Thursday, June 18, 2015

‘‘အစိုးရဟာ မီဒီယာလွတ်လပ်ခွင့်အပေါ် ဖိနှိပ်ဖို့စတင်နေခဲ့တယ်ဆိုတာ ကျွန်မတို့ သတိပြုခဲ့မိတာ တစ်နှစ်ထက်မနည်းတော့ပါဘူး’’ ဒေါ်အောင်ဆန်းစုကြည်နှင့် ၀ါရှင်တန်ပို့စ်သတင်းစာ တွေ့ဆုံခြင်း


နိုဗယ်ငြိမ်းချမ်းရေးဆုရှင်၊ အတိုက်အခံပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဥက္ကဋ္ဌဒေါ် အောင်ဆန်းစု ကြည် လတ်တ လောတရုတ်ခရီးစဉ်အကြောင်း၊ နိုဝင်ဘာလတွင် ကျင်းပရန်ရှိ သော ရွေးကောက်ပွဲအ ကြောင်း နှင့်အခြားအရေးကိစ္စများနှင့်ပတ် သက်၍ ၀ါရှင်တန်ပို့စ်သတင်းစာ ကဖုန်းမှတစ်ဆင့် ပြုလုပ်ထား သည့် အင်တာဗျူးကို ဖော်ပြ လိုက်ပါသည်။

တရုတ်နိုင်ငံခရီးစဉ်ကနေ ဘာ တွေများ လေ့လာရရှိခဲ့ပါသလဲ။

တွေ့ဆုံဆွေးနွေးမှုကောင်း တစ်ခုဖြစ်ခဲ့ပါတယ်။ အိမ်နီးချင်း တွေဟာ ငြိမ်းငြိမ်းချမ်းချမ်း၊ သဟဇာတဖြစ်ဖြစ် နေ ထိုင်ရမယ်ဆိုတာ ကျွန်မတို့အားလုံးနားလည် ကြပါတယ်။

လျူရှောင်ဘို(နိုဗယ်ငြိမ်းချမ်းရေး ဆုရှင်တစ်ဦး)ကို အကျဉ်းချထားတာနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ သေးလား။

အစိုးရခေါင်းဆောင်တွေ ဒါမှမဟုတ် အဖွဲ့အစည်းခေါင်း ဆောင်တွေနဲ့ ကျွန်မရဲ့အပြန်အလှန်ပြောဆိုဆွေး နွေးတဲ့စကား တွေကို ကျွန်မဘယ်တော့မှ အ သေးစိတ်ပြန်မပြောပြ၊ မဆွေး နွေးဘူးဆိုတာကို ကျွန်မမှာ ရှင်းပြ နေရတယ်။ ဒါတွေဟာ သီးသန့် ဆွေးနွေးမှုတွေလို့ ယေဘုယျအား ဖြင့် သတ်မှတ်ထားပါတယ်။

အကျဉ်းချခံထားရစဉ် ကာလ အတွင်းကဆိုရင် တရုတ်က ခင်ဗျားကို ထောက်ခံအားပေးမှုမ ပေးခဲ့ဘူးလေ။ ပြီးတော့ ခင်ဗျား အကျဉ်းကျတဲ့အရေးကို နိုင်ငံခြား ခေါင်းဆောင်တွေက ထုတ်ဖော် ဆွေးနွေးခဲ့တဲ့အခါမှာ ခင်ဗျားက ကြိုဆိုခဲ့တယ်မဟုတ်လား။

