Thursday, June 04, 2015

နိုင်ငံရေးပါတီတွေ မဲဆန္ဒရှင်စာရင်း ကူးယူခွင့်ရရှိ


ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတွေက ထုတ်ပြန်ကြေညာထားတဲ့ မဲပေးခွင့် ရှိသူစာရင်းတွေကို နိုင်ငံရေး ပါတီတွေအနေနဲ့ ကူးယူခွင့်ပေးမှာဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌက ပြောလိုက် ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုမဲစာရင်း စိစစ်ရေးအဖွဲ့နဲ့ နေပြည်တော်မှာ မနေ့က ဆွေးနွေးစဉ် အတွင်း ကော်မရှင် ဥက္ကဌက ခွင့်ပြုလိုက်တာဖြစ် တယ် လို့ မဲစာရင်းစိစစ်ရေးအဖွဲ့ ခေါင်းဆောင် ဦးထွန်းထွန်းဟိန်က ပြောပါတယ်။

"တချို့ဘာဖြစ်လဲဆိုတော့ ကျနော်တို့ မဲစာရင်းသွားကူးတဲ့အခါမှာ ရပ်ကွက် ကော်မရှင်တွေက ဘာပြောလဲ ဆိုတော့ ကျနော်တို့ကို ညွှန်ကြားတဲ့အထဲမှာ ကူးယူခွင့်ပြုစေဆိုတာမပါဘူး၊ ဒါကြောင့်မို့လို့ ကူးယူခွင့် မပေးနိုင်ဘူးပေါ့လေ ဒီလိုပြန်ဖြေတာပေါ့နော်၊ နောက်တစ်ခါ ကူးယူခွင့်တော့ပြုတယ်၊ 

ဓါတ်ပုံရိုက်ခွင့်ပေးတာ ခင်ဗျားတို့ စကဲန်နဲ့ဖတ်လို့မရဘူး ဆိုတဲ့အခါကျတော့ လည်း ကျနော်က စိတ်ထဲက တစ်မျိုးဖြစ်ပြန်ရောပေါ့ခင်ဗျာ၊  အခက်အခဲ တွေကြားက ကျနော်တို့ သွားပြီးတင်ပြတာပါ၊ ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်ကလည်း ဒါတွေကိုသူတို့ ဆောင်ရွက်ပေးမယ်ဆိုပြီးတော့ ကျနော်တို့ကိုပြောပါတယ်၊ မဲစာရင်းတွေကို ပြန်လည်ကူးယူလို့ ရမှာပါခင်ဗျ၊ ကျနော်တို့ မဲစာရင်းစိစစ်တဲ့အခါ ကျနော်တို့က မဲစာရင်းမရှိပဲနဲ့ ဘယ်လိုမှ စိစစ်လို့မရဘူး"

ပြီးခဲ့တဲ့ မေလ ၂၅ ရက်နေ့ကစပြီး ရန်ကုန်တိုင်းဒေသကြီး ၁၄ မြို့နယ်နဲ့ နေပြည်တော်ကောင်စီ မြို့နယ် ၈ မြို့နယ်တို့မှာ ၂ဝ၁၅ ရွေးကောက်ပွဲအ တွက် မဲပေးခွင့်ရှိသူ စာရင်းတွေကို ထုတ်ပြန်ကြေညာထားရာမှာ နိုင်ငံရေး ပါတီတွေအနေနဲ့ ကူးယူခွင့်မရကြဘူးလို့ သိရပါတယ်။

ဒါ့အပြင် မဲစာရင်းတွေမှာ သေဆုံးသူတွေ ပါဝင်နေသလို၊ မှတ်ပုံတင်နံပါတ် တွေ မှားယွင်းဖော်ပြတာ ၊ မွေးသက္ကရာဇ်တွေ မှားယွင်းနေတာရှိသလို အသက် ၁၈ နှစ်ပြည့်ပြီးသူတွေ မဲစာရင်းမှာ မပါတာတွေနဲ့ ပတ်သက်ပြီး လည်း ပြန်လည်ပြင်ဆင်ဖို့ကို ရွေးကောက်ပွဲကော်မရှင်နဲ့ အန်အယ်လ်ဒီပါတီ တာဝန်ရှိသူတွေ က ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာ မဲရုံအသီးသီးမှာ နိုင်ငံရေးပါတီတွေ က ထားရမယ့် မဲရုံကိုယ်စားလှယ်တွေကိစ္စနဲ့ မဲရုံဖွဲ့စည်းပုံတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

RFA


No comments:

Post a Comment

My Blog List