Tuesday, June 02, 2015

နိုင်ငံတော်သမ္မတဦးသိန်းစိန် ပြောကြားသည့် ရေဒီယိုမိန့်ခွန်း


မိဘပြည်သူများခင်ဗျား-

ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေများကို မိဘပြည်သူများထံ ရေဒီယိုမှတစ်ဆင့် အသိပေးပြောကြားနေကျဖြစ်တဲ့အတိုင်း မေလအတွင်း မြန်မာနိုင်ငံရဲ့ပြုပြင်ပြောင်းလဲမှုများကို ပြောကြားရခြင်းဖြစ်ပါတယ်။၂ဝ၁၁ ခုနှစ် ကျွန်တော်တို့အစိုးရတာဝန်ယူချိန်ကစလို့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုနဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးအတွက် ငြိမ်းချမ်းရေး တည်ဆောက်မှုလုပ်ငန်းတွေ အဆင့်ဆင့် အကောင်အထည်ဖော် ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ ဒီပြုပြင်ပြောင်းလဲ ရေး သုံးခုဟာ တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေပြီး အပြန်အလှန်အမှီသဟဲပြုနေ ပါတယ်။ 

ကျွန်တော်တို့အစိုးရလက်ထက်မှာ အလေးထားဆောင်ရွက်လျက်ရှိတဲ့ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်မှာဆိုရင် NCA လို့ခေါ်တဲ့ တစ်နိုင်ငံလုံး အတိုင်းအတာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကနဦးသဘောတူညီချက်ကို ရရှိထားပြီးဖြစ်ပါတယ်။

မကြာခင်အချိန်အတွင်း ကရင်ပြည်နယ် လော်ခီးလာဒေသမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများရဲ့ ညီလာခံတစ်ရပ်ကိုကျင်းပပြီး အတည်ပြု ချက်များရယူဖို့ ပြင်ဆင်ဆောင်ရွက်လျက်ရှိပါတယ်။ NCA စာချုပ် လက်မှတ်ရေးထိုးပြီးတာနဲ့ ကတိကဝတ်ထားရှိတဲ့အတိုင်း နိုင်ငံရေးဆွေးနွေး ပွဲတွေ စတင်ကျင်းပနိုင်ဖို့ ပြင်ဆင်လုပ်ဆောင်ကြတော့မှာ ဖြစ်ပါတယ်။ ဒီနိုင်ငံရေး ဆွေးနွေးပွဲတွေရဲ့ ဦးတည်ရည်မှန်းချက်ကတော့ တိုင်းရင်းသား ညီအစ်ကို အားလုံးဆန္ဒရှိကြတဲ့ ''ဒီမိုကရေစီဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု''ကို ညီညီညွတ်ညွတ် ကြိုးပမ်းတည်ဆောက်ကြဖို့ပဲ ဖြစ်ပါ တယ်။ ဒါမှလည်း ကျွန်တော်တို့အားလုံးမျှော်မှန်းတဲ့ ''ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး''ကို တည်ဆောက်သွားနိုင်မှာဖြစ်ပါတယ်။ မိမိတို့ကြိုးပမ်း အားထုတ် လုပ်ဆောင်နိုင်တာနဲ့အမျှ လက်ရှိမျိုးဆက်အတွက်သာမက နောင်မျိုးဆက်များအတွက်ပါ ပိုမိုကောင်းမွန်တဲ့ရလဒ်ကောင်းများ ရရှိနိုင်မှာ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ဒီအခြေခံတွေအပေါ်မူတည်ပြီး ကျွန်တော်တို့နိုင်ငံရဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ဖို့ကို ပုံစံချလုပ်ဆောင်ကြရမှာဖြစ်ပြီး ပြည်တွင်း ငြိမ်းချမ်းရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုတို့နဲ့ ဟန်ချက်ညီမယ့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကိုလည်း ပြုလုပ်ကြရမှာဖြစ်ပါတယ်။ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုလို့ဆိုရာမှာ အဓိကအားဖြင့် ကျွန်တော်တို့လူ့အဖွဲ့အစည်းအတွင်း ဒီမိုကရေစီစနစ်နဲ့ ကျင့်စဉ်များ အမြစ်တွယ်ရှင်သန်လာရေး၊ ဒီမိုကရေစီ နည်းလမ်းကျ အုပ်ချုပ်ရေးစနစ်နဲ့ ပြည်သူ့ရေးရာဝန်ဆောင်မှုများ ပေါ်ပေါက် လာရေးဆိုတာတွေကို အကောင်အထည်ဖော်လုပ်ဆောင်ဖို့အတွက် လိုအပ် မယ့် အသွင်ကူးပြောင်းရေးနဲ့ တည်ဆောက်ရေးလုပ်ငန်းများကို အဆင့်ဆင့် လုပ်ဆောင်ရမှာဖြစ်ပါတယ်။

