Tuesday, June 02, 2015

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကြေးစင်ငါးတန် လှူဒါန်းထားသည့် ကြေးခေါင်းလောင်း ထားဝယ်ဘုရားကြီးဝင်းအတွင်း နေရာချ


တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ကျက်သရေဆောင် ရွှေတောင်စား စေတီတော်ကြီး နှစ် ၂၅၀ ပြည့်မြောက်သည့် အထိမ်းအမှတ် မော်ကွန်းအဖြစ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိသားစုက ကြေးစင်ငါးတန် ပါဝင်လှူဒါန်းကာ သွန်းလုပ်သည့် ပိဿာချိန် တစ်သောင်းကျော် ကြေးခေါင်းလောင်းကြီးကို ဇွန်လ ၁ ရက်နေ့တွင် ယင်းစေတီတော်၏ အောက်ပစ္စယာ အင်္ဂါထောင့်၌ နေရာချထားခဲ့ကြောင်း ဘုရားကြီ ဂေါပကအဖွဲ့ထံမှ သိရသည်။

ခေါင်းလောင်းကြီးကို သွန်းလောင်းခဲ့သော မန္တလေးတိုင်းဒေသကြီး အမရပူရမြို့ တမ္ပဝတီရပ်ကွက်မှ မေလ ၂၆ ရက်နေ့တွင် သယ်ယူလာခဲ့ပြီး နေပြည်တော် တိုင်းစစ်ဌာနချုပ်၊ ကျိုက်ထိုမြို့တပ်နယ်၊ ရေးမြို့(စကခ) နှင့် မောင်မယ်ရှောင်ကျေးရွာ ရှင်ဓာတ်ဝဲဘုရားတို့တွင် ညအိပ်ရပ်နားခဲ့ပြီးနောက် ပြင်ဆင်မှုများ ပြုလုပ်ကာ မေလ ၃၀ ရက်နေ့တွင် ထားဝယ်မြို့သို့ သယ်ယူလာခဲ့ခြင်း ဖြစ်သည်။

နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတော် လှည့်သကဲ့သို့ မေလ ၃၁ရက်နေ့ ညပိုင်းတွင် ထားဝယ်မြို့အတွင်း လှည့်လည်ခဲ့ပြီး ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်း၌ ရွှေတောင်စား စေတီတော်၏ အောက်ပစ္စယာ အင်္ဂါထောင့်တွင် နေရာချထားခဲ့ကြောင်း ဘုရားကြီး ဂေါပကအဖွဲ့ဝင် ဦးထွန်းကြည်က ဆိုသည်။

“ခေါင်းလောင်းတော်ကြီးကို ဘုံခုနစ်ဆင့်ရှိတဲ့ ပြာသာဒ်ဆောင်နဲ့ထားမယ်၊ ယခုနှစ် သီတင်းကျွတ်ရာသီမှာ ဘုံခုနစ်ဆင့် ပြာသာဒ်ဆောင် ဖွင့်လှစ်နိုင်အောင် ဆောက်လုပ်သွားမယ်။ သိန်း ၆၀၀ ကျပ် ကုန်ကျမယ်လို့ ခန့်မှန်းထားတယ်” ဟု ဦးထွန်းကြည်က ပြောဆိုသည်။

အဆိုပါ ခေါင်းလောင်းကြီး၏ အလေးချိန်မှာ ကြေးပိဿာ ၁၁၇၇၇ ဒသမ ၄၊ ခေါင်းလောင်းအဝ ၇ ပေ ၄ လက်မ၊ အမြင့် ၁၆ ပေခန့် (ခေါင်းလောင်းအောက်ခြေမှ ပုစွန်တုပ်ကွေးအထိ) ရှိပြီး အများပြည်သူ ထည့်ဝင်လှူဒါန်းငွေ ၁၃၅၀ သိန်း ကျပ်ဖြင့် ခေါင်းလောင်းသွန်းခ (လက်ခ) ပေးဆောင်ခဲ့ရသည်ဟု ဘုရားကြီး ဂေါပကအဖွဲ့ထံမှ သိရသည်။

ခေါင်းလောင်းတော်ကြီး သွန်းလောင်းရန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ မိသားစုတို့မှ ကြေးစင်ငါးတန်၊ မြို့သူ/သားများ၊ ရဟန်းသံဃာများမှ ကြေးလေးတန်ခွဲ၊ သင်္ဘောပန်ကာဒလက် ကြေးထည်များကို ပြည်ဖြိုးထွန်း ကုမ္ပဏီ (မြိတ်) မှ ရှစ်တန်၊ သန်းဖြိုးသူကုမ္ပဏီ (ကော့သောင်း) ၁ ဒသမ ၅ တန် အသီးသီး လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

ခေါင်းလောင်းတော်ကြီး စတင်လုပ်ငန်းအပ်သည့် အချိန်မှ ထားဝယ်မြို့သို့ ရောက်ရှိလာသည့် အချိန်အထိ တစ်နှစ် အချိန်ကြာမြင့်ခဲ့ကြောင်း ဦးထွန်းကြည်က ပြောဆိုသည်။

ရွှေတောင်စား စေတီတော်ကြီး နှစ် ၂၅၀ ပြည့်မြောက်သည့် အထိမ်းအမှတ်မော်ကွန်းအဖြစ် ဘုရားကြီး ဝင်း၏ အရှေဘက်တွင် ခြသေ့င်္ညီနောင် မုခ်ဦးဆောင်ကို ၂၀၁၂ ခုနှစ်က တည်ဆောက်နိုင်ခဲ့ပြီး ယခုနှစ်တွင်
 ခေါင်းလောင်းတော်ကြီးကို ထပ်မံထားရှိနိုင်ခဲ့သည်ဟု သိရသည်။

(Dawei Watch)
The Voice Weekly

No comments:

Post a Comment

My Blog List