ပြည်တွင်းမှာ ရွေ့ပြောင်းနေထိုင်ကြတဲ့ လူငယ်တွေနဲ့ ပြည်သူတွေက ဘယ်လို မဲပေးနိုင်ကြမလဲ၊ သူတို့မဲစာရင်းမှာပါဖို့ ဘာတွေအခက်အခဲ ရှိနေလဲ၊ ဒါတွေကို ရွေးကောက်ပွဲ ကော်မရှင်ကကော ဘယ်လိုတွေ လုပ်ဆောင်ပေးနေလဲ ဆိုတာတွေကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးဝင်းကိုနဲ့ မဇ္ဈိမ လူငယ်နဲ့ ရွေးကောက်ပွဲ အစီအစဉ်ကနေ တွေ့ဆုံမေးမြန်းထားတာကို ဖော်ပြလိုက်ပါတယ်။
အမေး။ ။ အရင်ဆုံး ပြည်တွင်း ရွေ့ပြောင်းနေထိုင်ကြတဲ့သူတွေ မဲပေးနိုင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဘယ်လိုတွေ ဆောင်ရွက်နေပါလဲ။
အဖြေ။ ။ ပြည်တွင်း ပြောင်းရွှေ့နေထိုင်တဲ့ မဲဆန္ဒရှင်နဲ့ ပက်သက်လို့က အရင်မဲစာရင်းပြုစုတာကို ရှင်းပြပါမယ်။ ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၆ အရ အရည်အချင်း ကိုက်ညီသူတွေက မဲစာရင်းပါပါတယ်။ အဲဒီထဲမှာအဓိက ပြောချင်တာက ပုဒ်မ ၆ ခ၊ အရဘာဆိုထားလဲဆိုတော့ သက်ဆိုင်ရာ မဲဆန္ဒနယ်ရဲ့ မဲစာရင်းမှာပါဝင်သူလို့ ဥပဒကပြဌာန်းပါတယ်။ ရွေးကောက်ပွဲ တစ်ခုမှာ မဲပေးပိုင်ခွင့်ရှိတာက ခုနက ပြောခဲ့တာတွေ အပြင် သက်ဆိုင်ရာ မဲဆန္ဒနယ်မဲစာရင်းမှာ ပါဝင်မှ မဲပေးခွင့်ရှိပါတယ်။ ပြီးတဲ့အခါကျတော့ ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၄(က) အရ မဲဆန္ဒနယ် တစ်နယ်မှာ နေထိုင်သူလည်း ဖြစ်ဖို့လိုပါတယ်။ အဲဒီတော့ မဲဆန္ဒနယ် တစ်နယ်မှာ နေထိုင်သူက အရည်အချင်းကိုက်ညီရင် မဲစာရင်းမှာ ပါရပါတယ်။ ဒါက သူရဲ့ မူလအခွင့်အရေးပါ။
သို့သော် ကျွန်တော်တို့ နိုင်ငံမှာ အခြေအနေအမျိုးမျိုးကြောင့် အိမ်ထောင်စုဇယား ပုံစံ ၆၆/၆ ရှိတဲ့နေရာမှာ မနေထိုင်နိုင်ဘဲနဲ့ စီးပွားရေး၊ လူမှုရေးကြောင့် ရွှေ့ပြောင်းနေထိုင်ရတဲ့ သူတွေလည်း ရှိပါတယ်။ အဲဒီလူတွေအနေနဲ့ သာမန်အားဖြင့် ပြောလို့ရှိရင် မဲစာရင်းပြုစုတဲ့အခါ သူ့အိမ်ထောင်စုဇယားရှိတဲ့ မူရင်းဒေသမှာပဲ မဲစာရင်းပါ ပါ့မယ်။ ဒါက မဲစာရင်းပြုစုတဲ့ အခြေခံစည်းမျဉ်းပါ။ အခု အခြေခံမဲဆန္ဒရှင်စာရင်းတွေ ကောက်ယူရာမှာ သက်ဆိုင်ရာ မဲဆန္ဒနယ် တွေမှာရှိတဲ့ နေရင်းမဲဆန္ဒရှင်တွေသာ စာရင်းကောက်ယူထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ရွှေ့ပြောင်းတဲ့သူတွေ လတ်တစ်လောမှာ မပါသေးပါဘူး။ ရွှေ့ပြောင်းနေထိုင်တဲ့သူတွေ မဲစာရင်းပါဖို့က ခဏ တစ်ဖြုတ် ဆေးရုံတက်ရတာတို့၊ ကျောင်းတက်ရလို့ သွားရတာမျိုး၊ သာရေးနာရေးနဲ့ သွားရတာမျိုး မဟုတ်ဘူး။ စီးပွားရေး၊ လူမှုရေး လုပ်ငန်းတွေကြောင့် အိမ်ထောင်စုဇယားလည်း မရွှေ့ဘူး ပြောင်းရွေ့နေထိုင်တာ ကြာပြီဆိုရင် သူတို့ မဲစာရင်းထည့်နိုင်ဖို့ ဥပဒေ နည်းဥပဒေတွေ ရှိပါတယ်။
ဥပဒေပုဒ်မ ၄၅ နဲ့ နည်းဥပဒေ ၂(ဆ) မှာဘယ်လို လူမျိုးတွေဆိုတာကို အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်။ သူတို့တွေကို မဲစာရင်းထည့်ပေးတဲ့ နည်းကတော့ နည်းဥပဒေ ၁၀ အရလုပ်ပါတယ်။ ဥပဒေအရ လုပ်တဲ့အခါမှာ ရက်ပေါင်း ၁၈၀ လအားဖြင့် ၆လနဲ့ အထက်နေထိုင်သူတွေက သူရဲ့ မူလအခွင့်အရေးအရ နေထိုင်တဲ့ အရပ်မှာ မဲပေးခွင့်ရှိတယ်။ မူရင်းဒေသမှာပဲ မဲစာရင်းပါမယ်။ သို့သော် လည်းပဲ ကိုယ့်ဒေသမပြန်နိုင်ပဲ ရောက်ရှိနေတဲ့နေရာမှာ မဲပေးနိုင်ဖို့လည်း စီစဉ်ပေးတယ်။
ဒါကိုတော့ ရွေးကောက်ပွဲ ဘယ်နေ့လုပ်မယ်လို့ ကြေငြာပြီးရင် သူတို့ကိုယ်တိုင်က ဘယ်မှာမဲပေးမလဲ ရွေးချယ်ရမယ်။ ရောက်တဲ့ နေရာမှာပဲ ပေးမလား၊ ကိုယ်ဒေသမှာပဲ မဲပေးမလားကို ရွေးချယ်ပါ။ မူလနေရာကို ပြန်မယ်ဆိုရင် မဲစာရင်းမှာ ပါပြီးသား။ ရောက်နေရာမှာပဲ မဲပေးမယ်ဆိုရင်တော့ ရွေးကောက်ပွဲ နည်းဥပဒေ ၁၀အရ မဲစာရင်း ထည့်သွင်းခွင့်ရှိပါတယ်။ အဲလိုထည့်မယ်ဆိုရင် ပုံစံ ၃(က) နဲ့ ရောက်ရာမှာ မဲပေးလိုကြောင်း လျောက်ထားရပါတယ်။
အဲဒီလို လျှောက်တာက နိုင်ငံဝန်ထမ်းဆိုရင်လည်း သက်ဆိုင်ရာ ဌာနတာ ၀န်ခံ၊ ကုမ္ပဏီဆိုလည်း သက်ဆိုင်ရာ တာဝန်ခံက၊ သာမန်နေထိုင်သူတွေ ဆိုရင် ရောက်ရှိရာနေရာရဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှုးက သူတို့က ၆ လထက်မနည်း နေပါတယ်ဆိုတဲ့ ပုံစံ ၃(က) နဲ့တင်လိုက်ရင် အဲဒီမှာ မဲစာရင်းပါပါမယ်။ အဲဒီလိုပါပြီဆိုရင် ရပ်ကျေး ကော်မရှင်က