ကျွန်တော်တို့အစိုးရတာဝန်ယူခဲ့တဲ့ လေးနှစ်တာကာလအတွင်း ဖြေလျော့မှုတွေ၊ ပုံစံချဆောင်ရွက်မှုတွေနဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ပြုလုပ် ခဲ့ပါတယ်။ ဒီလိုပြုလုပ်ရာမှာ ပကတိနိုင်ငံရေး အခြေအနေများအပေါ်မူတည် ပြီး လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ စနစ်တစ်ခုကနေ တစ်ခုကို ကူးပြောင်း တဲ့အခါမှာ စနစ်ဟောင်းက လုပ်ထုံးလုပ်နည်းတွေနဲ့ ကျင့်စဉ်တွေဟာ စနစ် သစ်မှာ အံမဝင်တော့တဲ့အတွက် နှေးကွေးလေးလံမှုတွေ၊ အဆင်မပြေမှုတွေ ကြုံတွေ့ခဲ့ရပါတယ်။ ကျွန်တော်တို့အနေနဲ့ ဘယ်လောက်ပဲ စိန်ခေါ်မှုတွေ ရှိနေနေ အသွင်ကူးပြောင်းရေးအတွက် လိုအပ်တဲ့ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

အထူးသဖြင့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ခွင့်ပြုထားတဲ့ ပြည်ထောင်စုဥပဒေပြုစာရင်း(ဇယား-၁)နဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြုစာရင်း(ဇယား-၂)တို့ရဲ့အနှစ်သာရဖြစ်တဲ့ ပြည်ထောင်စု အစိုးရနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရများအကြား အာဏာခွဲဝေမှုများကို အသက်ဝင်လာဖို့ ကြိုးပမ်းခဲ့ပါတယ်။ ပထမဆုံး အာရုံစိုက်လုပ်ဆောင်ခဲ့ တာက အခြေခံဥပဒေမှာပါတဲ့ ပေးထားချက်များ အကောင်အထည်ပေါ် အသက်ဝင်လာဖို့ဖြစ်ပါတယ်။ 