နိုင်ငံ တစ်နိုင်ငံချင်းဆီမှာ လွတ်လပ်မှုနဲ့ဒီမိုကရေစီဆိုတာ အဲဒီနိုင်ငံရဲ့ ပြည်သူလူထုက လုပ်ဆောင်ကြမယ့် အရာဖြစ်ပါလိမ့် မယ်။ တရုတ်နိုင်ငံနဲ့ ကျွန်မတို့ရဲ့ ဆက်ဆံရေးနဲ့ပတ်သက်ပြီးပြောရရင် အဲဒါက အမှီအခို ကင်းလွတ် လပ်မှုအပေါ်မှာအမြဲအခြေခံထားတာပါ။ ပြီးတော့ ကျွန်မတို့သက်ဆိုင်ရာ ကိုယ့်နိုင်ငံအသီးသီး အ တွင်းမှာ လက်ခံကျင့်သုံးလိုတဲ့ နိုင်ငံရေးသဘောတရားဝါဒီတွေအ ပေါ် ကျွန်မတို့ သဘောထားမတူရင် တောင်မှ ဒီဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်တယ်လို့ ကျွန်မယုံကြည်ပါတယ်။

နိုင်ငံတစ်နိုင်ငံချင်းဆီမှာ လွတ်လပ်မှုနဲ့ ဒီမိုကရေစီဆိုတာ ဒီနိုင်ငံ ရဲ့ ပြည်သူလူထုက လုပ်ဆောင် ကြမယ့် အရာဖြစ်ပါလိမ့်မယ်’’ဆို တော့ အဲဒါက မြန်မာအပေါ်အမေ ရိကန်က ကျင့်သုံးသင့်တဲ့သဘော ထားဟုတ် ပါသလား။

လူအားလုံးဟာ သူတို့နိုင်ငံ အတွက် သူတို့လိုချင်တာကို လုပ် ဆောင်ကြတယ်လို့ ကျွန်မထင် တယ်။ ပြီး တော့ အမှန်ပဲပေါ့။ ဖြစ် နိုင်ရင်တော့ မိတ်ဆွေတွေအကူ အညီကို မျှော်လင့်ကြတာပေါ့။

ကောင်းပါပြီ။ မြန်မာနိုင်ငံအ ကြောင်းမေးပါရစေ။

ဟုတ်ကဲ့။ ကျေးဇူးပြုပြီးမေး ပါရှင်။ ကျွန်မနိုင်ငံအကြောင်းကို ပြောရတာကို ကျွန်မပိုနှစ်သက်ပါ တယ်။

ဆောင်းဦးရာသီမှာ ကျင်းပမယ့် ရွေးကောက်ပွဲတွေဟာ လူထုကို ကိုယ်စားပြုတဲ့အစိုးရတစ်ရပ်ကို ဖန်တီးဖို့ ဘယ်လောက်အလားအ လာရှိပါသလဲ။

အင်မတန်စိတ်လှုပ်ရှားစေ တဲ့ ကာလအပိုင်းအခြားတစ်ရပ် ကို ကျွန်မတို့ဝင်ရောက်လာပြီ။ ပထမဆုံးအနေ နဲ့ ဥပဒေပြုလွှတ် တော်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ မူကြမ်းပြင်ဆင်ချက် တွေကို ကျွန်မတို့ စဆွေးနွေးနေပါ ပြီ။ ဘယ်လောက်လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲတွေ ဖြစ်မလဲဆိုတာကတော့ တန်းတူ ညီမျှယှဉ်ပြိုင်နိုင်တဲ့အခြေအနေ ပေးဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥ ပဒေကို ပြင်ဆင်ထားသလားဆို တာနဲ့ ကွင်းဆက်ချိတ်ပါလိမ့် မယ်။

ရွေးကောက်ပွဲမတိုင်ခင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မယ့်အခွင့်အလမ်းတစ်ခုရှိနေတုန်းပေါ့။

အခွင့်အလမ်းတစ်ခုဆိုတာ အမြဲရှိပါတယ်။ ဒါပေမဲ့ အဲဒါကို ကျွန်မတို့သိပ်ပြီးအရေးစိုက်စာရင်းထဲ ထည့်မ နေဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်လိမ့် မယ်ဆိုတဲ့ ယူဆချက်တွေနဲ့ ရွေး ကောက်ပွဲတွေအတွက် ကျွန်မတို့ ယှဉ်ပြိုင်နေတာမဟုတ်ဘူး။ ဒါပေမဲ့ ဖြစ်နိုင်ခြေကိုလည်း လုံးဝဥဿုံ မပိတ်ထားပါဘူး။

