Friday, June 19, 2015

ဒုတိယအကြိမ် ခြောက်ပွင့်ဆိုင် မသေချာဟု သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြောကြား


အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် မြန်မာ့နိုင်ငံရေးလားရာအတွက် ပထမအကြိမ် တွေ့ဆုံထားပြီး ဖြစ်သော ခြောက်ပွင့်ဆိုင် တွေ့ဆုံရေးကို ထပ်မံတွေ့ ဆုံရန် ယခုအခါ တိတိကျကျ မပြောနိုင်တော့ကြောင်း နိုင်ငံ တော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဖြေကြားသည်။ ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ် တော်သို့ ရောက်ရှိခဲ့သော ဦးရဲထွဋ်ကို The Voice က မေးမြန်းရာတွင် ၎င်းက ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ခြောက်ပွင့်ဆိုင်ကိစ္စ မသိသေးဘူး။ ကျွန်တော်စီစဉ်တာ မဟုတ်ဘူး။ သူတို့ လူကြီးချင်းတွေ့ပြီး ညှိနှိုင်းပြီးမှ ကျွန်တော်က ဖိတ်ကြားရေး လုပ်ရတာ” ဟု ၎င်းကဆိုသည်။

ဒုတိယအကြိမ် ခြောက်ပွင့်ဆိုင် တွေ့ဆုံရေးအတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ပခရီး သွား ရောက်စဉ်က ယင်းပုဂ္ဂိုလ် ပြန်ရောက်လျှင် တွေ့ဆုံရေး ညှိနှိုင်းစီစဉ်မည်ဟု လည်းကောင်း၊ ဒေါ်အောင် ဆန်းစုကြည် ပြည်ပခရီးသွားစဉ်က ပြန်ရောက်လျှင် ညှိနှိုင်းစီစဉ်မည်ဟု လည်းကောင်း ဦးရဲထွဋ်က The Voice သို့ နှစ်ကြိမ် ဖြေကြားထားခဲ့သည်။

“ကျွန်တော်လည်း သတင်းအသေးစိတ် မသိသေးလို့ ကျွန်တော်တို့တစ်ခု ရှိတယ်။ ကျွန်တော်တို့လာမယ့် နိုင်ငံတကာ ကွန်ဖရင့်ကစပြီ။ ၂၁ မှာ စရောက်မယ်။ ၂၂၊ ၂၃ မှာ ကျွန်တော်တို့ လာအိုတို့၊ မြန်မာတို့၊ ဗီယက်နမ်တို့၊ ထိုင်းတို့ပါတဲ့ အစည်းအဝေး ရှိတယ်လေ။ ဘယ်လိုညှိကြမလဲ ကျွန်တော်တို့ မသိသေးဘူး” ဟု ဦးရဲထွဋ်က ထပ်လောင်းပြောကြားသည်။

ပထမအကြိမ် ခြောက်ပွင့်ဆိုင် တွေ့ဆုံရေးကို ဧပြီလ ၁၀ ရက်နေ့တွင် နိုင်ငံတော်သမ္မတ အိမ်တော်ရှိ ငုရွှေဝါခန်းမ၌ စတင်ပြုလုပ်ခဲ့ပြီး မေလ အတွင်း ထပ်မံတွေ့ဆုံမည်ဟု သဘောတူညီချက် ထွက်ခဲ့သော် လည်း ယနေ့တိုင် ထပ်မံတွေ့ဆုံခြင်း မရှိသေးပေ။

ယင်းသို့ တွေ့ဆုံရေး မဖြစ်မြောက်မှုနှင့် ပတ်သက်၍ ခြောက်ပွင့်ဆိုင် တွေ့ဆုံရေးတွင် ပါဝင်နေသော ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာ အေးမောင်နှင့် လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ပြောကြား လျက် ရှိသည်။

ခြောက်ပွင့်ဆိုင်တွေ့ဆုံရန် ရေရာမှု မရှိတော့သည့် အခြေအနေနှင့် ပတ်သက် ၍ ဒေါက်တာအေးမောင်ထံ ဆက်သွယ်မေးမြန်းရာ “အခြေခံဥပဒေကို ပြင်ဖို့တောင် ဥပဒေကြမ်း တင်ထားပြီဆိုတော့ သမ္မတဘက်က တွေ့ဖို အားပျော့သွားပြီလို့ ထင်ပါတယ်” ဟု မှတ်ချက်ပေး ပြောကြားသည်။

The Voice Weekly


No comments:

Post a Comment

My Blog List