သက်ဆိုင်ရာ မြို့နယ်ကိုတင်ပြပြီး၊ မြို့နယ်က သူရဲ့မဲစာရင်းကို ပယ်ဖျက်ခိုင်းတယ်။ အဲဒီတော့ သူရဲ့မဲစာရင်း ၂နေရာပါတာလည်း မရှိတော့ပါဘူး။ ဒီမှာမဲစာရင်းပါပြီဆိုရင်တော့ သူတို့ မဲပေးလို့ ရသွားပါပြီ။ အဲဒီလိုလျောက်ဖို့ ရွေးကောက်ပွဲမတိုင်မီ နောက်အကျဆုံး တစ်လကြို လျောက်ရပါတယ်။ သူလျှောက်ရမှာက ရွေးကောက်ပွဲ ကြေငြာလိုက်တဲ့ ရက်ကနေ မကျင်းပမီ တစ်လဆိုတဲ့အတွက် အချိန်အားဖြင့် ၂လကျော် ၂ လနီးပါး ရပါတယ်။ အဲဒီအတွင်းလျောက်ထားမှ ဆောင်ရွက်ပေးလို့ ရပါတယ်။
အမေး။ ။ ဧည့်စာရင်းတိုင်ထားတဲ့ ရက်ပေါင်း ၁၈၀နေထိုင်တယ်ဆိုတဲ့ အထောက်အထား ပါရမယ်ဆိုတော့ တစ်ချို့ ကျူးကျော်လို့ ယူဆပြီး ဧည့်စာရင်းမပေး သူတွေ၊ ဧည့်စာရင်းမရတဲ့၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ ကျတော့ကော သူတို့ ဘယ်လိုမဲစာရင်းမှာ ပါနိုင်မလဲ။ အဓိက ရွှေ့ပြောင်းနေထိုင်ကြသူတွေထဲ မှာ သူတို့တွေ အရေအတွက်က သန်းချီရှိနေတဲ့အတွက် ဘယ်လိုများ ဖြစ်နိုင်ပါသလဲခင်ဗျ။
အဖြေ။ ။ ဥပဒေပြဌာန်းချက်မှာကတော့ သက်ဆိုင်ရာ ရောက်နေတဲ့နေရာက ရပ်ကျေး အုပ်ချုပ်ရေးရုံးရဲ့ ထောက်ခံချက်တော့ လိုပါတယ်။ အဲဒီထောက်ခံချက်ဟာ အဓိက ရက်ပေါင်း ၁၈၀ကျော်နေတယ်ဆိုတဲ့ ထောက်ခံချက်ပါပဲ။ ဒါနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ရဲ့ လုပ်ထုံးလုပ်နည်းအရတော့ ဧည့်စာရင်း နဲ့ တိုက်ဆိုင်စစ်ဆေးတာတော့ ရှိချင်လည်း ရှိမယ်။
ဧည့်စာရင်းပေးတာ မပေးတာကတော့ အုပ်ချုပ်ရေးက ကိစ္စဖြစ်တဲ့အတွက် ကော်မရှင်အနေနဲ့တော့ ဒီဟာကို တစ်စုံတစ်ရာ ဝေဖန်ပြီး မပြောချင်ပါဘူး။ ဒါပေမယ့် ရွေးကောက်ပွဲ လုပ်ငန်းကြီးက အမျိုးသားရေးလုပ်ငန်းကြီးလည်း ဖြစ်တယ် အစိုးရအဖွဲ့အစည်း ဌာနဆိုင်ရာ အသီးသီးနဲ့ ပူးပေါင်း ဆောင်ရွက် နိုင်တယ်ဆိုတဲ့ ဥပဒေ ပြဌာန်းချက်လည်း ရှိပါတယ်။