အဲဒီလိုမဖြစ်ဘူးဆိုရင် လူထုရဲ့ ဆန္ဒကို ရွေးကောက်ခံလွှတ်တော် နဲ့ သမ္မတက ထင်ဟပ်နိုင်မှာလား။

ဒါပေါ့။ ရွေးကောက်ပွဲတွေက လွတ်လပ်ပြီးတရားမျှတရင် ဥပဒေပြုလွှတ်တော်က လူထုရဲ့ဆန္ဒကို ထင်ဟပ် မှာပါပဲ။ သမ္မတအနေနဲ့ပတ်သက်ပြီးပြောရရင် အဲဒါက ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်၊ မပြင်ဆိုတဲ့ အပေါ် မူတည်ပါလိမ့်မယ်။

ဒါပေမဲ့ ၂၅ရာခိုင်နှုန်းစိုးမိုးမှုက ကော(လွှတ်တော်ကိုယ်စားလှယ် ၏ လေးပုံတစ်ပုံကို တပ်မတော်က နေရာ ယူထားမှုကိုရည်ညွှန်း ခြင်း)

၂၅ရာခိုင်နှုန်း စိုမိုးမှုအ ကြောင်း ကျွန်မတို့သိပါတယ်။ ဒါ ပေမဲ့ စိုးမိုးမှုတွေဆိုတာ ရှင်သိပါ တယ်။ ထာဝရ ရေရှည်မခံပါဘူး။ သူတို့ တည်လည်းမတည်မြဲရဘူး။ ပြီးတော့ စိုးမိုးမှုတွေဆိုတာရေ ရှည်မတည်မြဲဘဲ ပျက်စီးဖို့ပါလို့ လူတွေပြောတတ်ကြတယ်မဟုတ်လား။

ရွေးကောက်ပွဲမတိုင်ခင် မပြောင်းလဲရင် အဲဒါကိုပြောင်းလဲဖို့ NLDကနိုင်ငံရေးအားသာမှုစွမ်းရည်ရှိပါ သလား။

ရွေးကောက်ခံမဟုတ်တဲ့ ကိုယ်စားလှယ်တွေဟာ ဒီမိုကရေ စီစနစ်မကျဘူး။ ဒါကို ပြောင်းလဲ ရမယ်ဆိုတာ NLDအနေနဲ့အင်မတန်မှကို ရှင်းရှင်းလင်းလင်းထုတ် ပြန်ပြီးသားပါ။ ဒါပေမဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ ရေးနဲ့ပတ် သက်လို့ ဒါကိုတစ်ဆင့်ပြီးတစ် ဆင့်စေ့စပ် ညှိနှိုင်းသွားရလိမ့်မယ်။ ရွေးကောက်ခံမဟုတ်တဲ့ ကိုယ်စားလှယ်တွေအားလုံးဥပဒေပြုလွှတ်တော်ကနေ ထွက်သွားရေးကို ကျွန်မတို့ ဇွတ်တရွတ်အတင်း အကျပ်တိုက်တွန်းသွားမှာမဟုတ်ဘူးဆိုတာကိုလည်း ကျွန်မတို့ပြောထားပြီးဖြစ်ပါတယ်။

ယေဘုယျအားဖြင့် နိုင်ငံရေးပြု ပြင်ပြောင်းလဲမှုအခြေအနေကို ဘယ်လိုမြင်ပါသလဲ။

ကျွန်မတို့မျှော်လင့်ထားခဲ့ တာက ဒီမိုကရေစီကျင့်သုံးမှုလုပ် ငန်းစဉ်တကယ့်အစစ်အမှန်ဖြစ် တယ်ဆိုတာက သေချာစေဖို့အစိုးရဟာ စစ်မှန်တဲ့ စေ့စပ်ညှိနှိုင်းမှု တွေလုပ်လာမယ်လို့ပါ။ ဒါပေမဲ့ အစိုးရဟာ စေ့စပ်ညှိနှိုင်း မှုမှာ တ ကယ်သိပ်ပြီးစိတ်မ၀င်စားဘူးဆိုတာ ပိုပြီးပိုပြီး ထင်ရှားပေါ်လွင် လာပါပြီ။ ဒါပေမဲ့တစ်ဖက်မှာ လည်း တောက်လျှောက်ချောချော မွေ့မွေ့ဖြစ်ဖို့ ကျွန်မတို့မျှော်လင့် မထားခဲ့ပါဘူး။

