Friday, June 19, 2015

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ထူးခြားဖြစ်စဉ်များနှင့် မှုခင်းသတင်းများ ထုတ်ပြန်နိုင်ရေးအတွက် ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ရေးအဖွဲ့ စတင်ဖွဲ့စည်း


ရန်ကုန်တိုင်းဒေသကြီးအတွင်း နယ်မြေအသီးသီးတွင် ဖြစ်ပေါ်နေသည့် ထူးခြားဖြစ်စဉ်များနှင့် မှုခင်းသတင်း များကို ထုတ်ပြန်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ရေးအဖွဲ့ (Yangon Region MediaTeam) စတင် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

အဆိုပါအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ရုံးခန်းဖွင့်လှစ်ခြင်း အခမ်းအနားကို ဇွန် ၁၈ ရက်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဝင်းအတွင်းရှိ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ယင်းသတင်းထုတ်ပြန်ရေး အဖွဲ့တွင် ဌာနမှူးအဖြစ် ရဲမှူးကြီးဝင်းဗိုလ်၊ ဒုတိယပြောရေးဆိုခွင့်ရှိသူ ရဲမှူးသိန်းလွင်နှင့် ရဲမှူးပြည့်စုံ အပါအ၀င် အဖွဲ့ဝင် ၁၁ ဦးတို့ဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရဲမှူးကြီးဝင်းနိုင်က “ယခု ဖွင့်လှစ်တဲ့သတင်း ထုတ်ပြန်ရေးအဖွဲ့အနေနဲ့ နယ်မြေအသီးသီးမှာ ဖြစ်ပေါ်နေတဲ့ ထူးခြားဖြစ်စဉ်များ၊ မှုခင်းသတင်းများကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်နိုင်ရေးအတွက် ဒီအဖွဲ့ကို ဖွဲ့စည်းရခြင်းဖြစ်တယ်။ သတင်းထုတ်ပြန်နိုင်ရေး အတွက်လည်း ရုံးချိန်အတွင်း သတင်းမီဒီယာများ သိရှိလိုသည့် သတင်းအချက်အလက်များကို စည်းမျဉ်းစည်းကမ်း ဥပဒေဘောင်အတွင်းမှ ကူညီဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

“ရန်ကုန်တိုင်းမှာဖြစ်နေတဲ့ သတင်းတွေကို အမြန်ဆုံးနဲ့ အမှန်ကန်ဆုံးသိနိုင်အောင် ရည်ရွယ်ပြီး ဒီအဖွဲ့ လေးကို ဖွဲ့စည်းဖြစ်တာပါ။ ကျွန်တော်တို့ အစပိုင်းကတော့ ရုံးချိန်အတွင်းပဲ သတင်းတွေကို ထုတ်ပြန်ပေး သွားမှာပါ။ လုပ်ငန်းဆောင်ရွက်မယ့် အဖွဲ့ဝင်တွေကလည်း အစပိုင်းကတော့ လုပ်ငန်းကျွမ်းကျင်မှု သိပ်မ ရှိသေးတဲ့အတွက် အနည်းငယ်တော့ ကြန့်ကြာမှုလေးတွေ ရှိနိုင်ပါတယ်။ဘာလို့လဲဆိုတော့ ဒီထဲမှာပါတဲ အဖွဲ့ဝင်တွေ က ရဲမှူးတွေ ရဲတွေပါ။ သူတို့တွေက သူတို့တွေရဲ့ ဆောင်ရွက်စရာရှိတဲ့ လုပ်ငန်းတွေအပြင် ဒီသတင်းထုတ်ပြန်ရေး အဖွဲ့မှာပါ လုပ်ရတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါတွေက နောက်ပိုင်းကျ ရင်တော့ အဆင်ပြေလာမှာပါ။ အချိန်ကြာလာတာနဲ့အမျှ ကျွန်တော်တို့အနေနဲ့  ၂၄  နာရီ သတင်းထုတ်ပြန် နိုင်အောင် လုပ်ဆောင်သွားမှာပါ။ အဓိကကတော့ ရန်ကုန်တိုင်းဒေသကြီးမှာ ဖြစ်ပေါ်မယ့် မှုခင်းတွေကို မီဒီယာတွေကို အမြန်ဆုံးနဲ့ အမှန်ဆုံး ပေးနိုင်အောင်လို့ ရည်ရွယ်ပြီး ဒီအဖွဲ့လေးကို ဖွဲ့စည်းဖြစ်တာပါ” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ ရဲမှူးပြည့်စုံက ပြောကြားသည်။

သတင်းထုတ်ပြန်ရေး ရုံးခန်းဖွင့်လှစ်ခြင်း အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းနိုင်၊ EU သံရုံးမှ တာဝန်ရှိသူများ၊ ခရိုင်လေးခုမှ ဒုရဲမှူးကြီးများ၊ သက်ဆိုင်ရာ မြို့နယ်အသီးသီးမှ ရဲမှူး များနှင့် မီဒီယာများ တက်ရောက်ခဲ့ကြောင်း သိရသည်။            

Eleven Media Group


No comments:

Post a Comment

My Blog List