Tuesday, June 16, 2015

ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကား မှောင်ခိုလက်မှတ်ဈေးနှုန်း ပုံမှန်ထက် လေးဆကျော် မြင့်တက်


ပရိသတ် အားပေးမှု များပြားလျက်ရှိပြီး ပြသသည့် ပွဲစဉ်တိုင်း ရုံပြည့်ရုံလျှံ အောင်ပွဲခံလျက်ရှိသော ကျွန်မက နှင်းဆီ ပါမောင် ဇာတ်ကားကို ရုံဝင်လက်မှတ် ဝယ်ယူရန် အခက်အခဲကြောင့် မှောင်ခိုဈေးကွက်တွင် ဈေးကြီးပေးကာ ဝယ်ယူ ကြည့်ရှုရမှုများ ရှိနေပြီး ပုံမှန်ရုံဝင်လက်မှတ် အနိမ့်ဆုံးဈေးနှုန်း ဖြစ်သည့် ၈၀၀ ကျပ်တန်းကို ၃၅၀၀ အထိ ရောင်းချ လျက်ရှိကြောင်း မှောင်ခိုလက်မှတ်များ ရောင်းချနေသူများထံမှ သိရှိရသည်။ 
“လက်မှတ်ကတော့ ရှစ်ရာတန်းကို ၃၅၀၀ လောက် ရောင်းတယ်။ ဈေးဆစ်တာနဲ့ ဘာနဲ့ဆိုရင် ၃၀၀၀ လောက်တော့ ထားပေးတယ်။ ကျန်တဲ့ လက်မှတ်ဈေးနှုန်းတွေကတော့ ရုံလူလာတဲ့ အခြေအနေပေါ် မူတည်ပြီး ဈေးတင်ရောင်းရတယ်။ ရုံမှာ ကိုယ်တိုင်ဝယ်ရင်တော့ ပလတ်စတစ်ခုံတွေနဲ့ပဲ ထိုင်ရမှာ။ လက်မှတ်တွေက အကုန်ကြိုရောင်းထားတာ ဆိုတော့ လေ” ဟု သမ္မတရုပ်ရှင်ရုံ ရှေ့တွင် မှောင်ခိုလက်မှတ် ရောင်းချနေသူ အမျိုးသမီးတစ်ဦးက ပြောကြားသည်။ 

ဒါရိုက်တာဝိုင်း ရိုက်ကူးပြီး သရုပ်ဆောင် နေတိုး၊ ဖွေးဖွေး၊ ဟဲဗီးဖြိုးနှင့် ယွန်းယွန်းတို့ ပါဝင်သည့် ကျွန်မက နှင်းဆီပါ မောင် ရုပ်ရှင်ဇာတ်ကားကို နေပြည်တော်ရှိ Junction ရုပ်ရှင်ရုံတွင် လေးပတ်နှင့် အောင်သပြေရုပ်ရှင်ရုံတွင် သုံးပတ် ပြသခဲ့ပြီး ဝင်ငွေများစွာ ရရှိခဲ့ကြောင်း၊ ရုံတင်ဝင်ငွေ ပမာဏကိုမူ ထုတ်ဖော်ပြောကြား၍ မရကြောင်း၊ ရန်ကုန်မြို့တော်ရှိ အဆင့်မြင့်ရုပ်ရှင်ရုံများတွင် ယင်းဇာတ်ကားကို လေးပတ်ကြာ ပြသရန် စီစဉ်ထားကြောင်း ရုပ်ရှင်ပြသရေး တာဝန်ခံ ဦးဌေးအောင်က ဆိုသည်။ 

“ဒီရုပ်ရှင်ကားက ပရိသတ် စိတ်ဝင်စားမှု မြင့်တက်နေတော့ လက်မှတ်တွေကို ကြိုပြီးဝယ်ယူကြတဲ့ အတွက် လက်မှတ် အခက်အခဲလေးတွေ ကြုံရတာပါ။ ကြိုတင်လက်မှတ်ကို ရုံတွေက တစ်ပတ်စာ ကြိုရောင်းကြတယ်လေ။ လက်မှတ်လာ ဝယ်တဲ့ သူတွေကလည်း လူစုံဆိုတော့ ဘယ်သူက မှောင်ခိုသမားလဲဆိုတာ လက်မှတ်ရောင်းတဲ့သူတွေက မသိနိုင်ပါဘူး။ ရုံတွေကတော့ မှောင်ခိုသမားတွေကို တိုက်ရိုက်မဖြန့်ကြပါဘူး” ဟု မှောင်ခိုလက်မှတ် ဈေးကွက်ကို ထိန်းချုပ်ရန် ခက်ခဲ သည့် အကြောင်းရင်းကို ၎င်းက ထပ်လောင်းပြောကြားသည်။

မှောင်ခိုလက်မှတ်ဈေးနှုန်းများ မြင့်တက်မှုနှင့် ပတ်သက်ပြီး ဖြေရှင်းဆောင် ရွက်မှု အခြေအနေကို သမ္မတရုပ်ရှင်ရုံသို့ ဆက်သွယ်မေးမြန်းရာ ရုပ်ရှင် လက်မှတ်များကို နံနက် ၉ နာရီမှ ည ၉ နာရီအထိ တစ်ပတ်စာ ကြိုတင် ရောင်းချထား ကြောင်း သမ္မတရုပ်ရှင်ရုံမှ တာဝန်ရှိသူတစ်ဦး ဖြစ်သည့် ဦးစောလွင်က ပြောကြားသည်။ 

“နှင်းဆီပါ မောင်က နာမည်ပေါက်ပေမယ့် ရုံမှာ လူဝင်ပါ့မလားလို့ ကြောက် တော့ ကြောက်တာပါပဲ။ အဲ့ဒီချိန် အဲ့ဒီ အရွယ်တုန်းက ဒီဇာတ်ကားမှာ ဖွေးအကောင်းဆုံး ဖြစ်အောင် ကြိုးစားခဲ့တယ်။ ကိုယ့်ဘက်က လိပ်ပြာလုံတယ် ဆိုပေ မယ့် ရင်တော့ခုန်တာပါပဲ။ စာမေးပွဲတစ်ခု ဖြေထားသလို ရင်ခုန်ခုန်နဲ့ စောင့်နေရတာပေါ့” ဟု ယင်းဇာတ်ကားအပေါ် ခံစားမှုကို သရုပ်ဆောင်ဖွေးဖွေးက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List