Thursday, June 04, 2015

လော်ခီးလာ တွင်ကျင်းပသော တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးဆွေး နွေးပွဲ၌ ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) ဒုဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ပြောသည့် မိန့်ခွန်း အပြည့် အစုံ ..


လေးစားအပ်ပါသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးခေါင်း ဆောင်ကိုယ်စားလှယ်တော်ကြီးများခင်ဗျား ...။ 

ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းနှင့်ပြည့်ဝပါစေကြောင်း ဆန္ဒပြု လိုက်ပါတယ်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ရေးအတွက် NCCT နဲ့ UPWC တို့ရဲ့ ရေးဆွဲအတည်ပြုထားတဲ့ အပစ်ရပ်မူကြမ်းကို ထိပ်သီးခေါင်း ဆောင်များ အချင်းချင်း ဖြည့်စွတ် အတည်ပြုနိုင်ရေးအတွက် ဒုတိယနေ့ ဆွေးနွေးပွဲကို ယခုအချိန်ကနေ အစည်းအဝေးစတော့မှာ ဖြစ်ပါတယ်။ 

လေးစားအပ်ပါသော ခေါင်းဆောင်များခင်ဗျာ ... ။

အားလုံးက အလေးအနက်ထားပြီး ဆွေးနွေးပေးကြဖို့ တိုက်တွန်းလိုပါတယ်။ ဒီလိုမျိုးအချိန်ရောက်ဖို့ တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံးရဲ့အသက်ပေါင်း မြောက်များစွာ ပေးလှူခဲ့ရပြီး ဒုက္ခပေါင်းစုံကြုံခဲ့ကြရပြီ။ ကမ္ဘာတည်သရွေ့ အမှတ်ရနေကြမှာ ဖြစ်ပါတယ်။

ဒီနေ့ဒီအချိန်မှာ ဗမာလူမျိုးအပါအ၀င် တိုင်းရင်းသား တစ်ရပ်လုံးက စစ်မှန်တဲ့ ပြည်ထောင်စု ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အ၀ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ဘုံသဘောတူချက် ပန်းတိုင်တစ်ခုအနေနဲ့ စုပေါင်း တိုက်ပွဲဝင် တောင်းဆိုနေကြတဲ့ အချိန်ဖြစ်ပါတယ်။ 

ဒီလိုဘုံသဘောတူချက်ရအောင် နှစ်တွေ ဆယ်ချီပြီး ကျွန်တော်တို့တစ်တွေ ကြိုးစားခဲ့ကြတာ အားလုံး မမေ့နိုင်တဲ့အရာ ဖြစ်ပါတယ်။ 

လေးစားအပ်ပါတဲ့ ခေါင်းဆောင်ကိုယ်စားလှယ်တော်ကြီးများခင်ဗျာ ... ။ 

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ အကြီးအကဲတစ်ချို့ဟာ တိုင်းရင်းသားတွေ တောင်းဆိုတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို လွယ်လွယ်နဲ့ လက်ခံသယောင်ပြောနေတာ အားလုံးအသိဖြစ်ပါတယ်။ 

ဒါကိုနားယောင်တဲ့သူတွေလည်း ရှိကောင်းရှိနေမှာဖြစ်တယ်။ သမ္မတကြီး ဦးသိန်းစိန်ပြောတဲ့ ဖက်ဒရယ်စနစ်ဟာ ၂၀၀၈ ဥပဒေမှာ ပါတဲ့ အချက်တွေကို ပြောတာလို့ ထင်နေကြပါတယ်။ ၂၀၀၈ ဥပဒေထဲမှာလည်း ဖက်ဒရယ်လိုလို ရေးဆွဲထားတာ လူကြီးမင်းတို့လည်း ရိပ်မိကြမယ်လို့ ထင်ပါတယ်။ နိုင်ငံရေးဆွေးနွေးကြတဲ့ အခါမှ ၂၀၀၈ ဥပဒေထဲကို ဆွဲထည့်သွားမှ နောင်တရတာမျိုး မဖြစ်အောင်တော့ သတိထားရမှာဖြစ်ပါတယ်။ 
ဒီနေရာမှာ ကြုံလို့ပြောရအုံးမယ်။ အစိုးရ အဆက်ဆက်က ပြောနေတဲ့ အရေးသုံးပါး ပြည်ထောင်စု မပြိုကွဲရေး တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး အချုပ်အခြာ တည်တန့်ခိုင်မြဲရေး ဒီအရေးသုံးပါက လွဲလို့ အားလုံးဆွေးနွေးနိုင်ပါတယ်လို့ ပြောပါတယ်။ ကျွန်တော့်အမြင်တော့ အစိုးရက နှစ်ခုကို လိုက်မနာဘူး ပျက်ကွယ်တယ်။ 

