Friday, June 19, 2015

အဘွားအိုကို မုဒိမ်းကျင့်ရန် ကြံသည့် တပ်သား ထောင် ၇နှစ်သာ ချမှတ်မှု ဒေသခံများ မကျေနပ်


ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် နွမ်လန်းကျေးရွာတွင် အသက် ၇၃ နှစ် အရွယ် အမျိုးသမီးတဦးကို အဓမ္မပြု သတ်ဖြတ်ရန် ကြံစည်ခဲ့သည့် အစိုးရတပ်သား ဇော်မျိုးအေးကို စစ်ဘက်ဆိုင်ရာဥပဒေအရ စည်ကမ်း ဖောက် ဖျက်မှု၊ မူးယစ်မှု ၊ ပိုင်နက် ကျူး လွန်မှုတို့ဖြင့်သာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇နှစ် ချမှတ် လိုက် သော်လည်း သတ်ဖြတ်ရန် ကြံစည်မှု၊ မုဒိမ်းကျင့်ရန် ကြံစည်မှုတို့ကို လျစ်လျူရှုထားသည့်အတွက် ဒေသခံ များက မကျေမနပ် ဖြစ်နေကြ ကြောင်း သိရသည်။

တပ်သား ဇော်မျိုးအေးကို ယခုလ ၁၅ ရက်တွင် စစ်တပ်မှ ထုတ်ပယ်လိုက်ပြီး၊ စစ်ဘက်ဆိုင်ရာ ဥပဒေ ၄၅၇၊ ၆၅၊ ၇၁/၁ တို့ဖြင့် စည်းကမ်းဖောက်ဖျက်မှု၊ မူးယစ်မှုနှင့် ပိုင်နက်ကျူးလွန်မှုတို့ဖြင့် ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း၊ အဆိုပါ ချမှတ် လိုက်သည့် ဥပဒေများတွင် အဓမ္မပြုကျင့်ရန်နှင့် သတ်ဖြတ်ရန် ကြံစည်မှုများ မပါဝင်သည့်အတွက် ဗန်းမော်မြို့ ဒေသခံ ပြည်သူများက မကျေနပ်ကြကြောင်း ဗန်းမော်ခရိုင် ကချင်နှစ် ခြင်း ခရစ်ယာန် အသင်းတော်များ အဖွဲ့ချုပ် အမျိုးသမီးဌာနမှ ဒေါ်ဒီထွယ်ဆန်ရော်က ဧရာဝတီကို ပြော သည်။

ပြီးခဲ့သည့် ဧပြီ ၁၃ ရက်က ခြေမြန်တပ်ရင်း ခမရ ၄၃၈ မှ တပ်သား ဇော်မျိုးအေး (တ/၄၅၄၁၃၀) သည် အသက် ၇၃ နှစ်အရွယ် အမျိုးသမီးကို အဓမ္မပြုကျင့်ရန်နှင့် သတ်ဖြတ်ရန် ကြံရွယ်ခဲ့သည်ကို ရွာသား ၂ ဦးက မျက်မြင်သက်သေ ရှိခဲ့ ကြောင်း၊ ထိုကိစ္စနှင့် ပတ်သတ်ပြီး မြို့သစ်မြို့နယ်ခွဲ ရှိ ရဲစခန်းတွင် ပ/၃/ ၂၀၁၅ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၅၆/၃၇၆/၅၁၁ တို့ဖြင့် အမှုဖွင့်ထားခဲ့ သည်။

“စစ်တပ်ဘက်ကနေပဲ ချမှတ်လိုက်တယ်။ ကျမတို့ အရပ်ဘက် တရားရုံးကို မလွှဲပေးဘူး။ စစ်တပ်က သူတို့ စစ်ဆေးပြီးရင် အရပ်ဘက်ကို ပြောင်းပေးမယ်လို့ ပြောထားတယ်။ ကျမတို့က ထင်သာမြင်သာ ဖြစ်စေချင် လို့၊ အဓိက မကြိုက်တာက ၃၇၆၊ ၅၁၁၊ မုဒိန်းမှု ပျောက်သွားတယ်။ အခု အဲဒီအမှုတွေ မပါတော့တဲ့အတွက် ကျမတို့ဘက်က သဘောမကျဘူး။ အရပ်ဘက်က စွဲထားတဲ့ ၃၇၆၊ ၅၁၁၊ ၄၅၆ ပုဒ်မသုံးခုနဲ့ ပြန်စွဲပေးပါ ” ဟု ဒေါ်ဒီထွယ်ဆန်ရော်က ဆိုသည်။

အဆိုပါ တပ်သားကို အရပ်ဘက် တရားရုံးတွင် ပြန်လည်စစ်ဆေးရန် တောင်းဆိုထားပြီး လက်မခံပါက သက်ဆိုင်ရာသို့ စာတင်သွားမည် ဖြစ်ကြောင်းနှင့် လက်ရှိအချိန်တွင် စောင့်ကြည့်နေဆဲဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

အသက် ၇၃ နှစ်အရွယ် အမျိုးသမီး တဦးကို အဓမ္မ ပြုကျင့်ရန်နှင့် သတ်ဖြတ်ရန် ကြံစည်ခဲ့သည့် အစိုးရ တပ်သားအား အရပ်ဘက် တရားရုံးတွင် စစ်ဆေးပေးရန် ပြီးခဲ့သည့် မေလ ၁၃ ရက်က ဗန်းမော်မြို့ ဒေသခံပြည်သူ ရာနှင့်ချီက ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။

မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်တွင် ကုလသမဂ္ဂ၏ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေး သဘောတူစာချုပ် (CEDAW) တွင် လက်မှတ် ရေးထိုးထားသော်လည်း အမျိုးသမီး အခွင့် အရေး ကာကွယ်ပေးခြင်းနှင့် ပတ်သက်ပြီး ဆောင်ရွက်မှုများသည် ထိရောက်မှု မရှိကြောင်း အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူများက ဝေဖန်ပြောဆိုလျက် ရှိသည်။

ယခုနှစ် ဇန်နဝါရီလက ထုတ်ပြန်ခဲ့သော ထိုင်းနိုင်ငံ အခြေစိုက် အမျိုးသမီး များ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB အစီရင်ခံစာ၌ ၂၀၁၀ ရွေးကောက်ပွဲ နောက်ပိုင်း ပြုပြင်ပြောင်းလဲမှု ကာလတွင် မြန်မာ့တပ်မတော်၏ အဓမ္မ ပြုကျင့်ခြင်း ခံခဲ့ရသော အမျိုးသမီးများနှင့်ပတ်သက်သည့် အမှုပေါင်း ၁၀ဝ ရှိကြောင်း၊ တိုင်းရင်းသား ဒေသ အတွင်းရှိ အမျိုးသမီးများအပေါ် လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုများကို စစ်ဗျူဟာ တခုကဲ့သို့ အသုံး ပြုနေမှုကို ရပ်တန့် စေလိုသည်ဟု ဖော်ပြထားသည်။

ဧရာဝတီ


No comments:

Post a Comment

My Blog List