အစိုးရက လုပ်ငန်းစဉ်ကို လက်ရှိ ရောက်ရာမှာပဲ ရပ်တန့်တာ၊ ဒါမှ မဟုတ် ကမ္ဘောဒီးယားမှာလို အစိုး ရနဲ့ ဗိုလ်ချုပ်ကြီးဟောင်းတွေက စီးပွားရေးနဲ့နိုင်ငံရေးအာဏာများကို ထိန်းချုပ်နေဆဲအနေအထားနဲ့ ဒီမိုကရေစီ အရေခြုံပေးတာမျိုးနဲ့ နေရာယူသွားနိုင်သလား။

ပြုပြင်ပြောင်းလဲမှုတွေက လုံးဝဥဿုံထင်ယောင်ထင်မှားမှု တစ်ခုအဖြစ် လှည့်ပြောင်းသွားမှာကို ကျွန်မတို့ တကယ်စိတ်ပူတယ်။ ပြီးတော့ ဒီမိုကရေစီစနစ် ကျင့်သုံးတဲ့လုပ်ငန်းစဉ်ဟာ သူဖြစ်ရမယ့်အတိုင်းဖြစ် အောင်ပိုလက် ဆုပ်လက်ကိုင်ပြနိုင်တဲ့ ခိုင်မာတဲ့ ခြေလှမ်းတွေလိုအပ်တယ်လို့ ကျွန်မတို့ထင်တယ်။ ဒါပေမဲ့ ကျွန်မတို့ဟာ ကမ္ဘောဒီးယားနဲ့ အင်မတန်မှ ကွာခြားပါတယ်။ ကမ္ဘောဒီးယား ရဲ့ ပြဿနာတွေထက် ကျွန်မ တို့ ပြဿနာတွေက ဖြေရှင်းဖို့အများ ကြီးပိုခက်ခဲတယ်လို့ ကျွန်မထင် တယ်။ နိုင်ငံအရွယ်အစား၊ လူဦး ရေပမာဏ၊ အချိန်ကာလရှည် လျားစွာဖြစ်ပွားနေတဲ့ ပြည်တွင်း စစ်ပွဲတွေ၊ တိုက်ပွဲတွေ။

ဘာကြောင့် ဗုဒ္ဓဘာသာအမျိုး သားရေးဝါဒီမြင့်တက်တာပါလဲ။

အမျိုးသားရေးဝါဒီနဲ့ အစွန်း ရောက်ဝါဒီကြားက ကွဲပြားခြားနားမှုတစ်ရပ်ကို ကျွန်မတို့ရှင်း ရှင်းလင်းလင်းပေါ် လွင်အောင် လုပ်ရမယ်လို့ထင်တယ်။ ပြီးတော့ ကျွန်မတို့ စိတ်ပူတာကအစွန်း ရောက်ဝါဒီပဲ။ အမျိုးသားရေး ၀ါဒီ ဆိုတာ သူ့ကို မှန်ကန်တဲ့နည်း လမ်းမှာ ထိန်းကွပ်ပြီးအသုံးပြုတဲ့ အခါ မကောင်းတဲ့အရာတစ်ခုမဟုတ်ပါ ဘူး။ ပြဿနာက အစွန်း ရောက်ဝါဒီပါ။

အဲဒါက မြန်မာနိုင်ငံပြဿနာတစ် ရပ်လား။

တစ်ကမ္ဘာလုံးမှာ အစွန်း ရောက်ဝါဒီက မြန်မာနိုင်ငံမှာမှ မ ဟုတ်ဘူး ဘယ်လူ့အဖွဲ့အစည်း မှာမဆို အစွန်း ရောက်ဝါဒီက ပြ ဿနာတစ်ရပ်ဖြစ်ပါလိမ့်မယ်။