ပြည်ထောင်စု မပြိုကွဲရေးမှာ တစ်ပြည်ထောင်စနစ်ပဲ ကိုင်စွဲလို့ ပြည်ထောင်စုကြီး ပြိုလဲတော့မဲ့ အလားပြည်တွင်းစစ်ကြီး ဖြစ်ခဲ့ ရတယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး ပင်လုံကတိက၀တ် ပင်လုံစာချုပ် ပင်လုံမူကို ပစ်ပယ်ခဲ့တယ်။ သွေးခွဲဖိနှိပ်အုပ်ချုပ်ခဲ့တယ်။ အဲဒါကြောင့် တိုင်းရင်းသားတွေ လက်နက်မကိုင်ချင်ဘဲနဲ့ လက်နက်ကိုင်တော်လှန်ခဲ့ကြရတယ်။ 

အချုပ်အခြာအာဏာ ခိုင်မြဲဖို့ပဲ အာရုံစိုက်လုပ်ခဲ့တာ တွေ့ရပါတယ်။ တကယ်တော့ အရေးသုံးပါးကို စွဲစွဲမြဲမြဲ စွဲကိုင်ထားတာက ကျွန်တော်တို့ တိုင်းရင်းသားတွေ ဖြစ်တယ်။ မူလက ပြည်ထောင်စု ဖြစ်အောင် ကြိုးစားခဲ့တာလည်း တိုင်းရင်းသားတွေဖြစ်တယ်။ 

ယနေ့ စစ်မှန်တဲ့ ပြည်ထောင်စု ဖြစ်အောင် ကြိုးစားအကောင်အထည်ဖော်နေတာလည်း ကျွန်တော်တို့ တိုင်း ရင်းသားတွေ ဖြစ်တယ်။ အဲဒီတော့ အစိုးရ အကြီးအကဲများအနေနဲ့ တိုင်းရင်းသား များ အပေါ်မှာ ဘာဆိုဘာမှ သံသယဖြစ်စရာ အကြောင်းမရှိဘူလို့ ဒီကနေ့ ကျွန်တော်ပြောလိုက်ပါရစေ။ ကျွန်တော်ဟာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ ဆက်လက်ပြောပါရစေ။ တအာင်းလူမျိုးများနဲ့ ကိုးကန့်လူမျိုးတို့ဟာ ၁၃၅မျိုးအပါအ၀င် တိုင်းရင်းသားစစ်စစ်တွေဖြစ်ပါတယ်။ 

ဒီအချိန်ကျမှ ကိုးကန့်အဖွဲ့အစည်းကိုလည်း တောင်ပြော မြောက်ပြောရှုံ့ချသံတွေ ကြားနေရတယ်။ တပ်မတော် အစိုးရ လက်ထက်မှာ ၁၉၈၉ ခုနှစ်က တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း ထဲက ပထမဆုံးငြိမ်းချမ်းရေးယူခဲ့တာ ဖုန်ကြားရှင်ဦးစီးတဲ့ ကိုးကန့်လက်နက်ကိုင်အဖွဲ့ဖြစ်တယ်။ အဲဒီအချိန်က မိုးကျရွှေကိုယ်အဖြစ် တပ်မတော်အစိုးရက အထူးဒေသ (၁) ဆိုပြီးတော့ မြှောက်စားခဲ့တာဖြစ်တယ်။ 