အဲဒီဖြစ်စဉ်တွေအတိုင်းမှာ ရပ်ကျေး အုပ်ချုပ်ရေးမှုးတွေက သူ့လုပ်ထုံးလုပ် နည်းတွေအတိုင်း ဧည့်စာရင်း မပေးတာတို့၊ ထောက်ခံချက် မပေးတာတို့ ရှိပင်ရှိနိုင်ပေမယ့် တစ်ကယ့်ရွေးကောက်ပွဲ လုပ်ငန်းမှာတော့ ကိုယ်တို့ကော် မရှင်က အစိုးရအဖွဲ့ရဲ့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်မှာပါ။ တစ်နည်းအားဖြင့် ရပ်ကျေးရဲ့ ထွေအုပ်စာရင်း ကပင် ရပ်ကျေး ရွေးကောက်ပွဲကော်မရှင်ရဲ့ အတွင်းရေးမှူးဖြစ်တယ်။
အဲဒီတော့ သူက ဒီတာဝန်ကို ရှောင်လွှဲလို့ မရပါဘူး။ အမှန်တစ်ကယ် ရောက်ရှိနေထိုင်တဲ့ သူတွေလည်း ဖြစ်နေတယ်ဆိုရင် အကြောင်းအမျိုး မျိုးပြပြီး ထောက်ခံချက်မပေးဘူး ဆိုတာမျိုး မရှိစေရပါဘူး။ နောက်တစ်ခု ကလည်း လုပ်ငန်းတစ်ခုခုနဲ့ ရှိတဲ့သူတွေဆိုရင်လည်း ရပ်ကျေးက မထောက်ခံဘူးဆိုရင်လည်း သူ့ရဲ့ လုပ်ငန်းတာဝန်ခံက ရက်ပေါင်း ၁၈၀ကျော်ပါပြီဆိုတာကို ထောက်ခံချက် ပေးမှာပါ။ အဲဒီလိုပေးထားတာကိုပဲ ရပ်ကျေးက အကြောင်းအမျိုးမျိုး ပြပြီး မထောက်ခံနိုင်ဘူး ဆိုတဲ့ ဖြစ်စဉ်မျိုးတော့ ဖြစ်လာစရာမရှိပါဘူး။ မဖြစ်အောင်လည်းကြတ်မတ်ပြီး ဆောင်ရွက်သွားမှာပါ။
အမေး။ ။ ပြည်တွင်း ရွှေ့ပြောင်းနေသူတွေ မဲစာရင်းဖျက်မှာ ထည့်မှာတွေကို လွယ်ကူအောင်လုပ်နိုင်ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဘာတွေ လုပ်ပေးနေလဲ ဆိုတာကို ရှင်းပြပေးပါဦး ခင်ဗျ။
အဖြေ။ ။ သာမန်အားဖြင့် ရက်ပေါင်း ၁၈၀ကျော် ရွေ့ပြောင်းနေထိုင်တဲ့ သူတွေနဲ့ပက်သက်ပြီး ရောက်ရာနေရာမှာ မဲပေးဖို့အတွက် ပုံစံ ၃(က)နဲ့ လျှောက်ပါတယ်။ သူတို့ကိုယ်တိုင် ဟိုကိုသွားပြီး ဖျက်စရာမလိုပါဘူး။ လျှောက်ထားတာ ရက်ပေါင်း ၁၈၀နေထားတာလည်း မှန်ရင် ဒီကကော် မရှင်က မဲစာရင်းကို ထည့်ပေးမှာပါ။ ထည့်ပြီးတာနဲ့ ကော်မရှင်ကပဲ သူ့မူရင်းဒေသမှာရှိတဲ့ လျှောက်လွှာပါ မူရင်းနေရာကို လှမ်းအကြောင်းကြား ပြီးတော့ ဖျက်တာပါ။ ဒါက ဥပဒေပါ ပုံစံတွေနဲ့ စာရွက်တွေပေါ်မှာ လုပ်တာပါ။ ကွန်ပျူတာစနစ်နဲ့က အခုအခြေခံမဲစာရင်း တွေကို မြို့နယ်အဆင့်တွေမှာ ပြင်တာဆင်တာတွေ လုပ်နေကြတယ်။
အဲဒါတွေပြီးလို့ နေပြည်တော်က အဓိက အချက်အလက်စုဆောင်းရာ နေရာကို ပို့ပြီးတဲ့အခါ လူနဲ့ လုပ်ထားတဲ့ဟာဖြစ်တဲ့အတွက် နှစ်ခုထပ်နေတာ တွေရှိ နေနိုင်ပါတယ်။ အဲဒါတွေကို ပြပြီး နှစ်နေရာမှာ ပါနေရင် ဘယ်မှာ မဲပေးမှာလဲဆိုတာကို ကာယံကံရှင်ကို ဆက်သွယ်ပြီး ပြင်တာတွေလုပ်မယ်။
