Friday, June 05, 2015

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး သမ္မတ ဦးသိန်းစိန် ပြောဆိုချက်အပေါ် ဝေဖန်မှုများရှိနေ


သမ္မတ ဦးသိန်းစိန်က ဖက်ဒရယ် ပြည်ထောင်စုစနစ်ကို အကောင်ထည်ဖော် ရန် ၂၀၀၈ ဖွဲ့စည်းပုံပါ ဇယား(၁) နှင့် (၂) ကို ပြင်ဆင် မည် ဖြစ်ကြောင်း ပြောဆိုချက်အပေါ် တိုင်းရင်းသား လွှတ်တော်အမတ်များနှင့် နိုင်ငံရေး ပါတီတချို့က ဝေဖန်ပြောဆိုနေကြသည်။

ယင်းဇယား(၁)နှင့်(၂) သည် ဖက်ဒရယ်ပြည်ထောင်စု စနစ် ဖော်ဆောင်ရေး အတွက် အခြေခံ ဖြစ်သည်ဟုလည်း ဇွန်လ ၂ ရက်က ထုတ်လွှင့်သည့် ရေဒီယို မိန့်ခွန်း၌ ဦးသိန်းစိန်က ပြောကြားသည်။

ကျန်ရှိနေသည့် အစိုးရ သက်တမ်း ကာလအတွင်း ၂၀၀၈ ဖွဲ့စည်းပုံပါ ဘဏ္ဍာငွေ အခွန်အကောက်ခွဲဝေမှုနှင့် အာဏာခွဲဝေမှုဆိုင်ရာ ကိစ္စရပ်များ ပါသည့် ဇယား(၁) နှင့် (၂) ကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ဇွန်လအတွင်း လွှတ်တော်သို့ ပေးပို့သွားမည်ဟုလည်း ၎င်းက ပြောဆိုသွားခြင်း ဖြစ်သည်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ(တစည)မှ အမျိုးသား လွှတ်တော် အမတ် ဦးဂျေယောဝူက“ဒီဥပဒေကို ပြင်ဖို့လုပ်နေတာ တောင် ၂ နှစ် ကျော်ပြီလေ၊ အခု အစိုးရသက်တမ်း ကျန်နေတဲ့ ၅ လကျော်မှာ အပြီးပြင်ဖို့က မလွယ်နိုင်လောက်ဘူး ထင်တယ်၊ ပြင် မယ်ဆို လူထုကို ပြောရမယ်၊ ရှင်းပြရမယ်၊ လူထုက နားမလည်ဘူး၊ ပြည်လုံးကျွတ် ဆန္ဒတွေ ခံယူရမယ်။ ဒီတော့ ပြောင်းလဲမှု လုပ်နိုင်လိမ့်မယ်တော့ ကျနော် မယုံကြည်ဘူး”ဟု ပြောသည်။

လွှတ်တော်အမတ် အများစုက ဇယား(၁) ၊ ဇယား(၂) နှင့် ဆက်စပ်ပါ ဥပဒေ၊ နည်းဥပဒေပါ အချက်များသည် ဗဟိုအစိုးရကိုသာ လုပ်ပိုင်ခွင့် ပေးထားပြီး ပြည်နယ် အစိုးရ၏ လုပ်ပိုင်ခွင့် အပြည့်အ၀ မပါရှိဆိုသည့် အချက်ဖြင့် ပြန်လည်ပြင်ဆင်ရန် တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

ဇယား(၁)၊ ဇယား(၂)ကို ဖက်ဒရယ် ပြည်ထောင်စုနှင့်အညီ ပြင်ဆင်မည် ဆိုပါက ဥပမာအားဖြင့် ကချင်ပြည်နယ်၏ အမည်ကို ပြည် ထောင်စု ကချင်ပြည်နယ်ဟု ပြင်ဆင်သင့်ကြောင်း၊ ပြည်ထောင်စု ဟူသည်မှာ ပြည်နယ်အားလုံး၊ တိုင်းအားလုံး ပိုင်ဆိုင်သည့် အမည်ဖြစ်ရမည် ဖြစ်ကြောင်း ဦးဂျေယာဝူက ဆိုသည်။

ဖက်ဒရယ်စနစ်နှင့် ကိုက်ညီသည့် ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ရေးကို တိုင်းရင်းသား လွှတ်တော်အမတ်များ၊ တိုင်းရင်းသားများနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံးတို့က မျှော်လင့်နေကြသဖြင့် ဖက်ဒရယ်ကို အခြေခံသည့် ဥပဒေအဖြစ် ပြင် မည်ဆိုပါက ဇယား(၁)၊ ဇယား(၂) ကိုသာ သီးသန့် ပြင်ဆင်၍ မရဘဲ ၎င်းနှင့် ဆက်စပ်နေသည့် ဥပဒေများ အားလုံးကို ပြင်ဆင် ရမည်ဟု ဦးဂျေယောဝူက ပြောသည်။

ဇယား (၁) ၊ ဇယား(၂) ကို ပြင်ဆင်ရာ၌ ရပ်ကျေး ဥပဒေများကိုပါ ဖက်ဒရယ် စနစ်နှင့်အညီ ပြန်လည်ပြင်ဆင်မှ ရမည်ဖြစ်ကြောင်းနှင့်  အခွန်ခွဲဝေရာတွင် လည်း ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရ အကြား ဆတူ အခွန်ခွဲဝေပေးရေး၊ ပြည်နယ်အစိုးရက ကိုင်တွယ်သင့် သည့် ဘဏ္ဍာရေး ကဏ္ဍများကို ပြည်နယ်အစိုးရသို့သာ ကိုင်တွယ်ခွင့်ပေးရေးတို့ကို ပြင်ဆင်ပေးရန် လိုအပ်သည်ဟု လွှတ်တော် ကိုယ်စားလှယ် အများစုနှင့် တိုင်းရင်းသား ပါတီများက ပြောဆိုကြသည်။

