Friday, June 19, 2015

ရေကူးတင်ဒါကိစ္စ ဖွဲ့စည်းပုံအခြေခံဥပဒေသာမက သာမန်လူ့ကျင့်ဝတ်ဖောက် ဖျက်မိပါက နှုတ်ထွက်ပေးမည်ဟု ဦးရဲထွဋ်ပြောပြီ


ရေကူးအသံလွှင့်ရုံဟောင်း တင်ဒါကိစ္စနှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်အား ဖောက် ဖျက်သည်ဟု ယူဆပါက အချိန်မရွေးစွဲချက်တင်နိုင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ် က ပြည်ထောင်စုလွှတ်တော်၌ ပြောကြားလိုက်သည်။

ပြန်ကြားရေးဝန်ကြီးဌာနပိုင် ယခင်ရေကူးအသံလွှင့်ရုံဝင်း မြေနေရာဧက(၉၀)အား ပုဂ္ဂလိကသို့ အပြီးအပိုင် လွှဲပြောင်းပေးရေးကိစ္စ၌ ပြည်ထောင်စုအစိုးရမှ ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်အား လိုက်နာခြင်း မရှိကြောင်း ဇွန်လ(၁၈)ရက်နေ့က ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၏ ဝေဖန်ပြောဆိုမှုကို ၎င်းက ပြန်လည်တုန့်ပြန်လိုက်ခြင်းဖြစ်သည်။

“ကျွန်တော့်အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်ကို ဖောက်ဖျက်တယ်လို့ ထင်လို့ရှိရင် အချိန် မရွေး စွဲချက်တင်ပါ။ အချိန်မရွေးလာရောက်ပြီးတော့ ရင်ဆိုင်ဖို့အသင့်ရှိပါတယ်။ ကျွန်တော်ဟာ အင်မတန် မြင့်မားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ မဆိုထားနဲ့ သာမန်လူတစ်ယောက် လိုက်နာရမယ့် ကျင့်ဝတ်တစ်ခုကို ဖောက်ဖျက်မိ တယ် ဆိုရင်တောင် ဘယ်သူမှပြောစရာမလိုဘဲနဲ့ နှုတ်ထွက်သွားမှာပါ။”ဟု ဦးရဲထွဋ်က ပြောသည်။

အဆိုပါ ရေကူးအသံလွှင့်ရုံမြေနေရာအား ပုဂ္ဂလိကသို့ လွှဲပြောင်းရန် တင်ဒါခေါ်ယူမည့် ကိစ္စအားဆိုင်းငံ့ထား ရန် တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက အရေးကြီးအဆို တင်သွင်းခဲ့ပြီး ပြည်ထောင်စုလွှတ်တော်က မေလ(၂၇)ရက်နေ့တွင် ဆိုင်းငံ့ရန် အတည်ပြုဆုံးဖြတ်ထား သော်လည်း နိုင်ငံသားများ၏ အကျိုးစီးပွားနစ်နာမှုမရှိစေရန် ဆက်လက်စီမံဆောင်ရွက်မည်ဟု ပြည်ထောင် စုအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်က ဇွန်လ(၄)ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်သို့ စာပို့အကြောင်း ကြားခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ စာဖြင့်အကြောင်းကြားခဲ့ခြင်းအပေါ် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအား ဇွန်လ(၁၈) ရက် နေ့တွင် ပြည်ထောင်စုလွှတ်တော်သို့ ခေါ်ယူရှင်းလင်းစေခဲ့ပြီး ပြည်ထောင်စုဝန်ကြီး၏ ရှင်းလင်း ချက်အပေါ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များက ပြန်လည်၍ ထောက်ပြဆွေးနွေးမှုများပြုလုပ် ခဲ့ခြင်းဖြစ်သည်။

“ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက (၄)ရက်နေ့က ပြန်လည်ပေးပို့လာတဲ့စာအရဆိုရင် ပြည်ထောင်စုလွှတ် တော်ရဲ့ အဆုံးအဖြတ်ကို မျက်ကွယ်ပြုဆန့်ကျင်ပြီးတော့ ရေးကူး အသံလွှင်ရုံစီမံကိန်းအား နိုင်ငံတော် အတွက် နစ်နာမှု မရှိစေရန် စီမံဆောင်ရွက်မည်ဖြစ်ကြောင်း ပြန်ကြားပါသည်လို့ ပေးပို့လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီလိုသာ ပြည်ထောင်စုလွှတ်တော်ရဲ့ အဆုံးအဖြတ်ကို လေးစားမှုမရှိရင် လွှတ်တော်ရဲ့ အခန်း ကဏ္ဍ ဘယ်ရောက် သွားမ လဲ။ နောက်အနာဂတ် လွှတ်တော်ရဲ့ အခန်းကဏ္ဍ ဆက်လက်ရှင်သန်အောင် ဘယ်လိုဆောင်ရွက်ကြမလဲ။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်များမှာ တာဝန်ရှိပါတယ်”ဟုရွှေပြည် သာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ဦးတင်မောင်ဦးကပြောသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၂၈(က)နှင့် (ခ)တွင် ပြည်ထောင်စုအစိုးရအဖွဲ့သည် ပြည်ထောင်စုလွှတ် တော်မှ အခါအားလျော်စွာ ချမှတ်သည့် အုပ်ချုပ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို အကောင်ထည်ဖော် ဆောင်ရွက် ရမည်။ မိမိ၏ အရေးယူမှုများကို ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်အစီရင်ခံရမည်။ နိုင်ငံတော်၏ အခြေနေ အရပ်ရပ်နှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်သို့ အခါအားလျှော်စွာတင်ပြရ မည်ဟု ပြဌာန်းထားကြောင်း လွှတ် တော်ကိုယ်စားလှယ်များက ထောက်ပြဆွေးနွေးကြသည်။

ယင်းသို့ ဆွေးနွေးချက်များနှင့် စပ်လျှဉ်း၍ ပြည်ထောင်စုဝန်ကြီးက ယခုဆောင်ရွက်နေခြင်းသည် ပြည် ထောင်စု အစိုးရ၏ စီမံဆောင်ရွက်ခွင့်လုပ်ပိုင်ခွင့်အရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း တုန့်ပြန်ပြောကြား ခဲ့သည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၃ မှာ နိုင်ငံတော်သမ္မတဟာ ပြည်ထောင်စုလွှတ်တော်ကိုအခြေခံရမယ်လို့ အ တိအလင်းပြဌာန်းပါရှိပြီး ဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်အနေနဲ့ မည်သို့ပင်ဆုံးဖြတ်ပါစေ ပြည် ထောင်စု အစိုးရအဖွဲ့အနေနဲ့ ကြိုက်တာကိုယ် ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။ လိုက်နာချင်မှ လိုက်နာမယ်။ မလိုက် နာချင်ရင် မလိုက်နာဘူး။ စီမံကိန်းကို ရပ်ဆိုင်းပါဆိုလည်း မရပ်ဆိုင်းဘူး ဆက်လုပ်မယ်လို့ လုပ်ပိုင်ခွင့်မရှိပါ ဘူး။ ဒါဟာဖွဲ့ စည်းပုံအခြေခံဥပဒေကို ကျော်လွန်ပြီးဆောင်ရွက်နေခြင်းဖြစ်ပါတယ်။”ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်နိုင်ဌေးက ပြောသည်။

လက်ရှိတွင် ရေကူးအသံလွှင့်ရုံဟောင်း မြေဧက(၉၀)အား ပုဂ္ဂလိကသို့ အပြီးအပိုင်လွှဲပြောင်းရန် တင်ဒါခေါ် ယူသည့် အခြေအနေမှာ ကုမ္ပဏီ(၆)ခုမှ တင်ဒါဖောင်ဝယ်ယူထားသော်လည်း ယနေ့အချိန်အထိ တင်ဒါ လျောက် ထားခြင်းမရှိသေးကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။

ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် အဆိုပါမြေနေရာအား ပုဂ္ဂလိကသို့ လွှဲပြောင်းရာတွင် တင်ဒါအောင်မြင် သည့် ကုမ္ပဏီအနေဖြင့်မီဒီယာလုပ်ငန်းနှင့်ပတ်သက်သည့်လုပ်ငန်းများသာဆောင်ရွက်ရမည်ဖြစ်ပြီးတစ် ဆင့် လွှဲပြောင်း ရောင်းချခွင့်မရှိကြောင်းကိုလည်း ၎င်း၏ ပြောကြားချက်အရသိရသည်။

Shwe Myitmakha Media Group


No comments:

Post a Comment

My Blog List