Friday, June 19, 2015

ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် သတင်းထုတ်ပြန်ရေးအဖွဲ့ ရန်ကုန်၌ စတင်ဖွဲ့စည်း





ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များသာ ပါဝင်သည့် သတင်းထုတ်ပြန်ရေးအဖွဲ့ (Media Team)ကို ဇွန်လ ၁၈ ရက်နေ့တွင် ဖွဲ့စည်းလိုက်ကြောင်း သိရှိရသည်။

ရဲတပ်ဖွဲ့လုပ်ငန်းစဉ်များနှင့် မှုခင်းဖြစ်ရပ်သတင်းမှန်များအား ပြည်သူလူထု အချိန်နှင့်တစ်ပြေးညီ သိရှိစေရန် အတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့အား ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန် တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းနိုင်က ဆိုသည်။

“ဒီအဖွဲ့ ဖွဲ့စည်းလိုက်တဲ့အတွက် သတင်းမီဒီယာတွေ ပြည်သူတွေနဲ့ ပြည်သူ့ရဲတွေအကြား ပိုမိုခင်မင်ရင်းနှီး လာမယ်။ အပြုသဘောဆောင်လာမယ်။ ယုံကြည်မှုရှိစွာ သံသယကင်းကင်းနဲ့ သတင်းမှန်ကို ရရှိလာမယ်။” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်နိုင်က ပြောသည်။ 

အဆိုပါ အဖွဲ့တွင်ပါဝင်သည့် အဖွဲ့ဝင်များအနေဖြင့် မီဒီယာလုပ်ငန်းအားကျွမ်းကျင်မှုမရှိသေးသည့်အတွက် သတင်းမီဒီယာသမားများအနေဖြင့် နားလည်ပေးရန် လိုအပ်ပြီး ရုံးချိန်အတွင်း လွတ်လပ်စွာ လာရောက် သတင်းမေးမြန်း ရယူနိုင်ကြောင်း၊ ၎င်းတို့အဖွဲ့ကို တိုင်းလွှတ်တော်ရုံးအတွင်းရှိ ရဲတပ်ဖွဲ့ရုံးအတွင်း၌ ဖွင့်လှစ် မည်ဖြစ်ကြောင်း သိရသည်။

၎င်းသတင်းထုတ်ပြန်ရေးအဖွဲ့အား ဥရောပသမဂ္ဂမှ နည်းပညာများ ပံ့ပိုးပေးထားပြီး ပြည်သူ့ဗဟိုပြု ရဲလုပ် ငန်းစဉ်များ ပိုမိုကောင်းမွန်စွာ ဆောင်ရွက်သွားနိုင်ရန်အတွက် ရည်ရွယ်ထားကြောင်း သိရသည်။

“မြန်မာနိုင်ငံသူနိုင်ငံသားတွေကို ဒီမိုကရေစီစံချိန်စီညွန်းတန်ဖိုးတွေကို အကာအကွယ်ပေးမယ့် သတင်း ထုတ်ပြန်ရေးအဖွဲ့ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ကနေ ဖွဲ့တယ်ဆိုပြီး ရဲတပ်ဖွဲ့က ၀ါဒဖြန့်တဲ့ယန္တရား မဟုတ်ပါဘူး။ ပြည်သူတွေသတင်းမှန်သိဖို့အတွက် လုပ်တာဖြစ်တယ်။”ဟု EU သံရုံးမှ ပထမအတွင်းဝန် Mr Andreas Magnusson က ပြောသည်။

အဆိုပါ သတင်းထုတ်ပြန်ရေးအဖွဲ့များအား ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဖွဲ့စည်းသွားမည်ဖြစ်ပြီး ဥရောပသမဂ္ဂမှလည်း အဖွဲ့တိုင်းသို့ နည်းပညာများ ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ် ကြောင်း၊ မီဒီယာများနှင့် အကျွမ်းတ၀င်ရှိစေရန်အတွက် အဖွဲ့ဝင် ရဲတပ်ဖွဲ့ဝင်တိုင်းသို့ သတင်းပညာဆိုင်ရာ သင်တန်းများလည်း ဖွင့်လှစ်ပေးသွားရန် အစီအစဉ်ရှိကြောင်း 
သိရသည်။

Shwe Myitmakha Media Group 


No comments:

Post a Comment

My Blog List