Tuesday, June 16, 2015

“ ၀” အရေး သွေးအေး မနေသင့်ပြီ


ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းတုံနဲ့ ပုံပါကျင်ကြားမှာရှိတဲ့ နမ့်ဆိုင် သစ်တောကြိုးဝိုင်းအတွင်း သစ်ခိုးခုတ်နေ တဲ့ အဖွဲ့ကို တရားဥပဒေနှင့်အညီ သစ်တောဦးစီးဌာနက ဖမ်းဆီးခဲ့ပါတယ်။ အဲဒီလို ဖမ်းဆီးမှုကို “၀” က မကျေမနပ်နဲ့ အင်အားပြ ခြိမ်းခြောက်မှုတွေ လုပ်ခဲ့တာကြောင့် အစိုးရတပ်က ပူးပေါင်းအဖွဲ့ဝန်ထမ်းတွေကို ကာကွယ်ပေးမှု တွေ ပြုလုပ်ခဲ့ရပါတယ်။ ဒါကို တချို့သတင်းမီဒီယာတွေနဲ့ Personal Account တွေမှာ အစိုးရတပ်နဲ့ “၀” အကြား စစ်ရေးတင်းမာနေတယ်ဆိုပြီး ပြည်သူတွေ အထိတ်တလန့်ဖြစ်အောင် လှုံ့ဆော် ရေးသားမှုတွေ ပြုလုပ် လာတာကို တွေ့ရပါတယ်။

ဒါ့ကြောင့် အဲဒီဖြစ်စဉ်အမှန်ကို ဒေသခံပြည်သူတွေ သိဖို့နဲ့ အလွန်အမင်း စိုးရိမ်ထိတ်လန့်မှုတွေ မဖြစ်စေဖို့ အရေးကြီးပါ တယ်။ အဲဒီဖြစ်စဉ်ဟာ “၀”အဖွဲ့ရဲ့ သွေးတိုးစမ်းလာမှု၊ တရားဥပဒေအပေါ် မထီမဲ့မြင် မလေး မစားမှုတွေကြောင့် အစိုးရ တပ်က ၀င်ပါခဲ့ရတာဖြစ်ပါတယ်။ နမ့်ဆိုင် သစ်တောကြိုးဝိုင်းထဲမှာ သစ်ခိုးထုတ် နေတဲ့ သတင်းအရ သစ်တောဦးစီးဌာနက ဖမ်းဆီးဖို့သွားခဲ့တာ ဖြစ်ပါတယ်။ နယ်မြေဒေသလုံခြုံရေးအရ သစ်တော ၀န်ထမ်းတွေချည်း သွားလို့ မရပါဘူး။ ဒ့ါကြောင့် နယ်မြေခံတပ်ကို အကူအညီတောင်းရတာပါ။ နယ်မြေခံတပ်က လုံခြုံရေးလိုက်လုပ်ပေးလို့ မြို့နယ်ထွေအုပ်နဲ့ သစ်တော ၀န်ထမ်းတွေက သစ်ခိုးထုတ်နေ တာကို သွားဖမ်းကြတာ ဖြစ်ပါတယ်။

ကြိုတင်ရထားတဲ့သတင်းက မှန်ပါတယ်။ နမ့်ဆိုင် ကြိုးဝိုင်းသစ်တောအတွင်းမှာ သစ်ခိုးထုတ်နေတဲ့ တရုတ် ၅ ဦး၊ “၀” တစ်ဦးနဲ့ ဗမာ/ပလောင် အလုပ်သမား ၁၀ ဦး၊ စုစုပေါင်း(၁၆)ဦးကို သစ်တန်(၂၀၀)နဲ့အတူ ဖမ်းဆီးရမိ ခဲ့ပါတယ်။ အဲဒီ ဖမ်းဆီးရမိသစ်တွေကို သစ်တောဦးစီးဌာနက မိုင်းတုံသို့ ပြန်လည်သယ်ဆောင် စဉ် “၀”တပ်ဖွဲ့က ဟန့်တားနှောင့်ယှက်မှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

“ အဲဒီ ပြဿနာက ဇွန်လ အစောပိုင်းမှာ ဖြစ်ခဲ့တာပါ၊ ဖမ်းဆီးရမိတဲ့ သစ်တွေကို သွားသယ်တော့ “၀” အဖွဲ့က အင်အား ပြပြီး ဟန့်တားတဲ့သဘောပါ။ အစိုးရတပ်က သစ်ဖမ်းတာကို ၀င်ပါလို့ သူတို့ “၀” အဖွဲ့က လာတာဆို ပြီး ပြောတယ်၊ ရှင်းရှင်းပြောရရင် “၀”က သွေးတိုးစမ်းတဲ့ သဘောပါ၊ သစ်ဖမ်းတာ အစိုးရတပ်နဲ့ မဆိုင်ဘူးလို့ ပြောချင်တာ၊ ဒါကတော့ ဘယ်ရမလဲ၊ ကျွန်တော်တို့ သစ်တောဝန်ထမ်းတွေချည်းပဲ သွားဖမ်း လို့မှ မရတာ၊ “၀” က သူတို့ကိုယ်တိုင် သစ်ခိုးခုတ် နေတာကို လာဖမ်းတဲ့ ကျွန်တော်တို့ကို တစ်ခုခု လုပ် လိုက်ရင် ဘယ်လို လုပ်မလဲ၊ အစိုးရတပ်ပါမှ သွားလို့ရမှာ၊ ပြီးတော့ အစိုးရတပ်က သစ်ဖမ်းတာပဲဖြစ်ဖြစ်၊ မူးယစ်ဆေးဝါး ဖမ်းတာပဲဖြစ်ဖြစ် လိုအပ်ရင် ဘယ်နေရာမဆို သွားလာလို့ရတယ် ဆိုတာ “၀” အဖွဲ့သိ ထားဖို့ လိုပါတယ် ” ဟု သစ်တောဝန်ထမ်းတစ်ဦးက ပြောပါတယ်။

