Tuesday, June 02, 2015

ပြည်နယ်နှင့်တိုင်းများကို အာဏာခွဲပေးရေးဆိုင်ရာ ဥပဒေကြမ်း တင်သွင်းမည်


ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေကို လုပ်ပိုင်ခွင့်အာဏာ ခွဲဝေပေးရေးနဲ့ သက်ဆိုင်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ဇယား (၁) နဲ့ ဇယား (၂) ပြင်ဆင်ဖို့ ဥပဒေကြမ်းတရပ်ကို ဇွန်လအတွင်း လွှတ်တော်ကို ပေးပို့တင်သွင်းသွားမယ်လို့ သမ္မတက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဇွန် ၂ ရက် နိုင်ငံတ၀န်းကို ပြောကြားတဲ့ လစဉ်ပုံမှန် ရေဒီယို မိန့်ခွန်းမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန်က “ကျနော်တို့တိုင်းပြည်ကို ‘ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု’အဖြစ် ပြောင်း လဲတည်ဆောက်ရာမှာ အခြေခံကောင်းတွေ ရှိနေဖို့ လိုအပ်ပါတယ်။ ဒါကြောင့် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ဒေသခံ တိုင်းရင်းသား ပြည်သူများရဲ့ အကျိုးစီးပွားကို ဦးတည်တဲ့၊ မျှတမှုလည်းရှိတဲ့ ဘဏ္ဍာငွေ အခွန်အကောက် ခွဲဝေမှု၊ လုပ်ပိုင်ခွင့်အာဏာ ခွဲဝေမှုတွေကို (ဇယား-၁) နဲ့ (ဇယား-၂) တို့မှာ ပြင်ဆင်နိုင်ဖို့ ဦးစားပေး ညှိနှိုင်းလုပ်ဆောင် နေပါတယ်။ 

အစိုးရသက်တမ်း လေးနှစ်တာကာလအတွင်း လက်တွေ့ ဆောင်ရွက်မှုများ၊ စမ်းသပ်လုပ်ဆောင်မှုများ၊ တွေ့ ဆုံဆွေးနွေးမှုများကနေတဆင့် ရရှိလာတဲ့ အတွေ့အကြုံများ၊ အကြံဉာဏ်များနဲ့ အချက်အလက်များကို အခြေခံပြီး ဇယား (၁) နဲ့ ဇယား (၂) ပြင်ဆင်ဖို့ ဥပဒေကြမ်းတရပ်ကို ဇွန်လအတွင်းမှာပဲ လွှတ်တော်ထံ ပေးပို့တင်သွင်းသွားမှာ ဖြစ်ပါတယ်။” လို့ ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံပါ ပြည်ထောင်စုဥပဒေပြုစာရင်း (ဇယား-၁) နဲ့ တိုင်းဒေ သကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြုစာရင်း (ဇယား-၂) တို့ရဲ့ အနှစ်သာရ ဖြစ်တဲ့ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရတွေအကြား အာဏာခွဲဝေမှုတွေကိုအသက်ဝင်လာဖို့ ကြိုးပမ်းခဲ့တဲ့အကြောင်းနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆွေးနွေး ကြတဲ့အခါ ဇယား (၁) နဲ့ ဇယား (၂) ကို ပြင်ဆင်ဖို့ အဆိုတင်သွင်းခဲ့ပြီး လွှတ်တော်ကိုယ်စား လှယ်တွေကလည်း ထောက်ခံခဲ့ကြတဲ့အပြင် နိုင်ငံရေးပါတီတွေကလည်း ဒီကိစ္စအပေါ် အကြံပြု ပြောကြားခဲ့တာတွေ ရှိတယ်လို့လည်း သမ္မတက ပြောပါတယ်။

ဖွဲ့စည်းပုံ ဇယား (၁) နဲ့ ဇယား (၂) ပြင်ဆင်ဖို့ ဥပဒေကြမ်းတင်သွင်းမယ့် အပေါ် ဗဟိုချုပ်ကိုင်မှု လျော့ချတာဖြစ်တဲ့အတွက် ကြိုဆိုတယ်လို့ ညီနောင် တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းက ဦးစောသန်းမြင့်က ဒီဗွီဘီကို ပြောပါတယ်။

“၂၀၀၈ ဖွဲ့စည်းပုံဘောင်က ကျနော်တို့သွားချင်တဲ့ ဒီမိုကရေစီ အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို သွားဖို့တော့ အင်မတန်ကို ခက်ခဲကြမ်း တမ်းမယ်လို့ ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အခုလို ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်း အားဖြင့် ဘာမှမရှိတာထက်စာရင် ကောင်းတယ်လို့ပဲ ယူဆရမှာပေါ့။ သက်ဆိုင်ရာ တိုင်းဒေ
သကြီးမှာ ဖြစ်စေ၊ ပြည်နယ်အသီးသီးမှာဖြစ်စေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ကျနော်တို့လိုလားတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဆိုတဲ့နေရာမှာ စီမံအုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ သယံဇာတ ခွဲဝေရေး အဲဒီအပိုင်းတွေအားလုံး ပါသွားမှာပေါ့။ အဲဒါနဲ့ပတ်သက်တဲ့ကိစ္စ အားလုံးကို ပြုပြင်ပေးနိုင်မယ်ဆိုရင် ဒါ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံထဲမှာ ပြုပြင်နိုင်တဲ့ကိစ္စ ဖြစ်တဲ့အတွက် ထောက်ခံကြိုဆိုပေးရမှာပေါ့။”

ဇယား ၁ နဲ့ ၂ ကို ပြောင်းလဲတဲ့အပြင် သက်ဆိုင်ရာ ပြည်နယ်တိုင်းဒေသကြီး အစိုးရ ၀န်ကြီးချုပ်တွေ ခန့်တဲ့အခါမှာ လက်ရှိသမ္မတက တိုက်ရိုက်ခန့်အပ်တဲ့ စနစ်ထက် သက်ဆိုင်ရာ လွှတ်တော်တွေကနေ အများစုသဘောတူမှုနဲ့ ရွေးချယ်ခန့်အပ်နိုင်အောင် ဖွဲ့စည်းပုံ ပုဒ်မ ၂၆၁ (ခ) ကိုလည်း ပြင်ဆင်ပြောင်းလဲပေးဖို့ လိုတယ်လို့လည်း ဦးစောသန်းမြင့်က ပြောပါတယ်။

ဇွန် ၂ ရက် သမ္မတရဲ့ လစဉ်ပုံမှန် မိန့်ခွန်းမှာတော့ တနိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေး အန်စီအေစာချုပ် လက်မှတ်ရေးထိုးပြီးတာနဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ စတင်ကျင်းပနိုင်ဖို့ ပြင်ဆင်လုပ်ဆောင်ကြတော့မှာ ဖြစ်ကြောင်းနဲ့ ရွေးကောက်ပွဲမတိုင်မီ ကြားကာလ နိုင်ငံရေးတည်ငြိမ်မှုအတွက် အားလုံးပူးပေါင်းဆောင်ရွက် ဖို့လည်း တိုက်တွန်း ပြောကြားထားပါ တယ်။

DVB

No comments:

Post a Comment

My Blog List