နိုင်ငံမှာ အဲဒီအစွန်းရောက်ဝါဒီ ရဲ့ ရင်းမြစ်က ဘာလဲ။ အခု အဲဒါကိုဘာကြောင့် ခင်ဗျားမြင်တွေ့နေရ တာလဲ။

အဲဒါကို ကျွန်မလည်း သိချင် လှပါတယ်။ ဒါပေမဲ့ ဒါပေါ့ ရခိုင် ပြည်နယ်အကြောင်း ရှင်ပြောနေ တာဆိုရင် တော့ ဒီပြဿနာတွေ က ဆယ်စုနှစ်များစွာ တည်ရှိခဲ့တာပါ။ ကာလကြာရှည် ရေဆူမှတ် အောက်မှာ တအုံနွေးနွေးဖြစ်နေခဲ့ တယ်။ အစိုးရကလည်း အခြေအ နေတင်းမာမှုကို ဖြေလျှော့ဖို့၊ ပဋိ ပက္ခရဲ့ ရင်းမြစ် ကို ဖယ်ရှားဖို့ လုံ လုံလောက်လောက် မဆောင်ရွက် ခဲ့ဘူး။

ရိုဟင်ဂျာက နိုင်ငံသားဖြစ်ခွင့်ရသင့်တယ်လို့ထင်ပါသလား။

အခုအစိုးရဟာ ၁၉၈၂ နိုင်ငံ သားဖြစ်မှုဥပဒေအောက်မှာ နိုင်ငံ သားဖြစ်မှုအခြေအနေကို စိစစ်နေ ပါတယ်။ အဲဒါကို အင်မတန် မြန် မြန်ဆန်ဆန်နဲ့ အင်မတန်ပွင့်လင်း မြင်သာမှုရှိရှိ သူတို့လုပ်သင့်တယ်လို့ ကျွန်မထင် တယ်။ အဲဒီနောက် မှာမှ လုပ်ငန်းစဉ်ရဲ့ နောက်အဆင့်တွေက ဘာဖြစ်သင့်တယ်ဆိုတာ ဆုံးဖြတ်ရမယ်။

ရိုဟင်ဂျာရဲ့ အတိဒုက္ခနဲ့ တခြားလူ နည်းစုတွေအကြောင်း ခင်ဗျား ဒီ့ ထက်ပိုပြောကြားနေသင့်တယ်လို့ ပြောကြတဲ့ နိုင်ငံပြင်ပက မိတ်ဆွေကို ဘာပြောချင်ပါသလဲ။

ကျွန်မတို့ ဒီနိုင်ငံမှာ လူနည်းစုတွေ အများကြီးရှိပါတယ်။ ပြီးတော့ လူနည်းစုတွေရဲ့ အခွင့်အ ရေး၊ ငြိမ်းချမ်း ရေးနဲ့ သဟဇာတ အတွက် နောက်ပြီး တန်းတူညီမျှ ခွင့်အတွက် အစရှိသဖြင့် NLD နဲ့ တခြားသူတွေ ဆယ်စုနှစ်သုံးခုကြာ တိုက်ပွဲဝင်နေခဲ့ကြတဲ့ ဒီမို ကရေစီစံနှုန်းတန်ဖိုးတွေအားလုံးကို ကျွန်မအမြဲတမ်း ပြောနေပါ တယ်။ ဒီနှစ်တွေမှာ ကြီးမားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျွန်မတို့ တွေ့ကြုံခံစားကြရ တယ်။ ပြီးတော့ တခြားသူတွေ၊ ကျွန်မတို့ရဲ့ တိုင်းရင်းသားလူနည်းစုတွေ အများကြီးဟာ သူတို့ရဲ့ အခွင့် အရေးတွေကို အကာအ ကွယ်ပေးမခံရတာကြောင့် တိုက် ပွဲဝင်ခဲ့ကြပါတယ်။