ဒါတွေလုပ်ပြီးသွားရင်တော့ အခုဆော့ဖ်ဝဲလ် တစ်ခုသွင်းနေပါပြီ၊ အွန်လိုင်းကနေ မဲစာရင်းတွေကြည့်နိုင်ဖို့ပါ။ အမည်နဲ့ မှတ်ပုံတင် ရိုက်လိုက်တာနဲ့ ကြည့်လို့ရမယ်၊ အဲဒီထက် အသေးစိတ် ဘယ်မဲရုံမှာ မဲပေးရမယ်ဆိုတဲ့အထိ ဆော့ဖ်ဝဲလ်လုပ်နေတယ်။ ဒါကိုတော့ စမ်းသပ်တုန်းဖြစ်ပါတယ်။ ဒါအောင်မြင်သွားရင်းတော့ နိုင်ငံတကာကရော၊ ပြည်တွင်းကရော သိအောင်ချပြရှင်းလင်း ပညာပေးမှာပါ။
အမေး။ ။ အဲဒီဆော့ဖ်ဝဲလ်ကို အသုံးပြုနိုင်ရင် ရွှေ့ပြောင်းအလုပ်သမားတွေ အတွက် ဘယ်လောက် အကျိုးရှိမလဲ။ ၂၀၁၅ ရွေးကောက်ပွဲအမှီ အသုံးပြုနိုင်ဖို့ရော ပြင်ဆင်ထားသလားဗျ။
အဖြေ။ ။ ၂၀၁၅ ရွေးကောက်ပွဲမှာ အသုံးပြုနိုင်အောင် ကျိုးစားပြီးလုပ်နေပါ တယ်။ ဒါပေမယ့် ဆော့ဖ်ဝဲလ်က ပြဿနာမရှိဘူး။ ဒါပေမယ့် တစ်နိုင်ငံလုံး မှာရှိတဲ့ မဲစာရင်းတောင်းဆိုလွှာ၊ ကန့်ကွက်လွှာတွေ ဘယ်အချိန်မှာ ပြီးမလဲ ဆိုတာ ရှိပါသေးတယ်။ အခုဆိုရင်တော့ မဲစာရင်းတွေကို ပထမအကြိမ် ကြေညာပြီးပါပြီ။ ဒုတိယအကြိမ် လိုပါသေးတယ်။ ဒုတိယ အကြိမ်က မေလ ၂၅ ရက် ကြေညာမယ်။ တတိယ အကြိမ်က ဇွန် ၈ ရက်လုပ်ပါမယ်။ စတုတ္ထအကြိမ်က ဇွန် ၂၂ ထင်တယ် အဲဒီလောက်မှာ လုပ်ဖို့ရှိပါတယ်။ ဇွန်လ ကုန်လောက်မှာ မဲစာရင်းတွေ ကြေညာပြီးမယ်လို့ ပြောနိုင်ပါတယ်။ ဇွန်လ ကုန်လောက်ကြေညာပြီးရင် ဇူလိုင်လမှာ clean လုပ်တာတွေ ပြီးသွားနိုင် ပါတယ်။
ပြီးသွားလို့ရှိရင် သြဂုတ် ဝန်းကျင်မှာ မိန်းဆာဗာထဲကို တစ်နိုင်ငံလုံးက မဲစာရင်းတွေ ရောက်မှာပါ။ အဲဒီထဲမှာ Clean လုပ်တာတွေ ဘာတွေပြီး ရင်၂၀၁၅ရွေးကောက် ပွဲအမှီတော့ ဆော့ဖ်ဝဲလ်က တပ်ထားပါပြီး သုံးလည်း စမ်းသုံးနေပါပြီ။ ရန်ကုန်မြို့နယ်ထဲမှာ မဲစာရင်းကြေညာပြီးတဲ့ မြို့နယ်တွေက မဲစာရင်းတွေလည်း အွန်လိုင်းမှာ တက်ကြည့်နိုင်အောင် လုပ်ထားပါပြီ။ ဒီဆော့ဖ်ဝဲလ်က တပ်ထားပေမယ့် ပြည်သူကိုအသိပညာပေးတာတွေ မလုပ်ရသေးပါဘူး။