ထို့အပြင် ဇယား (၁) ၊ ဇယား(၂) ပါ ပြည်နယ်ဝန်ကြီးချုပ်များကို သမ္မတမှ တိုက်ရိုက် ခန့်အပ်ခွင့် ရှိသည်ဟူသည့် အချက်ကိုလည်း လွှတ်တော်ကိုယ်စား လှယ် အများစုနှင့် တိုင်းရင်းသား ပါတီများက ကန့်ကွက်ထားကြသည်။

ရခိုင်အမျိုးသားပါတီ ၊ ဗဟိုအလုပ်မှုဆောင် ဦးအေးသာအောင်က “ဒီမိုကရေ စီ စနစ်ကို အခြေခံတဲ့ ဖက်ဒရယ် ပြည်ထောင်စုကိုသွားဖို့ ဒီ ဇယား (၁)၊ ဇယား (၂) လေး ပြင်ဆင်ဖို့နဲ့ မလုံလောက်ပါဘူး၊ ကျနော်တို့အားလုံး ဖက်ဒရယ်ကို သွားဖို့ဆို ၂၀၀၈ ဖွဲ့စည်းပုံ တခုလုံးကို ပြင်ရမယ်လို့ တောင်းဆိုနေတာပါ၊ ဒါလေးနဲ့ မလုံလောက်ပါဘူး” ဟု ဝေဖန်ပြောဆိုသည်။

သမ္မတ ဦးသိန်းစိန် အနေဖြင့် ဖက်ဒရယ်စနစ်ကို အမှန်တကယ်တည်ဆောက် လိုပါက လက်ရှိဖြစ်ပွားနေသည့် ပြည်တွင်းစစ်များကို ရပ်တန့်ရန် လိုအပ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတခုလုံးကို အထွေထွေ ရွေးကောက်ပွဲ မတိုင်မီ ပြင်ဆင်ပေးရန်လိုကြောင်း ဦးအေးသာအောင်က ဆက်ပြောသည်။

ဇယား (၁)နှင့် ဇယား (၂) သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း (၁၅) ပြဌာန်းချက်များ၏ နောက်ဆက်တွဲပါ အချက်များဖြစ်ပြီး ပြည်ထောင်စု လွှတ်တော်က ပြင်ဆင်ရန် မတ်လ ၂၀ ရက်က အတည်ပြုထားပြီး ဖြစ်သည်။

ဇယား (၁) တွင်  နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေး ကဏ္ဍ ၊ နိုင်ငံခြား ရေး ကဏ္ဍ၊ ဘဏ္ဍာရေးနှင့် စီမံကိန်း ကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ၊ စွမ်းအင်၊ လျှပ်စစ်၊ သတ္တုနှင့် သစ်တော ကဏ္ဍ၊ စက်မှုလက်မှုကဏ္ဍ၊ ပို့ဆောင်ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ စီမံခန့်ခွဲရေးကဏ္ဍနှင့် တရားစီရင်ရေး ကဏ္ဍတို့ ပါဝင်သည်။ ဇယား (၁) ပါ ကိစ္စရပ် အားလုံး နှင့် ဆက်စပ်သည့် ကိစ္စရပ်များကို ပြည်ထောင်စု လွှတ်တော်က ဥပဒေပြုခွင့် ရှိသည်ဟု ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၉၆ တွင် ပြဌာန်းထားသည်။

ဇယား (၂)တွင် တိုင်းဒေသကြီး(သို့ ) ပြည်နယ်အစိုးရ၏ ဘဏ္ဍာရေးဆိုင်ရာ ငွေစာရင်း ကိစ္စများ၊ စီးပွားရေး ကိစ္စရပ်များ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ၊ စွမ်းအင်၊ လျှပ်စစ်၊ သတ္တုနှင့် သစ်တောကဏ္ဍ ၊ စက်မှုလက်မှု ကဏ္ဍ၊ ပို့ဆောင်ဆက်သွယ်ရေးနှင့် ဆောက် လုပ်ရေးကဏ္ဍ ၊ လူမှုရေးကဏ္ဍနှင့် စီမံခန့်ခွဲရေး ကဏ္ဍတို့ ပါရှိသည်။  ဇယား(၂) ပါ အချက်အားလုံးနှင့် ဆက်စပ်သည့် ကိစ္စရပ်များကို တိုင်းဒေသကြီး (သို့) ပြည်နယ်လွှတ်တော်က ဥပဒေပြုခွင့် ရှိသည်ဟု ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၁၈၈ တွင် ပြဌာန်း ထား သည်။

အဆိုပါ ဇယား(၁) ၊ ဇယား(၂) နှင့် ဆက်စပ်ပါ ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ရန် တိုင်းရင်းသား လွှတ်တော်အမတ်များက လွှတ်တော်အတွင်း ပြောဆိုလုပ်ဆောင်နေသည်မှာ ၂၀၁၃ ခုနှစ်ကတည်းကပင် ဖြစ်သည်။

ဧရာဝတီ


No comments:

Post a Comment

My Blog List