ဖုန်ကြားရှင်ဟာ တဲစုတ်နဲ့ တောရွာလောက်ကိုင်ကို နေ့မအား ညမနား ကြိုးစားခဲ့ရာက တိုက်တာကြီးတွေနဲ့ မြို့ပြကလေး ဖြစ်အောင် ကြိုးစားခဲ့ရတယ်။ နိုင်ငံရေးနည်းနဲ့ မဆွေးနွေးဘဲ အကြမ်းပတမ်းနဲ့ နယ်ခြားစောင့်တပ် အသွင့်ကူးပြောင်းကြရန် ဆိုပြီးတော့ မိုးမမြင် ကမ်းမမြင် မဖြစ်သင့်တာ ဖြစ်ခဲ့ရလို့ သူကြိုးစားတည်ဆောက်ခဲ့ရတဲ့ လောက်ကိုင်မြို့ကလေးကို မျက်ရည်ကျ စွန့်လွှတ်ခဲ့ရတာဖြစ်တယ်။ ဒါကိုလည်း ကိုယ်ချင်းစာမိပါတယ်။ 

ဒီနေ့ဒီအချိန်မှာ ပြည်ပရန်သူသဖွယ်တော့ မဆက်ဆံသင့်ဘူးလို့ ယုံကြည်ပါတယ်။ တအာင်းအဖွဲ့နဲ့ ကိုးကန့်အဖွဲ့တို့ဟာ UNFC နဲ့ NCCT အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုတဲ့ စကားရပ်နဲ့ အညီ ရပ်စဲရေးလက်မှတ်ရေးထိုးရာမှာ သူတို့လည်း ပါဝင်သင့် တယ်လို့ ယူဆပါတယ်။ အဖွဲ့ဝင်အားလုံး ပါဝင်လက်မှတ်ထိုးရေးမူကို ဆက်လက်စွဲကိုင်သွားဖို့ကိုလည်း တိုက်တွန်းလိုပါတယ်။ 

ယနေ့ ထိပ်သီးအစည်းအဝေး ပါဝင်တက်ရောက်လာကြသော ခေါင်းဆောင်ကိုယ်စားလှယ်တော်ကြီးများ ...။

အဖွဲ့အစည်းများသည် ဘက်တဘက်တွင်သာရှိကြတယ်။ ဘ၀တူတွေဖြစ် တယ်။ အဖိနှိပ်ခံဖြစ်တယ်။ မိမိဖက်၏ အကျိုးစီးပွား နိုင်ငံရေးရည်မှန်းချက် အတွက် အခြားတစ်ဖက် အစိုးရဘက်နဲ့ ဆွေးနွေးညှိနှိုင်းနိုင်ရန်ဖြစ်တယ်။ အချင်းချင်းဘက်ပြိုင်ရန်မဟုတ်။ ညီညွတ်ရေးဗဟိုပြု ဆွေးနွေးရန် တိုက်တွန်း ပါတယ်။ 

ယခုထိပ်သီးအစည်းအဝေးကဲ့သို့ စုပေါင်းဆွေးနွေးနေခြင်းသည် တိုင်းပြု ပြည်ပြု လုပ်ငန်းဖြစ်တာကို မမေ့စေလိုပါ။ လူကြိုက် နတ်ကြိုက် ပြည်ထောင် စု သားအားလုံး ကြိုက်သော လုပ်ငန်းများကို ဆောင်ရွက်နေခြင်းဖြစ် တယ်။ တနည်းဆိုရသော် သမိုင်းတွင် ကျန်ရစ်မယ့် သမိုင်းဝင်လုပ်ငန်းကြီးဖြစ်သော ကြောင့် တွေးခေါ်မြှော်မြင်မှုရှိရှိ စိတ်ရှည်ရှည်နဲ့ ရလာဒ်ကောင်းထွက်ပေါ် လာနိုင်ရေး အတွက် ဆွေးနွေးပေးကြရန် မေတ္တာရပ်ခံပါတယ်။

ရေရှည်တည်တံ့ခိုင်မြဲတဲ့ငြိမ်းချမ်းရေးကို မြှော်ကိုးလျက် ခိုင်ခိုင်မာမာဖြစ်တဲ့ စာချုပ်ဖြစ်ပေါ်လာရေးအတွက် ကြိုးစားဆွေးနွေးကြဖို့ တိုက်တွန်းလိုက်ရ
ပါတယ်။

ဧရာဝတီ


No comments:

Post a Comment

My Blog List