ဘာလို့လဲဆိုရင် မြို့နယ်နည်းနည်းလေးပဲ လုပ်ပြီးသေးတဲ့ အတွက်ဖြစ်ပါ တယ်။ ဆော့ဖ်ဝဲလ် အောင်မြင်သွားပြီဆိုရင် ပြည်သူကို အသိပညာပေး လုပ်ငန်းတွေလုပ်ပြီး ၂၀၁၅ ရွေးကောက်ပွဲကို မှီနိုင်မယ်လို့မှန်းထားပါတယ်။ ရွေ့ပြောင်း မဲဆန္ဒရှင်တွေမှ မဟုတ်ပါဘူး။ တစ်ပြည်လုံး မဲဆန္ဒရှင်တွေ အတွက် အကျိုးရှိပါတယ်။ အခုမဲစာရင်း ကပ်ပါတယ်။ လာကြည့်ပါလို့ CSO တွေနဲ့ ပညာပေးလုပ်ငန်းတွေ လုပ်ပေမယ့် လာကြည့်တဲ့သူ နည်းပါတယ်။ အဲတော့ လာကြည့်စရာ မလိုဘဲ တကယ်လို့သာကွန်ပြူတာသွင်းတာပြီးသွား လို့ရှိရင် မိမိလက်ထဲမှာ ရှိတဲ့ ဟန်းဖုန်း၊ ကွန်ပြူတာ အစရှိတာတွေနဲ့ ချိတ်ဆက်လိုက်လို့ရှိရင် ကိုယ်ဟာ ဘယ်မြို့နယ်ထဲမှာ ပါနေတယ်ဆိုတာကို သိသွားပါလိမ့်မယ်။ သိသွားရင် သူသည် ရွှေ့ပြောင်းမဲဆန္ဒရှင်ဆိုရင် မိမိရဲ့ ဒေသမှာ မိမိပါနေတယ်။ ဟိုမှာပြန်မပေးနိုင်ရင်လည်း ဒီမှာပဲ ပေးမယ်ဆို တာကို သူမြန်မြန်ဆန်ဆန် ဆုံးဖြတ်နိုင်မယ်။
အမေး။ ။ တကယ်လို့များ ဧည့်စာရင်းမတိုင်ဘဲ နဲ့ ရပ်ကွက်ထဲမှာ နေတာ ရက်ပေါင်း၁၈၀ နေတာကို ကော်မရှင်ထဲမှာ ပါတဲ့သူက သိနေတယ်ဆိုရင် သူ့ရဲ့ထောက်ခံချက် တစ်ခုတည်းနဲ့များ မဲထည့်နိုင်ခွင့်ရှိမလား။
အဖြေ။ ။ ဒါကတော့ ဥပဒေနည်းဥပဒေ ပြဌာန်းချက်တွေ ရှိတဲ့အတွက် ဒါကိုတော့ကျော်လွှားလို့မရ နိုင်ပါဘူး။ ရပ်ကွက်တွေမှာ အဖွဲ့အစည်းတွေ ရှိပါတယ်။ ခုနကပြောသလို ဒီ ထွေအုပ်စာရေးဟာလည်း ကော်မရှင် အတွင်းရေးမှူး ဖြစ်ပါတယ်။ ဒါ့အပြင် ရပ်ကျေးမှာလည်း ရပ်မိ ရပ်ဖ အဖွဲ့ဆိုတဲ့ အဖွဲ့တွေရှိပါတယ်။ အားလုံးက ဝိုင်းကြီးချုပ်စနစ်နဲ့ ထိန်းကျောင်းတာဖြစ်တဲ့အတွက် ရပ်ကွက်က ပြောနေပြီးတော့ အုပ်ချုပ်ရေးမှူးက ငါမထောက်ခံဘူးလို့တော့ ပြောလို့မရပါဘူး။ အဲဒီလိုဆိုရင်တော့ သူဟာဥပဒေမဲ့လုပ်တာ ဖြစ်တဲ့အတွက် သူ့ကို တိုင်ပြီးတော့ ဖြုတ်ပြစ်ရုံပဲရှိတယ်။ ကိုယ်ကတော့ ဒီလို ပဲမြင်ပါတယ်။
အမေး။ ။ ရပ်ကွက်အုပ်ရေးမှူး၊ အတွင်းရေးမှူး ၊ရပ်ကွက် အထောက်အကူပြု အဖွဲ့တွေ အားလုံးရဲ့ ဆုံးဖြတ်ချက်ကို မူတည်ပြီး စဉ်းစားရမယ့် သဘော ရှိနေတာလား။