“၀” အဖွဲ့အနေဖြင့် အစိုးရတပ်အပေါ် သွေးတိုးစမ်း အပုတ်ချလိုတဲ့သဘောနဲ့ နားကောင်းမူနဲ့ မိုင်းကျွတ် လမ်းမှာ သွားလာ မရအောင် အစိုးရတပ်ဘက်က သစ်တုံးကြီးတွေချပြီး ပိတ်ထားတယ်၊ ဒေသခံတွေကို သွားလာခွင့် မပြုဘူး၊ မုံးကျွတ်-နားပါကော်- ၀မ်ဟုန်လမ်းကြောင်းမှာ အရပ်သားတွေ သွားလာမှုကို အစိုးရတပ်က တားဆီး ထားတယ်။ ဒါ့ကြောင့် သူတို့ “၀ ” အဖွဲ့က ဒေသခံတွေ သွားလာလို့ ရအောင် လာရှင်းပေးတာပါဆိုပြီး မီဒီယာတွေမှာ ပြောကြားထားတာတွေကို တွေ့ရပါတယ်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးတစ်ဦးအား မေးမြန်းကြည့်ရာ “ မုံးကျွတ်- နားပါကော်-၀မ်ဟုန်လမ်းကြောင်းမှာ အရပ်သားတွေ ၀င်ထွက်သွားလာမှုကို တားဆီးတာတွေ လုပ်တယ်ဆိုတာ မဟုတ်ပါဘူး၊ ဒေသခံတွေကို လွတ်လွတ်လပ်လပ်နဲ့ အေးအေးချမ်းချမ်း သွားလာခွင့်ပြု ထားပါတယ်။ ပြီးတော့ သစ်ခိုးထုတ်တဲ့ လူတွေကိုလည်း တပ်က ဖမ်းဆီးတာမဟုတ်ပါဘူး၊ သစ်တောက ဥပဒေနဲ့အညီ ဖမ်းတာကို လုံခြုံရေး ဆောင်ရွက်ပေးတာပဲ ရှိပါတယ်။ ခုဆိုရင် ဖမ်းဆီးရမိ တရားခံတွေကို သစ်တောဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်ပြီးပါပြီ ” ဟု ဖြေကြားခဲ့ ပါတယ်။

“ လက်ရှိ ဖြစ်စဉ်အရ “၀” က သတိထားစရာ ဖြစ်လာပါပြီ၊ သူနဲ့ မဆိုင်တဲ့ အလုပ်တွေကို ၀င်ရှုပ်လာပြီ။ သစ်တောက ဥပဒေနဲ့အညီ ဖမ်းဆီးရမိတဲ့ သစ်တွေပြန်သယ်တာကို လမ်းကြောင်း ပိတ်တာတွေ လုပ်လာ တယ်၊ လုံခြုံရေး လိုက်ပေးတဲ့ အစိုးရတပ်တွေကို မကျေနပ်တဲ့ပုံစံနဲ့ ရန်စောင်မှုတွေ ရှိလာတယ်၊ ဖမ်းမိတဲ့ တရားခံကို ဥပဒေအရ အပြစ်ပေးမယ်၊ ဖမ်းမိတဲ့ သစ်တွေကို သိမ်းမယ်၊ ဒါကို သူတို့က သစ်တွေ ပြန်ပြီး မရောင်းလို့ဆိုပြီး သစ်သယ်တာကို လာတားတယ်၊ လမ်းတွေ ကိုတောင် ပိတ်ထားသေးတယ်၊ အစိုးရတပ် က “၀” တာဝန်ရှိသူ တွေကို ခေါ်ပြောလို့ ဆုတ်ပေးသွားတာမို့လား၊ ဒေသခံ တွေအတွက် စိုးရိမ်စရာ မရှိ ဘူးဆိုပေမယ့် နောင် ဖြစ်လာ မယ့် ကိစ္စတွေအတွက် သတိထားဖို့ လိုမယ်၊ “၀” ကို ဒီအတိုင်း လွှတ်ပေးထား လို့ မရ တော့ဘူး၊ ရှင်းရှင်း ပြောရရင် “၀” အရေး သွေးအေးမနေသင့်တော့ဘူး၊ နောင်ဆိုရင် ပိုပြီး လူပါး ၀လာမှာ၊ နောင်ကြဉ်အောင်တော့ လုပ်ရမယ် ” ဟု “၀”အရေး လေ့လာသုံးသပ်သူသတင်းထောက်တစ်ဦး ကလည်း ပြောကြားသွားပါတယ်။

ဇော်လင်းအောင်
အင်းလေးမီဒီယာ


No comments:

Post a Comment

My Blog List