နောက်တစ်ဆင့်မှာတော့ အခြေခံဥပဒေရဲ့ ပေးထားချက်တွေကို လိုအပ်တဲ့ချိန်ညှိမှုများနဲ့ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဆွေးနွေး ကြတဲ့အခါမှာ ဇယား(၁)နဲ့ ဇယား(၂)ကို ပြင်ဆင်ဖို့ အဆိုတင်သွင်းခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များကလည်း ထောက်ခံခဲ့ကြပါတယ်။ နိုင်ငံရေး ပါတီများကလည်း ဒီကိစ္စအပေါ် အကြံပြုပြောကြားခဲ့တာတွေ ရှိပါတယ်။
ကျွန်တော်တို့ တိုင်းပြည်ကို ''ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စု'' အဖြစ် ပြောင်းလဲတည်ဆောက်ရာမှာ အခြေခံကောင်းတွေရှိနေဖို့ လိုအပ် ပါတယ်။ ဒါကြောင့် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ဒေသခံတိုင်းရင်းသား ပြည်သူများရဲ့ အကျိုးစီးပွားကို ဦးတည်တဲ့၊ မျှတမှုလည်းရှိတဲ့ ဘဏ္ဍာငွေ အခွန်အကောက်ခွဲဝေမှု၊ လုပ်ပိုင်ခွင့်အာဏာခွဲဝေမှုတွေကို (ဇယား-၁)နဲ့ (ဇယား-၂)တို့မှာ ပြင်ဆင်နိုင်ဖို့ ဦးစားပေးညှိနှိုင်း လုပ်ဆောင်နေပါတယ်။ အစိုးရသက်တမ်း လေးနှစ်တာကာလအတွင်း လက်တွေ့ဆောင်ရွက်မှု များ၊ စမ်းသပ်လုပ်ဆောင်မှုများ၊ တွေ့ဆုံဆွေးနွေးမှုများကနေတစ်ဆင့် ရရှိ လာတဲ့ အတွေ့အကြုံများ၊ အကြံဥာဏ်များနဲ့ အချက်အလက်များကို အခြေခံ ပြီး ဇယား(၁)နဲ့ ဇယား(၂) ပြင်ဆင်ဖို့ ဥပဒေကြမ်းတစ်ရပ်ကို ဇွန်လအတွင်း မှာပဲ လွှတ်တော်ထံ ပေးပို့တင်သွင်းသွားမှာဖြစ်ပါတယ်။

ဒါ့အပြင်အုပ်ချုပ်ရေးကဏ္ဍ အတွက်သာမက အခြားသောကဏ္ဍရပ်ပေါင်းစုံ အတွက် ထိရောက်စွာအကျိုးပြုနိုင်မယ့် ၂ဝ၁၄ ခုနှစ် လူဦးရေနှင့် အိမ် အကြောင်းအရာ သန်းခေါင်စာရင်း ပင်မအစီရင်ခံစာကို မေလ ၂၉ ရက်နေ့မှာ တရားဝင်ထုတ်ပြန်ကြေညာနိုင်ခဲ့ပါတယ်။ ကာလရှည်ကြာ သန်းခေါင်စာရင်း မကောက်ယူနိုင်ခဲ့တဲ့အတွက် ယခုသန်းခေါင်စာရင်းဟာ ကျွန်တော်တို့ တိုင်းပြည်အတွက် ပြည်သူ့ရေးရာဝန်ဆောင်မှုများ၊ မူဝါဒများချမှတ်ဖို့ အများကြီး အသုံးဝင်ပါတယ်။ ယခင်လူဦးရေကို ခန့်မှန်းတွက်ချက်နေရတဲ့ အနေအထားကနေ ယခုသန်းခေါင်စာရင်းအရ တိတိကျကျတွက်ချက် နိုင်လာတဲ့အတွက် မူဝါဒချမှတ်မှုများ ပိုမိုထိရောက်လာမှာဖြစ်ပါတယ်။ ဒါသည်ပင်လျှင် ကျွန်တော်တို့နိုင်ငံအတွက် ပထမဆုံးရရှိတဲ့ ပကတိ တန်ဖိုးပဲဖြစ်ပါတယ်။ မကြာမီကျင်းပပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ များအတွက် မဲဆန္ဒရှင်စာရင်းပြုစုရာမှာလည်း ဒီလူဦးရေစာရင်းကို အခြေခံပြုစုရမှာ ဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ အနိမ့်ဆုံးလုပ်ခလစာနဲ့ ပတ်သက်ပြီး အသိပေး ပြောကြားလိုပါတယ်။ အနိမ့်ဆုံးလုပ်ခလစာနဲ့ပတ်သက်တဲ့ အကြောင်းအရာ နဲ့သတင်းအချက်အလက်တွေကို စက်ရုံ၊ အလုပ်ရုံများမှာ လုပ်ကိုင်နေကြတဲ့ အလုပ်သမားများဆီကို အလုပ်သမားအဖွဲ့အစည်းများက သွားရောက် ဖြန့်ဖြူးခြင်း၊ အလုပ်သမားများထံကနေ သဘောထားဆန္ဒများ မေးမြန်း ဆွေးနွေးခြင်းများနဲ့ရရှိလာမယ့် အချက်အလက်တွေကိုစုစည်းပြီး အနိမ့်ဆုံး လုပ်ခလစာသတ်မှတ်ရေးနဲ့စပ်လျဉ်းတဲ့ အမျိုးသားအဆင့် ကော်မတီဆွေးနွေး ပွဲ မကြာခင်ကျင်းပသွားဖို့ စီမံဆောင်ရွက်လျက်ရှိပါတယ်။ ဒီစီမံဆောင်ရွက် မှုများ ပြီးစီးတဲ့အခါ အနိမ့်ဆုံးလုပ်ခလစာနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်များ ကို ဇွန်လအတွင်းမှာ ချမှတ်ပြဋ္ဌာန်းသတ်မှတ် ဆောင်ရွက်အကောင်အထည် ဖော်သွားနိုင်တော့မှာ ဖြစ်ပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးဟာလည်း ကျွန်တော်တို့နိုင်ငံအတွက် အလွန်အရေးကြီးတဲ့ကိစ္စဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ သမိုင်းတစ်လျှောက် မှာ နိုင်ငံရေးအင်အားစုတွေကြား၊ နိုင်ငံရေးခေါင်းဆောင်တွေကြားမှာ ကျယ်ပြန့်တဲ့ သဘောတူညီချက်တွေမရရှိခဲ့တဲ့အတွက် တိုင်းပြည်နစ်နာခဲ့ရ တာကို သင်ခန်းစာယူပြီး ကျွန်တော့်အနေနဲ့ နိုင်ငံရေးခေါင်းဆောင်များနဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို ပုံစံမျိုးစုံနဲ့ပြုလုပ်ခဲ့တာလည်း အားလုံးအသိပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၈ရက်နေ့မှာလည်း ရန်ကုန်မြို့မှာ နိုင်ငံရေးပါတီ အသီးသီးက ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များနဲ့ တွေ့ဆုံပြီးငြိမ်းချမ်းရေး ဖြစ်စဉ်များ ဆက်လက်ဖြစ်ထွန်းအောင်မြင်ရေး၊ ၂ဝ၁၅ အထွေထွေရွေး ကောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးနဲ့ ရွေးကောက်ပွဲများမတိုင်မီ ကြားကာလ နိုင်ငံရေးတည်ငြိမ်စေနိုင်ရေးဆိုတဲ့ကိစ္စများကို ပူးပေါင်းဆောင် ရွက်ကြဖို့ ဆွေးနွေးခဲ့ကြပါတယ်။

