း ယခု ထိပ်သီး စည်းဝေးပွဲသို့ အကြံပြုစာပေးပို့၍ တိုက်တွန်း ထားသည်။ UNFC သည် တိုင်းရင်းသား လက်နက် ကိုင် ၁၂ ဖွဲ့ ပေါင်းစည်းထားသည့် အဖွဲ့အစည်းဖြစ်သည်။

ရှမ်းပြည်နယ် မြောက်ပိုင်း ကိုးကန့်ဒေသတွင် အစိုးရ တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့် မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်(MNDAA)၊ ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA)၊ ရက္ခိုင့် တပ်မတော်(AA) ပူးပေါင်း မဟာမိတ်တပ်ဖွဲ့များသည် ယခုဆွေးနွေးပွဲသို့ တက်ရောက်နေသော်လည်း အားလုံးပါဝင် နိုင်သည့် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲသို့ ဦးတည်သည့် အခြေအနေမျိုး မဟုတ်လျှင် NCCT မှ ခွဲထွက်မည်ဟု ပြောဆိုထားသည်။

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လုပ်ငန်းစဉ်တွင် အဆိုပါ မဟာမိတ်အဖွဲ့ ၃ ဖွဲ့ကို ချန်ထားခဲ့မည်မဟုတ်ဘဲ ၎င်းတို့အရေးကို ဆွေးနွေးမှုများ ပြုလုပ်သွားရန် ရှိကြောင်း ဇွန်လ ၂ ရက် ဆွေးနွေးပွဲအပြီးတွင် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့(NCCT) ခေါင်းဆောင် နိုင်ဟံသာက သတင်းထောက်များကို ပြောသည်။

လော်ခီးလာတွင် ပြုလုပ်နေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးသို့ တိုင်းရင်း သား လက်နက်ကိုင် တပ်ဖွဲ့ ၁၇ ဖွဲ့ တက်ရောက်ပြီး လေ့လာသူအဖြစ် ၈ ဖွဲ့ တက်ရောက်ကြောင်း သိရသည်။

၅ ရက်ကြာ ဆွေးနွေးမည့် အဆိုပါ ဆွေးနွေးပွဲတွင် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် Single Text အတည်ပြု(မူကြမ်း) အပါအဝင် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်နှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးသွားမည်ဟု ဆိုသည်။

ယနေ့ဆွေးနွေးပွဲတွင် သတင်းမီဒီယာများကို ယမန်နေ့ထက် ပိုမိုတင်းကျပ် မှုပြုလုပ်ရာ အစည်းအဝေးမစတင်မီ သဘာပတိ၏ မိန့်ခွန်း တခုကိုသာ မှတ်တမ်းယူခွင့်ပြုခဲ့ပြီး အဖွဲ့အစည်း အသီးသီးမှ ပေးပို့သည့် အကြံပြုစာများ နှင့် သဝဏ်လွှာများကို မှတ်တမ်းယူခွင့် မပြုသည်ကို ကြုံတွေ့ရသည်။

ဧရာဝတီ


No comments:

Post a Comment

My Blog List