လူနည်းစုတွေရဲ့ အခွင့်အ ရေးကို ကာကွယ်ခြင်းဟာ အင် မတန်မှကို အလွန်သတိထားပြီး ဖြစ်နိုင်သမျှ မြန်မြန်ဆန်ဆန်နဲ့ ထိထိရောက်ရောက် ဖော်ထုတ် သင့်တဲ့ အရေးကိစ္စတစ်ရပ်ပါ။ နောက်ပြီး အစိုးရက အဲဒါနဲ့ ပတ်သက်ပြီး လုံလုံလောက်လောက် ဆောင်ရွက်နေရဲ့လားလို့ ကျွန်မ မသေချာလှပါဘူး။ ကောင်း ပြီ၊ တကယ်တော့ အဲဒါနဲ့ ပတ်သက် ပြီး သူတို့ လုံလုံလောက်လောက် လုပ်နေတယ်လို့ ကျွန်မမထင်ဘူး။

‘‘အင်မတန်မှကို အလွန်သတိထားပြီး’’ဆိုတာ ဘာကိုဆိုလိုတာ ပါလဲ။

အဲဒါက ထိလွယ်ရှလွယ်တဲ့ အရေးကိစ္စတစ်ခုဖြစ်ပြီး ဘာသာ ရေးဆိုင်ရာ အုပ်စုတွေ အများကြီး ရှိတယ်။ အုပ်စုတစ်ခုကို ကျွန်မတို့ ဘာလုပ်လုပ် တခြားအုပ်စုတွေအပေါ်ကိုလည်း အကျိုးဆက် သက်ရောက်မှုတစ်ခု ရှိနိုင်တယ်လို့ ဆိုလိုတာပါ။ အဲဒါကြောင့် ဒါ က အလွန့်အလွန်ကို ခက်ခဲနက်နဲ ရှုပ်ထွေးတဲ့အခြေအနေ တစ်ခု ဖြစ်ပါတယ်။ တစ်ညတည်းနဲ့ ဖြေရှင်း နိုင်တဲ့ အရာတစ်ခုမဟုတ်ပါဘူး။

အစွန်းရောက်အဖွဲ့တွေက NLD ကို နိုင်ငံရေးစွန့်စားမှုအခက်အခဲ တစ်ရပ်ဖြစ်စေသလား။ အဲဒါက အဲဒီလို အစွန်းရောက်သဘော ထားအမြင်မျိုး လှုံ့ဆော်ဆွပေး နေတဲ့ အကြောင်းပြချက်တစ်ချက် ဖြစ်နိုင်ပါသလား။

ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ NLD ဟာ ဘယ်လို အစွန်းရောက်ဝါဒီမျိုးကိုမှ ဘယ် တုန်းကမှ မထောက်ခံမအားပေး ခဲ့ဘူး။ ဆိုတော့ အစွန်းရောက်အုပ် စုတွေဟာ NLD ရဲ့ မိတ်ဆွေတွေ အဖြစ် သူတို့ကိုယ်သူတို့ စဉ်းစား ကြမြင်ကြမှာ မဟုတ်ဘူး။ နောက် ပြီး ဘာသာရေးဆိုင်ရာလှုပ်ရှားမှု တွေလို့ ခေါ်ကြတဲ့ လှုပ်ရှားမှုတွေ မြင့်တက်မှုရဲ့ နောက်ကွယ်မှာ နိုင်ငံရေးအရင်းခံအကြောင်းတစ် ရပ်ရှိတယ်ဆို တာ အင်မတန်ဖြစ် နိုင်ခြေရှိပါတယ်။