မကြာမီကျင်းပပြုလုပ်တော့မယ့် အထွေထွေရွေးကောက်ပွဲများကို မျှော်မှန်းကြည့်တဲ့အခါ ပြည်သူလူထုရဲ့ ဆန္ဒမှန်ကိုထင်ဟပ်မယ့် ကိုယ်စား လှယ်အသီးသီး ပေါ်ထွက်လာမယ်လို့ ကျွန်တော့်အနေနဲ့ယုံကြည်မိပါတယ်။ ဒီလိုကိုယ်စားလှယ်တွေ ပေါ်ထွက်လာခြင်းဟာ နိုင်ငံရေးအင်အားတစ်ခု ဖြစ်လာမှာဖြစ်ပါတယ်။ ဒီအင်အားဟာ ကျွန်တော်တို့အစိုးရလက်ထက်မှာ အုတ်မြစ်ချ တည်ဆောက်နိုင်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို အရှိန်မြှင့်ပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေး အောင်မြင်အောင်လုပ်ဆောင် နိုင်မယ်လို့လည်း ယုံကြည်ပါတယ်။ ဒါကြောင့် နိုင်ငံရေးအင်အားစုများ အားလုံးဟာ ရေရှည်တည်ဆောက်ရမယ့် နိုင်ငံတည်ဆောက်ရေး၊ အမျိုးသား သွေးစည်းညီညွတ်မှု တည်ဆောက်ရေးနဲ့ ငြိမ်းချမ်းရေးတည်ဆောက်ရေးဆိုတဲ့ ရှုမြင်မှုများနဲ့ ကြိုတင်မျှော်မှန်းပြင်ဆင်ကြရမှာလည်းဖြစ်ပါတယ်။ ကျွန်တော် တို့ အစိုးရလက်ထက်မှာ ပေါ်ပေါက်ခဲ့တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေကနေ တစ်ဆင့် အဖြေရှာတဲ့ နိုင်ငံရေးယဉ်ကျေးမှုသစ်ကို ပိုမိုတိုးတက်လာအောင် လုပ်ဆောင်ဖို့လိုအပ်ပါတယ်။ ဒီလိုဆောင်ရွက်မှသာလျှင် ပွင့်လင်းလွတ်လပ် တဲ့ လူ့အဖွဲ့အစည်းနဲ့ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတစ်ခုကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံရဲ့ အနာဂတ်နိုင်ငံရေးအတွက် အလွန်အရေးကြီး တဲ့ ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲများကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲများအဖြစ် အောင်မြင်စွာကျင်းပနိုင်ဖို့အတွက် အစိုးရအဖွဲ့ အနေနဲ့ အုပ်ချုပ်ရေးကဏ္ဍနဲ့သက်ဆိုင်တဲ့ ကိစ္စရပ်တွေမှာ ရွေးကောက်ပွဲ ကော်မရှင်အပါအဝင် တခြားသက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနဲ့ အပြည့်အဝ ပူးပေါင်းလုပ်ဆောင်မှာဖြစ်ပါတယ်။ ရွေးကောက်ပွဲ၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေကို ထိထိရောက်ရောက်နဲ့ မှန်မှန်ကန်ကန် အကောင် အထည်ဖော်နိုင်ဖို့ အစိုးရယန္တရားအဆင့်ဆင့်ကနေ လိုအပ်တဲ့လုပ်ငန်းတာဝန် အရပ်ရပ်ကို ကျေပွန်အောင်ပွင့်လင်းမြင်သာမှုရှိရှိ၊ မှန်မှန်ကန်ကန် တာဝန် ယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ မဲစာရင်း မှန်ကန်ဖို့နဲ့ ဥပဒေနဲ့အညီ မဲပေးခွင့်ရှိတဲ့ နိုင်ငံသားအားလုံး မဲပေးနိုင်ဖို့၊ ရွေးကောက်ပွဲရလဒ်တွေကို ပွင့်လင်းမြင်သာမှုရှိရှိ၊ တိတိကျကျ မှန်မှန်ကန် ကန်ထုတ်ပြန်ပေးနိုင်ဖို့ ပြည်တွင်းနဲ့ နိုင်ငံတကာမှရွေးကောက်ပွဲ လေ့လာစောင့်ကြည့်တဲ့အဖွဲ့အစည်းတွေက ကျွမ်းကျင်ပညာရှင်တွေအနေနဲ့ စည်းမျဉ်း စည်းကမ်းတွေနဲ့အညီ လေ့လာစောင့်ကြည့်နိုင်ဖို့တွေကို စီစဉ်ဆောင်ရွက် နေတယ်လို့ သိရပါတယ်။ 