အဖြေ။ ။ ဒါကတော့ ရွေးကောက်ပွဲ လုပ်ငန်းဆိုတာကတော့ အားလုံး state holder အားလုံးက ပူးပေါင်းညှိနှိုင်းပြီး ဆောင်ရွက်နေရတာပါ ဒီအဖွဲ့တွေ အားလုံးဟာ တိုင်ပင်ပြီးဆုံးဖြတ်ရတာဖြစ်သလို တစ်ဖက်ကလည်း နိုင်ငံရေး ပါတီ၊ လူမှု အဖွဲ့အစည်းတွေလည်းရှိတယ်။ အမှန်တကယ် ရက်ပေါင်း ၁၈၀ ကျော်နေထိုင်ရဲ့ သားနဲ့ မထောက်ခံဘူးဆိုရင် အုပ်ချုပ်ရေးမှူးက ဝိုင်းသမ ခံရမှာပဲရှိပါတယ်။ ဥပဒေ နည်းဥပဒေ ပြဌာန်းချက်အရတော့ သူရဲ့ ထောက် ခံချက် ကလေးကတော့ လိုနေတာဖြစ်ပါတယ်။
အမေး။ ။ မင်္ဂလာဒုံ က မဲစာရင်းမှာ နိုင်ငံသားဖြစ်သူတွေ၊ သုံးခေါက်ချိုး ကတ်ကိုင်တဲ့သူတွေ ပါတယ်။ ဒါ့အပြင် ဘယ်လိုမျိုး အသိအမှတ်ပြုကတ်နဲ့ မဲပေး ပိုင်ခွင့်ရှိတယ်ဆိုပြီး ဆုံးဖြတ်ထားတာများ ရှိပါသေးလား။
အဖြေ။ ။ ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၆မှာ။ မဲပေးပိုင်ခွင့် အရည်အချင်းထဲမှာ ၆(ခ) က ခုနားကပြောတဲ့ သက်ဆိုင်ရာ မဲဆန္ဒနယ်ရဲ့ မဲပေး ပိုင်ခွင့်စာရင်းမှာ ပါဝင်သူ။ ၆(က) ကတော့ ရွေးကောက်ပွဲ စတင်ကျင်းပမယ့်နေ့မှာ အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ နိုင်ငံသား၊ ပြုနိုင်ငံသား၊ ဧည့်နိုင်ငံသားနဲ့ ယာယီသက် သေခံလက်မှတ် ကိုင်ဆောင်သူလို့ပါပါတယ်။ ယာယီ သက်သေခံလက်မှတ် ကိုင်ဆောင်သူ ကိစ္စကတော့ သမ္မတကြီးကလည်း အမိန့်ကြော်ညာစာထုတ်ပြီး ပယ်ဖျက်ပြီးပါပြီ။
လွှတ်တော်ကလည်း ဥပဒေပြင်ဖို့ ဆောင်ရွက်နေပါပြီ။ ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်သူတွေကတော့ မဲပေးခွင့် မရှိတော့ပါဘူး။ နိုင်ငံသား၊ ပြုနိုင်ငံသား၊ ဧည့်နိုင်ငံသားပါ အဲဒီသုံးမျိုးနဲ့ ပတ်သက်ရင် ကတ်ပြားနဲ့ ဆုံးဖြတ်တာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ရွေးကောက်ပွဲမှာ တစ်ခါတစ်ရံမှာ မှတ်ပုံတင်တောင်မရှိတဲ့သူလည်း ဒို့နိုင်ငံသားမှန်ရင် ပါပါတယ်။ ဥပဒေမှာ ပြဌာန်းတာကလည်း နိုင်ငံသားကတ်ရှိတဲ့သူ၊ သုံးခေါက်ချိုးကိုင်တဲ့ သူလို့မပါပါဘူး။ နိုင်ငံသား၊ ဧည့်နိုင်ငံသာ၊ နိုင်ငံသားပြုခွင့် ရသူဖြစ်တဲ့ သူကို ဆန္ဒမဲပေးခွင့်ပြုထားပါတယ်။ နိုင်ငံသားဖြစ်ခွင့်ရသူ အဖြစ် မဆုံးဖြတ်နိုင်တဲ့ အခြေအနေ မျိုးပေါ်ပေါက်ရင်တော့ နည်းဥပဒေအရ ကော်မရှင်က မဆုံးဖြတ်နိုင်ရင် အဲဒီကတ်တစ်ခုခုကို တောင်းပြီး စစ်ဆေးနိုင်တယ်ဆိုတဲ့ ဖော်ပြချက်ပါပါတယ်။ ဒါက မသေချာရင်တော့ ကတ်ပြားပြပါ သေချာရင်တော့ ထည့်ကို ထည့်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ဘာပဲကိုင်ထားကိုင်ထား သူသည့် ဥပဒေအရ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူဆိုရင် မဲစာရင်းထဲကို ပါကိုပါရမှာဖြစ်ပါတယ်။
အမေး။ ။ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ ပြုနိုင်ငံသား ဆိုတဲ့ အရည်အချင်းကို ဘယ်လိုမျိုးနဲ့ ဆုံးဖြတ်လဲခင်ဗျ။
အဖြေ။ ။ အဓိကတော့ ရွေးကောက်ပွဲ ဥပဒေ အရပဲ ဆုံးဖြတ်ပါတယ်။ ဆုံးဖြတ်တဲ့အခါ ဘယ်ဥပဒေကို အကိုးအကားပြုရလည်းဆိုတော့ ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေကို အကိုးအကားပြုရပါတယ်။ အဲဒီလို အကိုးအကား ပြုတဲ့ အခါမှာ ကော်မရှင်၊ ဆပ်ကော်မရှင် အသီးသီးဖွဲ့စည်းထားတာက အများယုံကြည်လေးစားရတဲ့ ပုဂ္ဂိုလ်ခြောက်ဦး ဌာနဆိုင်ရာဝန်ထမ်း ကိုးဦးပါတယ်။ အဲဒီဌာနဆိုင်ရာ ၀န်ထမ်းကိုးဦးထဲမှာ သက်ဆိုင်ရာ အဆင့်ရှိတဲ့ လ.၀.ကဦးစီးမှူးက အဖွဲဝင်ပါပါ တယ်။ သူတို့ဆီကလည်း လိုအပ်နေတဲ့ အထောက်အထား ရှိရင်လည်းဖြေရှင်းပေး ပါတယ်။ တချို့ကလည်းပဲ မှတ်ပုံတင်မရှိသေးတဲ့ နိုင်ငံသားတွေလည်းရှိနေရင် ရပ်ကွက်ကျေးရွာ အထောက်အကူပြု အဖွဲ့အစည်းက ထောက်ခံချက်ရရင် မဲစာရင်းထဲမှာ ပေးပါတယ်။ သာမာန်အားဖြင့် နိုင်ငံသားတွေ မဲပေးခွင့် ဆုံးရှူံးတာ မရှိပါဘူး။ တစ်စုံတစ်ယောက်က သူဟာ နိုင်ငံခြားသားအဖြစ် ခံယူထားပါတယ် ဆိုတာ အထောက်အထားတွေနဲ့ တင်ပြလာမှသာ သူသည် မဲပေးဖို့ အန္တာရယ်ရှိတာ ပါ။ အဲဒီလို ကန့်ကွက်တဲ့နေရာမှာ နုတ်နဲ့ ကန့်ကွက် လို့မရပါဘူး။ အထောက်အထားနဲ့ ပြောရမှာဖြစ်ပါတယ်။ ဒါကြောင့် သာမာန် အားဖြင့် တို့နိုင်ငံသားတွေဟာ ကတ်ပြားရှိရှိမရှိ မဲစာရင်းထဲမှာ ပါဝင်ခွင့် မဆုံးရှုံးနိုင်ပါဘူး။
Mizzima - News in Burmese
No comments:
Post a Comment