Thursday, June 04, 2015

လွှတ်တော်နှင့် အခြားအဖွဲ့များကြား ညီညွတ်မှု ပျက်ပြားစေနိုင်၍ မီဒီယာခန်းမများပိတ်ဟု သူရဦးရွှေမန်း ပြောကြား


လွှတ်တော်အစည်းအဝေး ကျင်းပနေသည့် မြင်ကွင်းကို မီဒီယာများမှ တိုက်ရိုက်သတင်းရယူ ဖော်ပြနေခြင်းကြောင့် လွှတ်တော်နှင့် တပ်မတော်၊ မီဒီယာများ၊ ပြည်သူလူထုအကြား အထင်အမြင်လွဲမှား၍ ညီညွတ်မှု ပျက်ပြားစေနိုင်သောကြောင့် မီဒီယာခန်းမများ ပိတ်ကာ ပြင်ဆင်သတ်မှတ် ထားသည့် နေရာ၌သာ သတင်းရယူရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။

မေလ ၂၆ ရက်မှ ဇွန်လ ၁ ရက်အထိ လွှတ်တော်အသီးသီးရှိ ယခင် မီဒီယာများနေသည့် အခန်းကို ပိတ်၍ အခန်းအပြင် ကော်ရစ်တာသို့ ပြောင်းရွှေ့လိုက်မှုအပေါ် ဝေဖန်မှုများ ထွက်ပေါ်နေသောကြောင့် ယခုကဲ့သို့ ရှင်းလင်းရခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။ 

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးသည် ဥပဒေကြမ်းကော် မတီ အစည်းအဝေးသို့ ရောက်ရှိနေစဉ် ၎င်းတို့ကိုယ်စား အခြားကိုယ်စား လှယ်နှစ်ဦးက မဲပေးခဲ့သည့် ဓာတ်ပုံကို ပြည်တွင်းထုတ် မြန်မာပို့စ်ဂလိုဘယ် ဂျာနယ်က ဖော်ပြပြီးသည့်နောက် ယခုကဲ့သို့ ကန့်သတ်ချက်များ ဖြစ်လာ ရခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ဒီတိုင်းဆက်ထားမယ် ဆိုရင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် မိမိတို့ လွှတ်တော်က ကြိုးစားပမ်းစား ဆောင်ရွက်တဲ့နေရာမှာ လွှတ်တော်ကို ပြည်သူတေ အထင်အမြင်လွဲမှားခြင်း အချင်းချင်း သံသယနဲ့ မညီညွတ်မှုတွေ ရှိမလာအောင် ပိတ်ပင်ရခြင်း ဖြစ်တယ်” ဟု ၎င်းကဆိုသည်။ 

ဗိုလ်မှူးချုပ်မောင်မောင်နှင့် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းတို့ ဥပဒေကြမ်း ကော်မတီ အစည်းအဝေး တက်ရောက်နေစဉ် ဗိုလ်မှူးချုပ် အောင်ကျော်နှင့် ဒုတိယဗိုလ်မှူးကြီး မျိုးမြင့်ဦးတို့က ကိုယ်စားမဲပေးခဲ့ခြင်း ဖြစ်ပြီး ယင်းကိစ္စကို ခေါ်ယူသတိပေးခဲ့ကြောင်း သူရဦးရွှေမန်းက ဆိုသည်။ 

“တပ်မတော်သား ကိုယ်စားလှယ်များ အနေနဲ့ သဘောရိုးဖြင့် ဆောင်ရွက်ခဲ့တာဖြစ်လို့ မီဒီယာများ အနေနှင့်လည်း အကျိုးအကြောင်း ရှေ့နောက်ချင့်ချိန်ပြီး မီဒီယာကျင့်ဝတ်နဲ့ မညီညွတ်မှုများ ဆက်လက်မပေါ်ပေါက်စေရေး ကြပ်မတ်ဆောင်ရွက်ပေးဖို့ တင်ပြလာပါတယ်” ဟု ၎င်းက ပြောကြားသည်။

ထို့ကြောင့် လွှတ်တော်ဆိုင်ရာ လုပ်ငန်းများ သတင်းရယူမှုကို လက်ရှိ သတ်မှတ်ပေးထားသော နေရာများတွင် ဆက်လက်၍ သတင်းရယူနိုင်ပြီး အစည်းအဝေးပြီးချိန် တွေ့ဆုံမေးမြန်းမှုများအတွက် ပိုမိုကောင်းမွန်သော အစီအမံများ ဆက်လက်လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း ၎င်းက ကတိပြု ပြောကြားခဲ့သော်လည်း မည်သို့ စီစဉ်ပေးမည်ကို ထုတ်ဖော်ပြောဆိုဖြင်း မပြုပေ။

ယင်းအပြင် လက်ရှိအချိန်တွင် လုံခြုံရေးဆိုင်ရာ ကိစ္စများ ဆက်စပ်ဖြစ်ပေါ် လာနိုင်သောကြောင့် မီဒီယာများ သတင်းယူခြင်းကို ကန့်သတ်လိုက်ခြင်း ဖြစ်ပြီး ကိုယ်စားလှယ်များ စိတ်တိုင်းကျ နေထိုင်ရန် ခွင့်ပေးလိုက်ခြင်း မဟုတ်ကြောင်း ၎င်းကဆိုသည်။

“ဒီလိုဆောင်ရွက်တာဟာ အစည်းအဝေးခန်းမ အတွင်းမှာ လွှတ်တော်ကိုယ် စားလှယ်တွေ စိတ်တိုင်းကျ နေနိုင်အောင် မဟုတ်ပါဘူး” ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

အဆိုပါ ရှင်လင်းချက်ကို မပြုမီ ယနေ့တက်ရောက်သော မီဒီယာများကို လွှတ်တော်အစည်းအဝေး ခန်းမအတွင်း ခေါ်ယူ၍ သတင်းယူခွင့်ပြုခဲ့ခြင်း ဖြစ်ပြီး ယင်းအခွင့်အရေးကို ယခုတစ်ကြိမ်သာ ရရှိမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်မှ ဒုတိယညွန်ကြားရေးမှူးက ပြောဆိုခဲ့သည်။

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဇွန်လ ၃ ရက်နေ့တွင် ကျင်းပသည့် လွှတ်တော်အစည်းအဝေးတွင် ယင်းသို့ ရှင်းလင်းပြောကြား ခဲ့ခြင်း ဖြစ်သည်။ 

ယင်းကဲ့သို့ သတင်းမီဒီယာများ သတင်းရယူရန် ခွင့်ပြုထားသော မီဒီယာခန်းမ ပိတ်ပင်ခြင်းကို မြန်မာဂျာနယ်လစ်ကွန်ရက် (MJN) နှင့် နိုင်ငံခြားသတင်းထောက်များ အသင်းတို့က ပြည်ထောင်စုလွှတ်တော် နာယကထံ ကန့်ကွက်စာများ ပေးပို့ထားသည်။

The Voice Weekly


No comments:

Post a Comment

My Blog List