ကပ္ပလီပင်လယ်အော်အတွင်းမှာ မျောပါနေတဲ့လှေစီးဒုက္ခသည်များ အရေးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအနေနဲ့ လိုအပ်တဲ့ ဖြေရှင်းဆောင်ရွက် မှုတွေကို တုံ့ပြန်ဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူများရဲ့အကျိုးစီးပွားနဲ့ အချုပ်အခြာအာဏာကို ကာကွယ်ရမှာဖြစ်သလို တစ်ဖက်မှာလည်း နိုင်ငံတကာအသိုင်းအဝိုင်းမှာ တာဝန်သိတဲ့၊ တာဝန်ယူ တဲ့နိုင်ငံတစ်နိုင်ငံအနေနဲ့ လှေစီးဒုက္ခသည်များကို ကယ်ဆယ်ဆောင်ရွက် နိုင်ဖို့နဲ့ လူသားချင်းစာနာတဲ့ အကူအညီများပေးအပ်ပြီး၎င်းတို့ရဲ့နေရပ် ကို ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက် လျက်ရှိပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း လူမှောင်ခိုကုန်ကူးမှုများနဲ့ တရားမဝင် ထွက်ပြေးစွန့်ခွာမှုတွေရဲ့ အဓိကဇာစ်မြစ်ဖြစ်တဲ့ အလုပ်အကိုင် ရှားပါးမှုနဲ့ ဆင်းရဲမွဲတေမှုပပျောက်ရေးတို့ကို အာရုံစိုက်လုပ်ဆောင်နေပါ တယ်။ ရခိုင်ပြည်နယ်မှာလည်း ပြည်တွင်းမှီတင်းနေထိုင်ကြသူများရဲ့ လူမှုစီးပွားဘဝမြှင့်တင်နိုင်ရေးအစီအမံများကို အာရုံစိုက်လုပ်ဆောင်နေ ပါတယ်။