မဲဆန္ဒရှင်စာရင်းပြဿနာက ဘယ်လောက်ထိ အကျိုးဆက်သက် ရောက်မှုရှိနိုင်သလဲ။

ရန်ကုန်တိုင်းဒေသကြီးက မြို့နယ် ၁၀ မြို့နယ်နဲ့ တချို့မြို့ နယ်တွေမှာ အမှားအယွင်းတွေက ၈၀ ရာခိုင် နှုန်းအထိ ရှိနေခဲ့တာ ကျွန်မတို့ လေ့လာပြီးပြီ။ အဲဒါသိပ်ဆိုးပါတယ်။ တချို့မြို့နယ်တွေမှာ တော့ ၃၀ ရာခိုင်နှုန်းလောက်ပဲ ရှိ တယ်။ ရွေးကောက်ပွဲအတွက် ဒီ စာရင်းတွေအားလုံးကို အချိန်မီ ကျွန်မတို့ ဘယ်လိုသွားပြင်ကြမ လဲ။

ဥပမာအနေနဲ့ ရန်ကုန်မှာ တောင် အဲဒီလောက်ဆိုးရင်၊ နယ် စပ်ဒေသတွေမှာဆိုရင် ဘယ်လို ဖြစ်မလဲ။ ရွေးကောက်ပွဲကော်မ ရှင်ဥက္ကဋ္ဌကတော့ ဒီအမှားအယွင်းတွေအားလုံးကို ပြင်ရေးနဲ့ ပတ် သက်ပြီး အင်မတန်အလေးအ နက်ထားပါတယ်။ ဒါပေမဲ့ အချိန် မီ ဒီအမှားအယွင်းတွေကို ပြင်နိုင် ဖို့ လုံလောက်တဲ့ အချိန်နဲ့ နည်း ပညာပိုင်းကျွမ်းကျင်မှု သူတို့မှာ ရှိရဲ့လားလို့ ကျွန်မသိချင်မိတယ်။အစောပိုင်းကာလ လစ်ဘရယ် စနစ်ကျင့်သုံးပြီး နောက်ပိုင်းမှာ အခြေခံလွတ်လပ်မှုတွေ လျှော့ချ တာရှိပါသလား။

အစိုးရဟာ မီဒီယာလွတ် လပ်ခွင့်အပေါ် ဖိနှိပ်ဖို့ စတင်နေခဲ့ တယ်ဆိုတာ ကျွန်မတို့ သတိပြု ခဲ့မိတာ တစ်နှစ်ထက်မနည်းတော့ ပါဘူး။ ရှင်လည်း ကြားမှာပဲ။ ဂျာ နယ်လစ်တချို့ကို ဘယ်လိုဖမ်း ဆီးပြီး ထောင်ဒဏ်နှစ်ရှည်ချခဲ့သ လဲဆိုတာ။ အဲဒီနောက်မှာတော့ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ် ဟာ ရပ်ရုံတင်မ ကဘဲ နောက် ကြောင်းတောင် ပြန်သွားတယ်လို့ ကျွန်မတို့ ခံစားခဲ့ရတယ်။

ပြုပြင်ပြောင်းလဲမှုက နောက် ကြောင်းပြန်သွားနေဆဲပဲလား။

ဖွဲ့စည်းပုံအခြေခံဥပဒေကိစ္စ ကလွဲရင် ရွေးကောက်ပွဲမတိုင်ခင် မှာ တခြားဘာတစ်ခုမှ ဖြစ်မယ်လို့ ကျွန်မ မထင်ဘူး။ ပြီးတော့ ကျွန်မအမြင်မှာ အစိုးရဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို လုံးဝဥဿုံဆန့် ကျင်တယ်။ အဲဒါ ကတင် နောက်ကြောင်းပြန်လှည့် တာပဲလို့ ရှင်မထင်ဘူးလား။

အသက် (၇၀) အရွယ်ရောက်လာ တော့ ဘယ်လိုခံစားရပါသလဲ။

သိပ်တော့လည်း ထူးထူးခြား ခြားမခံစားရပါဘူး။ ဒါပေမဲ့ ဒီထိကျွန်မ လျှောက်လှမ်းခဲ့တယ်ဆိုတာက စိတ်ဝင် စားဖို့ ကောင်းပါ တယ်။

(Washington Post မှ Aung San Suu Kyi on the state of demo-cracy in Burma ကို ငြိမ်းငြိမ်းပြည့် ဘာသာပြန်ဆိုသည်။)

7Day Daily


No comments:

Post a Comment

My Blog List