ကျွန်တော့်အနေနဲ့ နိုင်ငံရေးအင်အားစုများအားလုံးနဲ့ ပြည်သူလူထု တစ်ရပ်လုံးကို တိုက်တွန်းပြောကြားလိုတာတွေကတော့ လတ်တလော မျှော်မှန်းချက်အနေနဲ့ ရွေးကောက်ပွဲမတိုင်မီ ကြားကာလ နိုင်ငံရေးတည်ငြိမ် မှုအတွက် အားလုံးပူးပေါင်းဆောင်ရွက်ဖို့ဖြစ်ပါတယ်။ ရေရှည် ရည်မှန်းချက် များအနေနဲ့ကတော့ အနာဂတ်မြန်မာနိုင်ငံတော်သစ် တည်ဆောက်ဖို့ လိုအပ်မယ့်အခြေခံများကို မျက်ခြည်ပြတ်မခံဘဲ ယှဉ်တွဲစဉ်းစားပြင်ဆင်ကြဖို့ တိုက်တွန်းပြောကြားလိုခြင်းပဲဖြစ်ပါတယ်။ ဒီလို ရေရှည်တည်ဆောက်ရမယ့် ရည်မှန်းချက်များကို ပြဋ္ဌာန်းသတ်မှတ်တဲ့အခါမှာလည်း ဆန္ဒစွဲကင်းကင်းနဲ့အစွန်းမရောက်တဲ့ မျှော်မှန်းချက်များဖြစ်ဖို့ အလွန်အရေးကြီးပါတယ်။ အထူးသဖြင့် မိမိတို့လူ့အဖွဲ့အစည်းလို နိုင်ငံရေးပဋိပက္ခများနဲ့ လက်နက်ကိုင် ပဋိပက္ခများကနေ ရရှိခဲ့တဲ့ခါးသီးတဲ့အတွေ့အကြုံတွေကို အနာဂတ်မျိုးဆက် သစ်များထံ ဆိုးမွေများအနေနဲ့ လက်ဆင့်မကမ်းဘဲ မိမိတို့လက်ထက်မှာ သမိုင်းသင်ခန်းစာများကို အခြေခံပြီး ကောင်းမွန်တဲ့ရည်မှန်းချက်များ တည် ဆောက်ကြဖို့ အထူးပင်အရေးကြီးတဲ့အကြောင်းလည်း ပြောကြားလိုပါ တယ်။

ကျွန်တော့်အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရအောင်၊ ပြည်သူများရဲ့ စီးပွားရေးပြန်လည်ဖွံ့ဖြိုးတိုးတက်လာအောင်၊ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ် လူငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့အနာဂတ်တွေ ဖန်တီးပေးနိုင်ဖို့ တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားရင်း နိဂုံး ချုပ်ပါတယ်။

မိဘပြည်သူများ ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံ ကြပါစေ။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®®®®®®®

Ref : @MOI Webportal


No comments:

Post a Comment

My Blog List